Covid-19 Reportingသတင်း

ဖားကန့်မြို့ကို Stay at Home သတ်မှတ်ပေးရန် တောင်းဆို

ဖားကန့်မြို့အား Stay at Home သတ်မှတ်ပေးရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနသို့ တောင်းဆိုထားကြောင်း ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးထံမှ သိရသည်။

ကချင်ပြည်နယ်အစိုးရ၏ စက်တင်ဘာလ ၂၂ ရက်နေ့ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်ပြည်သူများအနေဖြင့် မလိုအပ်ဘဲအပြင်မထွက်ရန်နှင့် အိမ်ထဲတွင်သာနေထိုင်ရန် ညွန်ကြားထားသော်လည်း စားဝတ်နေရေးကြောင့် ဖားကန့်တွင် ရေမဆေးကျောက်ရှာမှုများနှင့် အခြားလုပ်ငန်းလုပ်ကိုင်မှုများ ရှိနေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

“ဒီဖားကန့်ကို Stay at Home လုပ်ပေးဖို့တောင်းဆိုရတဲ့အကြောင်းရင်းကတော့ အုပ်ချုပ်ရေးအပိုင်းမှာ တော်တော်လေးခက်ခဲဖြစ်တယ်။ ခုကျနော်တို့ကဒ်တွေထုတ်ပေးထားတယ်၊ အဲကဒ်က ဘာလုပ်ဖို့လဲဆိုရင် အစားအစာဝယ်ဖို့နဲ့ ကျန်းမာရေးအတွက်ဘဲဖြစ်တယ်။ အမှန်ဆိုလို့ရှိရင် ကိုယ့်ရဲ့နယ်မြေအပိုင်းအခြားကလွဲပြီး တစ်ခြားကို ထွက်ခွင့်မရှိပါဘူး။ Stay at Home ဆိုတာက အိမ်မှာဘဲနေပြီးတော့ လုပ်ရမယ်ဆိုပေမယ့် ခုကဘာလဲဆိုတော့ လူတွေကစားဝတ်နေရေး မပြေလည်တာရောအကြောင်းအမျိုးမျိုးပြပြီးတော့မှ ရေမဆေးသွားရှာတဲ့သူတွေလည်းရှိနေတယ်။ ကျောက်ပွဲသွားတိုက်တဲသူလည်းရှိတယ်။ ဒီလိုမျိုးဆက်ဆံမူတွေရှိနေတဲ့ချိန်ကျတော့ သက်ဆိုင်ရာ ဂိတ်မှာစောင့်နေပေးကြတဲ့ စေတနာ့ဝန်ထမ်းတွေက တိတိကျကျဆောင်ရွက်ဖို့ ခက်ခဲနေတဲ့အပိုင်းရှိတယ်။ အဲကြောင့်မို့ တောင်းဆိုလိုက်တာဖြစ်တယ်။” ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင့်စိုးက ပြောဆိုခဲ့သည်။

တောင်းဆိုမူတွင် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ဖားကန့်မြို့ရပ်မိရပ်ဖများ၏ သဘောထားများလည်း ပါဝင်ကာ စက်တင်ဘာလ ၃၀ ရက်နေ့တွင် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

မလိုအပ်ဘဲအပြင်မထွက်ရန်နှင့် အိမ်ထဲ၌သာနေထိုင်ရန် ပြည်နယ်အစိုးရက ညွှန်ကြားထားသော်လည်း ယင်းညွှန်ကြားချက်သည် ထိထိရောက်ရောက်အရေးယူရန် ခက်ခဲနေသည့်အပြင် စားဝတ်နေရေးခက်ခဲသော ပြည်သူအချို့က ဝေဖန်မှုများ ရှိနေသည်။

“လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက တစ်အိမ်ကို ကဒ်တစ်ကဒ်ထုတ်ပေးထားကြတယ်။ အဲကဒ်ထုတ်ပေးတဲ့ချိန်မှာတော့ အုပ်ချုပ်ရေးဘက်ကသေချာပြောပြီး ထုတ်ပေးကြတယ်။ အနည်းဆုံး ၂ပတ်လောက်တော့ အိမ်မှာဘဲနေပေးကြပါ၊ အပြင်မထွက်ပေးဖို့ ပြောကြပါတယ်။ သက်ဆိုင်ရာတွေကလည်း ကျန်းမာရေးအရမို့ ခုလိုလုပ်တာနားလည်ပါတယ်။ ဒါပေမယ့် တစ်ချို့ဆို ရမ်းခက်ခဲကြတယ်။ စားစရာဆန်တောင်မရှိကြတော့တဲ့သူတွေလည်းရှိတော့ ကြာလာရင် ဒီရောဂါနဲ့မသေဘဲ ငတ်ဘေးနဲ့သေနိုင်တယ်။” ဟု ဖားကန့်ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ခင်စန်းတင့်က ပြောသည်။

ကချင်ပြည်နယ်တွင် အောက်တိုဘာလ ၄ ရက်နေ့ထိ ပိုးတွေ့လူနာစုစုပေါင်း ၄၉ ဦးရှိပြီး ကုသမှု ခံယူနေဆဲ စုစုပေါင်း ၂၃ ဦးရှိနေသည်ဟု ပြည်နယ် ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်မှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာများအနက် ဖားကန့်မြို့နယ်မှ ၃၅ ဦးပါဝင်နေသည့်အတွက် ကချင်ပြည်နယ်တွင် ပိုးတွေ့လူနာအများဆုံးသည် ဖားကန့်မြို့နယ်မှဖြစ်သည်။

Show More

Related Articles

Back to top button