သတင်း

လူသတ်မှုနှင့် စစ်ရာဇဝတ်မှုများကို အာဏာသိမ်းစစ်တပ်က ဆက်လက်ကျူးလွန်နေဟု ကချင်အမျိုးသမီးအဖွဲ့ ထောက်ပြ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါ် ဆန္ဒဖော်ထုတ်မှုများတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်နေသလို ကချင်ရှေ့တန်းစစ်မြေပြင်တွင်လည်း စစ်ရာဇဝတ်မှု ဆက်တိုက် ကျူးလွန်နေကြောင်း ကချင်အမျိုးသမီးအဖွဲ့ (KWAT) က ပြောသည်။

ဧပြီ ၂ ရက်နေ့ Kachin Women’s Association Thailand အမျိုးသမီးအဖွဲ့၏ ‘Amid Deadly Crackdowns On Urban Protests, Regime’s Troops Commit Fresh War Crimes In Northern Burma’ အစီရင်ခံစာတွင် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး မတ်လ ၃၁ ရက်နေ့ထိ ကချင်နှင့်ရှမ်းမြောက်ဒေသ စစ်တပ်နှင့် ရဲ၏ ဆိုးရွားစွာ လူသတ်မှုနှင့် လူအခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသည်။

ကချင်ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုက ပုံမှန်ရှိနေတယ်။ လူအများက ဆန္ဒဖော်ထုတ်ပွဲတွေကိုပဲ အာရုံစိုက်နေချိန်မှာ ဖေဖော်ဝါရီလ ၁၀ ရက်ဝန်းကျင်လောက်ကစပြီး ရှမ်းမြောက်မှာ တိုက်ပွဲပြန်ဖြစ်လာတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်ဖြစ်လာတယ်။ ကျမတို့မြင်တာက စစ်တပ်ဟာ ဆန္ဒပြပွဲမှာပဲ လူ့အခွင့်အရေးချိုးဖောက်တာမဟုတ်ဘူး။ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှု ဆက်တိုက်ဖြစ်နေတယ်ဆိုတာ ပြချင်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။ဟု KWAT အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဆန်ထွယ် က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်နှင့် ရှမ်းမြောက်(မူဆယ်ခရိုင်) တွင် ပြည်သူ လူထု အနည်းဆုံး ၄၀၀ ကျော် ဖမ်းဆီးခံရပြီး တစ်ဝက်လောက်က ပြန်လည်လွတ်မြောက်လာသော်လည်း အများစုမှာ လက်ရှိတွင် မြစ်ကြီးနား အကျဉ်းထောင်တွင်ရှိနေကြောင်း ဆိုထားသည်။

မတ်လ ၃၁ ရက်နေ့အထိ ကချင်ပြည်နယ်တွင် စစ်တပ်မှ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦး ကျဆုံးသွားပြီဖြစ်ကာ အများအပြား ဒဏ်ရာ ရရှိခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ တစ်ရက်တည်းမှာပင် မြစ်ကြီးနားမြို့တွင် ပြည်သူ ၂ ဦးအသတ်ခံရပြီး၊ လူငယ် ၉၈ ဦး ဖမ်းဆီးခံလိုက်ရသည်။ ထိုအထဲ အသက်မပြည့်သေးသူ ၁၉ ဦးသာ နေ့ချင်းလွတ်မြောက်ခဲ့ပြီး အများစု အကျဉ်းထောင်ပို့ခံရကာ လက်ရှိတွင် တရားရင်ဆိုင်နေရသည်။

အာဏာသိမ်းစစ်တပ်က ၎င်းတို့ကို သဘာဝဘေးစီမံ ဥပဒေ ပုဒ်မ ၂၅ နှင့် အကြည်အညိုပျက်စေမှု ပုဒ်မ (၅၀၅) တို့ဖြင့် တရားစွဲထားကြောင်း KWAT အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြစ်ကြီးနားအကျဉ်းထောင်တွင် တရားစွဲဆိုခံထားရသူများကို မိသားစုဖြင့် တွေ့ဆုံခွင့် ၊ ရှေ့နေများဖြင့် တွေ့ဆုံခွင့် မပေးထားကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ တစ်ဦးက ပြောသည်။

