ရွေးကောက်ပွဲဆိုင်ရာသတင်း

ပူတာအိုခရိုင်တွင် တပ်မတော်သားသီးသန့် မဲရုံ ၁ ရုံအပါ တပ်မဲရုံ ၄ ရုံသာရှိ

ပူတာအိုခရိုင်တွင် လက်ရှိအချိန်ထိ တပ်မတော်သားများအတွက် မဲရုံ ၄ရုံသာရှိပြီး ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလတွင် ပြန်လည်ထုတ်ပြန်မည်ဟု ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ) မှ သိရသည်။

အဆိုပါ မဲရုံ ၄ ရုံမှာ ပူတာအိုမြို့နယ်တွင် ၃ရုံ နှင့် မချမ်းဘောမြို့နယ်တွင် ၁ရုံ ဖြစ်သည်။ သို့သော်လည်း မဲရုံတစ်ရုံသာ တပ်မတော်သားသီးသန့်ထည့်ရမည်ဖြစ်ပြီး ကျန်မဲရုံမှာ ပြည်သူများနှင့်အတူ ထည့်ရမည်ဖြစ်သည်။

ဆွမ်ပရာဘွမ်တွင် တပ်မဲရုံမရှိသော်လည်း ပြီးခဲ့သည့် သြဂုတ်လကစပြီး တပ်မတော်သား ၄၀၀ ခန့် ရောက်ရှိနေမှုနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ခမ်းက ယခုလိုပြောသည်။

“ဆွမ်ပရာဘွမ်မြို့နယ်မှာ တပ်သားတွေရောက်လာတဲ့ပုံစံက အပြင်ကလူတွေပြောတာတော့ ၂မျိုးရှိတယ်။ ပထမအချက်ကတော့ ရွေးကောက်ပွဲလုံခြုံရေးတွက်ဆိုပြီး တပ်သားတွေရောက်လာတယ်။ ဒုတိယအချက်ကတော့ ဒီတပ်သားတွေကတော့ ဒီနှစ်ရွေးကောက်ပွဲမှာ မဲထည့်ဖို့ဆိုပြီးပြောတယ်။ ဒါက အဓိကတော့ မြစ်ကြီးနား ၃၇ တပ်ရင်းနဲ့မိုးညှင်းက တပ်ရင်းတွေဖြစ်ပါတယ်။ ဆိုတော့ ဒီဟာတွေက မြို့နယ်လူဦးရေနဲ့တပ်သားလူဦးရေ အချိုးကျမယ်ဆိုရင် ၅ ပုံ တစ်ပုံလောက်ရှိတယ်။ အဲဒီမှာလည်း တစ်ဆက်တည်းဘဲ ဒီမှာရွှေ့ပြောင်းလုပ်သားတွေကလည်း ရာနဲ့ချီရှိတယ်။ အဲတော့ ဒီနှစ်ခုပေါင်းလိုက်ရင် မြို့နယ်မဲထည့်လို့ရမယ့် လူဦးရေစာရင်းရဲ့တစ်ဝက်နီးပါးလောက်ရှိလာမယ့် ပုံစံမျိုးတွေ့မြင်နေရတယ်။” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ခမ်းက ပြောသည်။

အဆိုပါအသစ်ရောက်ရှိလာသော တပ်မတော်သားများသည် ဆွမ်ပရာဘွမ်မြို့နယ် ဂင်ဒူယာန်ကျောင်း၊ ဖုန်ကျန်ယန်ကျောင်း၊ ကြက်ပေါင်ခြံထဲတို့တွင် စခန်းချနေထိုင်ထားရှိကြပြီး ခန့်မှန်းခြေဦးရေ ၄၀၀ ကျော်ရှိကြောင်း ၎င်းကဆက်ပြောသည်။

ဆွမ်ပရာဘွမ်တွင် တပ်မတော်သားများရောက်ရှိနေသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး ပူတာအိုခရိုင် ရွေးကောက်ကော်မရှင်ရုံး(ခွဲ)မှ အရာရှိ ဒေါ်အိအိဖြိုးက ဆိုသည်။

