ရွေးကောက်ပွဲဆိုင်ရာသတင်းသတင်းဆောင်းပါး

ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများ ဘာကြောင့် မျှော်မှန်းသလောက် အနိုင်မရခဲ့တာလဲ။

အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက် ကချင်ပြည်နယ်တွင် ယခင် ၂၀၁၅ အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အနိုင်ရခဲ့ပြီး ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများက ရှုံးနိမ့်ခဲ့ရသည်။

ရေးရာဝန်ကြီးအပါ ကချင်ပြည်နယ်မှာ မဲဆန္ဒနယ် ၇၀ ရှိရာ၊ NLD က လွှတ်တော် သုံးရပ်တွင် ၄၇ နေရာ ၊ USDP ပါတီက ၁၀ နေရာ၊ KSPP က ၄ နေရာ၊ NDP(K) က ၂ နေရာနှင့် SNLD ၊ ဒူးလေးပါတီ နှင့် တသီးပုဂ္ဂလ တစ်နေရာစီအနိုင်ရရှိခဲ့သည်။ တိုင်းရင်းသားရေးရာဝန်ကြီး ၃ နေရာတွင် NLD က အနိုင်ရပြီး လီဆူရေးရာဝန်ကြီးနေရာကို ဒူးလေးပါတီ ဥက္ကဌ က အနိုင်ရခဲ့သည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP က ကချင်အများစုနေထိုင်သောနေရာများတွင် အနိုင်ရမည်ဟု မျှော်လင့်ထားသော်လည်း ဖြစ်မလာခဲ့ပါ။ အလားတူ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP နှင့် ဒီမိုကရေစီပါသစ် (ကချင်) ကလည်း ၎င်းတို့မျှော်လင့်ထားသည့်အတိုင်းအောင်မြင်မှု မရကြောင်း ဆိုသည်။

ဆွမ်ပရာဘွမ်မြို့နယ်တွင် KSSP ပါတီက အပြတ်သတ် အနိုင်ရရှိရန် မျှော်လင့်ထားခြင်းဖြစ်သည်။ သို့သော်လည်း ပြည်သူ့လွှတ်တော်နှင့် ပြည်နယ် လွှတ်တော် အမှတ် (၂ ) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က အနိုင်ရကာ KSPP က ပြည်နယ်အမှတ် (၁) တွင်သာ အနိုင်ရသည်။

ရွေ့ပြောင်းများမဲထည့်ခွင့် ပုံစံ ၃-က အရ တပ်မဲ ၄၀၀ ကျော်နှင့် ရွေ့ပြောင်းလမ်းလုပ်သားအင်အားသည် မူရင်းဌာနေတိုင်းရင်းသား လူဦးရေမျှ ရှိလာသောကြောင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဆွမ်ပရာဘွမ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ KSPP ပါတီမှ ဦးကွမ်ကရောင်အောင်ခမ်းက ပြောသည်။

“ကျနော်တို့ KSPP အနေနဲ့ ဆွမ်ပရာဘွမ်မှာ မဲအများဆုံးအနိုင်ရရှိဖို့ မျှော်မှန်းခဲ့ကြတယ်။ ဒါပေမယ့် မျှော်မှန်းသလောက် မရရှိခဲ့ဘူးပေါ့။ အနည်းငယ်လောက်ဘဲရရှိခဲ့တယ်။ ဒါပေမယ့် ဒေသခံပြည်သူတွေက မဲပေးတဲ့အခါမှာ တာဝန်ကျေပါတယ်။ အနိုင် မရရှိခဲ့တာ အဓိက အချက်တော့ တိုင်းရင်းသားဒေသမှာ ပြည်မကလူတွေ လူဦးရေအများ မတရားဝင်ရောက် နေထိုင်တာရယ်၊ နောက်ပြီး ရွှေ့ပြောင်းလုပ်သားကိစ္စတွေရှိနေတယ်။ ကျနော့်အတွေ့အကြုံအရဆိုရင်တော့ စစ်တပ်ရဲ့ကြိုတင်မဲကြောင့်လို့ဘဲ ပြောချင်ပါတယ်” ဟု ဦးကွမ်ကရောင်အောင်ခမ်းက ပြောသည်။