အကြီးမားဆုံးအခက်အခဲကတော့ တခြားအချိန်တွေ့ဆုံ ဆွေးနွေးခွင့်ဘယ်လိုမှ မရဘူး။ ရုံးချိန်းလောက်မှပဲ တွေ့ခွင့်ရတယ်။ဟု ဖမ်းဆီးခံရသူများကို ကူညီပေးနေသော တရားလွှတ်တော် ရှေ့နေ တစ်ဦးက ပြောသည်။

ဆန္ဒပြ လူထုကို ထိခိုက်နာကျင်အောင် မလုပ်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က အာဏာသိမ်းစစ်တပ်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အကြောင်းကြားခဲ့ပြီး ၂ ရက်အကြာတွင် ရှမ်းမြောက် KIA တပ်မဟာ ၆ ဒေသကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။

ရှမ်းမြောက်တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်၏ တပ်မ ၉၉ နှင့် တပ်မ ၃၃ က ပြည်သူလူထုရှိသော ကျေးရွာများသို့လက်နက်ကြီးပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်းအပြင် ရှေ့တန်းစစ်မြေပြင်တွင် လူထုကို လူသားဒိုင်းသဖွယ် အသုံးချနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်တိုက်ပြုလုပ်နေဆဲ ဖြစ်သည်ဟု KWAT က ဖော်ပြထားသည်။

တဆက်တည်း ကချင်ပြည်နယ်ရှိ အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်တိုက်ခိုက်စဉ် စစ်တပ်က လူထုရှိသော ကျေးရွာများဘက်သို့ လက်နက်ကြီး ပစ်ခတ်ကြောင်း ထိုဒေသခံများ၏ သတင်းပေးပို့မှုများကို သတင်းမီဒီယာများက ရရှိခဲ့သည်။

ကချင်ဒေသများတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာသောကြောင့် စစ်ပြေးဒုက္ခသည်များ ပြန်လည်ထွက်ပေါ်လာသဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအဖွဲ့များကိုလည်း အကူညီတောင်းခံကြောင်း KWAT ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူညီအဖွဲ့တွေကိုလည်း အများစုက ပြည်တွင်းအစိုးရကတဆင့် လုပ်တော့ အစိုးရကို ပိုက်ဆံအများကြီးပေးဆောင်ရတယ်။ အဲလို လက်ရှိစစ်တပ်ကို ပံ့ပိုးပေးတဲ့ လုပ်ငန်းစဉ်ကို ဖျက်သိမ်းပြီး နယ်စပ်ကို အခြေပြုတဲ့ စနစ်ကို ပြန်ကျင့်သုံးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်းချင်တယ်။” ဟု ဒေါ်ဆန်ထွယ်က ပြောသည်။

တရုတ် အပါအဝင် အိမ်နီးချင်းနိုင်ငံများကိုလည်း နယ်စပ်ဖြတ်ကျော် စစ်ပြေးဒုက္ခသည်များကို အကာကွယ်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုအကူညီရရှိအောင် ခွင့်ပြုပေးရန် တောင်းဆိုထားသည်။

မြန်မာပြည်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုကို စစ်တပ်က ပစ်ခတ်သဖြင့် ပြည်သူ ၆၀၀ ကျော်သေဆုံးပြီဖြစ်သည်။ လူထု ဆန္ဒဖော်ထုတ်မှုများကို သတင်းရယူနေသော ကချင်ပြည်နယ်မှ သတင်းထောက် ၂ ဦးအပြင် နိုင်ငံတစ်ဝှမ်းသတင်းထောက် ၅၆ ယောက် ဖမ်းဆီးအရေးယူခံထားရသည်။

အာဏာရှင်စနစ်ကို အသက်သွင်းသော စစ်အုပ်စုများက ရေးသားခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ‘အပြီးသတ် ဖျက်သိမ်းကြောင်း’ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH က မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button