“အဲဒီမှာ တပ်မရှိဘူး တပ်ရင်းမရှိဘူး။ အခြေစိုက်တပ်ရင်းရှိတာက ပူူတာအိုမြို့နယ်နဲ့မချမ်းဘောမှာဘဲ ရှိတယ်။ ပူတာအိုက သူ့တပ်ရင်းရှိတယ် ဆွမ်ပရာဘွမ်ဘက်သွားပြီး တာဝန်ထမ်းဆောင်တာ အဲလိုဘဲ ဆွမ်ပရာဘွမ်မှာ တနိုင်းကလူ၊ မြစ်ကြီးနားတပ်ကတို့ အဲဒါမျိုးတွေက ရှေ့တန်းတာဝန်ထမ်းဆောင်ရင် ဆွမ်ပရာဘွမ်မှာရောက်မယ်။ မချမ်းဘောမှာရောက်မယ် ၂၀၁၅တုန်းကလည်း အဲတပ်တွေက ပူတာအိုမှာဆို ပူတာအိုကဘဲမဲပေးရတာ ကြိုတင်မဲပေးရတာ။ ဒါပေမယ့် ဒီနှစ်ကတော့ တပ်ကလူတွေလည်း ရောက်ရှိရာအရပ်ဒေသမှာ ရက် ၉၀ ထက်မနည်းနေတယ်ဆိုရင် ကျမတို့က ပုံစံ ၃(က)နဲ့လျှောက်ခွင့်ပေးထားတဲ့အတွက် ဆွမ်ပရာဘွမ်မှာတပ်ရှိတယ်လို့ ဖြစ်သွားတာ။” ဟု ဆိုသည်။

လက်ရှိနောက်ဆုံးရထားသည့်စာရင်းအရ ပူတာအိုခရိုင်တစ်ခုလုံးတွင် တပ်မတော်သားမဲဆန္ဒရှင်စာရင်းမှာ ပူတာအိုမြို့နယ်တွင် ၁၃၉၃ ဦးနှင့် မချမ်းဘောမြို့နယ်တွင် ၃၀၂ ဦးရှိသည်။ ပူတာအိုခရိုင်တွင် ပူတာအိုမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ မချမ်းဘောမြို့နယ်၊ နောင်မွန်းမြို့နယ် နှင့် ဆွမ်ပရာဘွမ်မြို့နယ် တို့ပါဝင်သည်။

ပုံစံ ၃(က) နောက်ဆုံး လျှောက်ထားရမည့်ရက်သည် အောက်တိုဘာလ ၁၀ရက်နေ့ဖြစ်ပြီး တပ်မတော်သားမဲဆန္ဒရှင်များအနေဖြင့်လည်း ရွေးကောက်ပွဲကျင်းပမည့်ရက်တွင် တာဝန်ထမ်းဆောင်ရမည်ဆိုပါက မိမိနေထိုင်ရာနေရာတွင် ၂ရက်ကြိုကာ ကြိုတင်မဲပေးနိုင်ကြောင်း ပူတာအိုရွေးကောက်ကော်မရှင်ရုံး(ခွဲ)မှ အရာရှိ ဒေါ်အိအိဖြိုးက ဆိုသည်။

ပူတာအိုခရိုင်တွင် လွန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲထည့်ခွင့်ရှိသည့် လူဦးရေ ၅၅၃၆၂ ရှိခဲ့သည်။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲထည့်လို့ရမည့် မဲဆန္ဒရှင်စုစုပေါင်း ၆၀၂၇၅ ရှိကြောင်း ခရိုင်စာရင်းများအရ သိရသည်။

ပူတာအိုခရိုင်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှာ ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ၊ ကချင်အမျိုးသားကွန်ကရက်ပါတီ KNC ၊ ညီညွှတ်သောကွန်ကရက်ပါတီ ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UPB) စုစုပေါင်း ပါတီ ၈ ခုရှိသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့လွှတ်တော် ၂၈ဦး၊ အမျိုးသားလွှတ်တော် ၆ဦး၊ ပြည်နယ် အမှတ် (၁) တွင် ၂၇ ဦး၊ ပြည်နယ် အမှတ် (၂) တွင် ၃၀ ဦး ရှိပြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ၇ဦး၊ ရှမ်းတိုင်းရင်းသားရေးရာ ၈ဦး၊ လီဆူ ၈ဦး၊ ရဝမ် ၆ဦး စုစုပေါင်း၂၉ ဦးရှိကြောင်း အရာရှိ ဒေါ်အိအိဖြိုးက ပြောသည်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲရုံပေါင်း ၈၉၀ ရုံရှိကာ၊ ပူတာအိုခရိုင်တွင် မဲရုံ ၁၃၉ ရုံရှိသည်။ ထိုအနက် ပူတာအိုမြို့နယ် ၄၈ ရုံ၊ မချမ်းဘောမြို့နယ် ၁၇ရုံ၊ နောင်မွန်းမြို့နယ် မဲရုံ ၂၅ရုံ၊ ခေါင်လန်ဖူး ၃၆ရုံ နှင့် ဆွမ်ပရာဘွမ် ၁၂ ရုံရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲဆန္ဒရှင်ဦးရေ ၁၁ သိန်းနီးပါးရှိနေပြီး ၂၀၁၅ တွင် ၈သိန်းကျော်ရှိခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ သိရသည်။

Show More

Related Articles

Back to top button