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စစ်တပ် မဲကိုအလွန်စိုးရိမ်ကြောင်း ဦးကွမ်ကရောင်အောင်ခမ်းက သတင်းမီဒီယာများကို မကြာ ခဏဖြေကြားခဲ့သည်။ သူစိုးရိမ်ခဲ့သည့်အတိုင်း ပြည်ထောင်စုကြံ့ခိုင်နှင့်ဖွံ့ဖြိုးရေးပါတီ USDP ပါတီက KSPP ကို ၉၄ မဲဖြင့် အနိုင်ရရှိခဲ့ ခြင်းဖြစ်သည်။

ထို့ကြောင့် ဦးကွမ်ကရောင်အောင်ခမ်း အပါအဝင် KSPP က မဲဆန္ဒနယ် ၃ နေရာအတွက် ရွေးကောက်ပွဲဆိုင်ရာ ပုံစံ ၁၉ အတွက် လက်မှတ်မထိုးပေးခဲ့ကြောင်းပါတီ တာဝန်ရှိသူများဆိုသည်။

ရွေးကောက်ပွဲမတိုင်မှီ ၃လအလို ဩဂုတ်လဆန်းပိုင်းတွင် ဆွမ်ပရာဘွမ့်မြို့နယ်အတွင်းသို့ တပ်တော်စစ်သားအင်အား ၄၀၀ကျော် ရောက်ရှိလာခဲ့သည်။

“ကျနော်တို့ ဆွမ်ပရာဘွမ်ဒေသမှာ ဒေသခံတွေက အားလုံး ၉၀ ရာခိုင်နှုန်းက ကချင်ပေါင်းစည်းရေးပါတီ KSPP ကို မဲထည့်ခဲ့ကြတာ ဖြစ်တယ်။ သို့ပေမယ့် ဒီမှာက ဘာဖြစ်သလဲဆိုတော့ စစ်တပ်က စစ်အင်အားတိုးထည့်ထားပြီး တပ်မဲနဲ့အနိုင်ရရှိခဲ့တာဖြစ်တယ်။ တကယ်လို့ မဲရလဒ်တွေကို ကြည့်ပြီး တပ်မဲကိုဖြုတ်လိုက်မယ်ဆိုရင် ဘယ်ပါတီကို မဲထည့်တယ်ဆိုတာကို သိသာနေတာပဲ။ ပြောချင်တာက ရွေးကောက်ပွဲတရားမျှတမှုရှိမရှိဆိုတာ သိသာနေတာဘဲ” ဟု ဆွမ်ပရာဘွမ်ဒေသခံဖြစ်သော ဦဆမ်နော်က ပြောဆိုသည်။

ထိုနည်းတူ KNC ပါတီအနေနှင့်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရွှေ့ပြောင်း အလုပ်သမား ပုံစံ ၃ (က) ကြောင့် အနိုင်မရရှိခဲ့ခြင်းဖြစ်သည်ဟု ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးအင်ဂျိုင်းနော်ဂျာက ယခုလို ပြောဆိုသည်။

“ကျနော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့မဲဆန္ဒနယ်အနေနဲ့ ပြောရမယ်ဆိုရင်က နည်းဥပဒေ ၁၀၊ ပုံစံ ၃(က)ဖြည့်စွက်ပြီး ရက် ၉၀နေထိုင်ပြီး မဲထည့်ခွင့်ပေးထားတဲ့ကိစ္စဘဲ။ အဲ့ဒီပုံစံ ၃(က)ကိုဖြည့်ပြီး မဲလာထည့်တဲ့သူတွေက များနေတယ်။ သူက မူရင်းဒေသခံ မဲဆန္ဒရှင်တွေ ထက် ပိုပြီးများနေတာတွေ့ရတာပေါ့။ နည်းဥပဒေ ၃(က)ရဲ့အကျိုးဆက်တွေကို တိုင်းရင်းသားပါတီတွေက ခံစားနေရပြီ။ ဒီနည်းဥပဒေကို ပြင်ဆင်ဖို့လည်း ကျနော်တို့ KNC ပါတီအနေနဲ့ အကြိမ်ကြိမ်ကြိုးစားခဲ့တာ သတင်းမီဒီတွေက အသိဆုံးဖြစ်တယ်။ အဲ့ဒီကန့်ကွက်ခဲ့တဲ့အချိန်မှာ အားလုံးဝိုင်းဝန်းပြီး ကန့်ကွက်ခဲ့မယ်ဆိုရင် ပြည်နယ်လူမျိုးစုတွေရဲ့မဲဆုံးရှုံးမှု လျော့နည်းသွားမယ် လို့ထင်တယ်”ဟု ပြောဆိုခဲ့သည်။

KNC ပါတီက မဲဆန္ဒနယ် တစ်နေရာမှ အနိုင်ရခြင်း မရှိခဲ့ကြောင်း သိရသည်။

လာမယ့် ၂၀၂၅ ရွေးကောက်ပွဲအတွက် နည်းဥပဒေ ၁၀၊ ပုံစံ ၃(က)ကို လွှတ်တော်အပြင်ကနေ ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲမတိုင်မှီ ၅နှစ်အတွင်း ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပြည်သူလူထုကို အမြင်ဖွင့် ဆွေးနွေးမှုများ ပြုလုပ်သွားနိုင်ရန်နှင့် ကချင်ပါတီများ ထပ်မံ မဲမကွဲအောင် ရွေးကောက်ပွဲမဟာမိတ်များပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးအင်ဂျိုင်းနော်ဂျာက ဆက်လက်ပြောဆိုခဲ့သည်။

ထိုနည်းတူ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP ကလည်း အနိုင်ရရန် မျှော်လင့်ထားသည့်အတိုင်းဖြစ်မလားခဲ့ကြောင်း ပါတီ ဥက္ကဌ စိုင်းဌေးအောင်က ပြောသည်။

“ကျနော်တို့ တိုင်းရင်းသားပါတီတွေ ရွေးကောက်ပွဲမှာ ဆုံးရှုံးရတဲ့အဓိတော့ ယခုလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေက ဒေါ်အောင်ဆန်းစုကြည့်အပေါ်မှာ ယုံကြည့်မှု အရမ်းအားကြီးတဲ့အခါကြတော့ ပြည်သူလူထုတွေက ဘာမဆိုလုပ်နိုင်မယ်လို့ ယုံကြည်ကြတာပေါ့။ တိုင်းရင်းသားပါတီတွေက အစိုးရမဖွဲ့နိုင်ဘူး။ ၂၀၀၈ဖွဲ့စည်းပုံကို မပြင်ဆင်နိုင်ဘူးလို့ပဲမြင်နေကြတာပေါ့။” ဟု သူ၏အမြင်ကို သုံးသပ်ပြောဆိုသည်။

TNDP ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဟုမ္မလင်းမြို့နယ် မဲဆန္ဒနယ် (၂) တွင် အနိုင်ရရှိခဲ့သော်လည်း၊ ယခုနှစ် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ မည်သည့်နေရာမှ အနိုင်မရခဲ့ပေ။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီ SNLD ကလည်း မံစီမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၂)တွင်အနိုင်ရခဲ့သော်လည်း ကျန်သည့်နေရာများတွင် မျှော်လင့်သည့်အတိုင်း မဖြစ်လာခဲ့ကြောင်း ပြောသည်။

“ကျနော်တို့နဲ့ အပြိုင်ယှဉ်ပြိုင်ရတဲ့ ပင်မပါတီ တွေရဲ့လွှမ်းမိုးအရမ်းများတယ်လို့မြင်တယ်။ အဓိအချက်အနေနဲ့ ပြောရရင်တော့ ရွေးကောက်ပွဲကျင်းပတဲ့ ကော်မရှင်ကလည်း တရားမျှတမှု မရှိဘူးလို့တယ်တယ်။” ဟု မိုးမောက်မြို့နယ် အမျိုးသားလွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော SNLD မှ စိုင်းကျော်သီဟ က ပြောဆိုသည်။

တိုင်းရင်းသားပါတီများကြားတွင် မဲကွဲနေမှုနှင့် တိုင်းရင်းသားပါတီများက အစိုးရမဖွဲ့နိုင်ကြောင်း ပါတီကြီးများ၏ မဲဆွယ်မှုများသည် ရှုံးနှိမ့်ရသည့်အကြောင်းရင်းဖြစ်သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်မှ ဦးစာဂျီက ပြောသည်။

“ဒေသခံပါတီတွေ ဘာကြောင့်ရွေးကောက်ပွဲမှာအနိုင်မရရှိတာလဲ ဆိုတော့ ၂ပိုင်းရှိပါတယ်။ ဒေသမှာရှိကြတဲ့ တိုင်းရင်းသားတွေက လူနည်းစုတွေဖြစ်ကြတယ်။ မဲဆန္ဒရှင်တွေက ပါတီစွဲထားကြတယ်။ ကိုယ့်လူမျိုးကို မဲထည့်လိုက်ရင်ဘာတွေ ပြောင်းလဲလာမလဲ ဆိုတဲ့ အသိအမြင်တွေနည်းကြတယ်။ သူတို့က တိုင်းရင်းသားပါတီတွေကို အစိုးရမဖွဲ့နိုင်ဘူး။ အာဏာရှင်ကို မဖြုတ်ချနိုင်ဘူးလို့ဘဲ မြင်ကြတာပေါ့။ တစ်ချို့ပါတီတွေက တိုက်ခိုက်ခံရလို့ မဲရလဒ်တွေဆုံးရှုံးသွားတာတွေရှိတယ်။ တစ်ချို့က နိုင်ငံသားအခွင့်အရေးကို နားမလည်သေးဘဲ မဲ မထည့်တဲ့သူတွေလည်းရှိကြတယ်။ ပိုဆိုးတာက ကချင်ထဲမှာဆိုရင် ပါတီတွေအများကြီးရှိတယ်။ အဲ့ဒီပါတီတွေ က ရှိသမျှပါတီတွေထဲမှာ မဲပြန်ထည့်ရတယ်။ မဲကွဲသွားတော့ တိုင်းရင်းသားပါတီတွေက နိုင်ဖို့အလားအလာမရှိတော့ဘူး။ အဲ့ကြောင့် ကချင်ပါတီတွေက စည်းလုံးမှုတော်တော်လည်း လိုအပ်နေသေးတယ်ဆိုတာက မြင်နေရတယ်” ဟု သုံးသပ်ပြောဆိုသည်။

ကိုဗစ်ကာလကြား ကျင်းပခဲ့သော၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးသည် အာဏာရအစိုးရဖြစ်နေသော NLD ပါတီအတွက် အခြေအနေကောင်းတစ်ခုဖြစ်ခဲ့သော်လည်း ပြည်နယ်အခြေစိုက်ပါတီများအတွက်မူ မဲဆွယ်ရာမှာ အကန့်အသတ်အလွန်ရှိခဲ့ကြောင်း တိုင်းရင်းသားပါတီများက စွပ်စွဲပြောဆိုနေကြသည်။

သို့သော် NLD ပါတီသည် ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည့်ပမာဏထက်ကျော်လွန်ကာ အနိုင်ရခဲ့သောကြောင့် သူ၏ အစိုးရ သက်တမ်းမှာ ၂၀၂၅ အထိ နောက်ထပ် ၅ နှစ်လည်း တိုင်းပြည်ကို အုပ်ချုပ်နေအုန်းမှာဖြစ်သည်။

Show More

Related Articles

Back to top button