တိုက်ပွဲသတင်း

ကားမိုင်း ဗျူဟာကုန်း နှင့် နန့်ဟိုင်တပ်စခန်း ၂ ခုအား KIA၊ PDF ပူးပေါင်းတပ်မှ သွားရောက်တိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်း ဗျူဟာကုန်းနှင့် နန့်ဟိုင်တပ်စခန်း ၂ ခုအား  KIA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဇန်နဝါရီ ၂၆ ရက် ယနေ့နံနက် ၄ နာရီဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။

ကားမိုင်း ဗျူဟာနှင့်အတူ ၎င်း၏ တပ်ခွဲ နန့်ဟိုင် (Nam Sheng) တပ်စခန်းကိုလည်း သွားရောက်တိုက်ခိုက်ခဲ့ပြီး ၂ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နန့်ဟိုင် (Nam Sheng) ကျေးရွာဒေသခံများထံမှ သိရသည်။

“ကားမိုင်းဗျူဟာမှာလည်း ပစ်ပေး၊ ဒီ နန့်ဟိုင်ရွာ(Nam Sheng)က စစ်တပ်စခန်းမှာလည်း ဒီမနက် ၆ နာရီကနေ လာပစ်ပေးတယ်။ မနေ့ညက ဖားကန့် ဆယ်ဇင်းမှာလည်း သွားတိုက်ခိုက်ပြီး ဒီမနက်တော့ နေရာတကာပစ်ပေးတဲ့ သဘောလို့ကြားတယ်” ဟု ‌ကားမိုင်းဒေသခံတစ်ဦးက ပြောသည်။

စစ်အင်အား ၈၀ ခန့် ရှိနေသည့် စစ်တပ်ဗျူဟာနှင့် တပ်စခန်းခွဲ ၂ ခုအား KIA တပ်ရင်း ၄၄ ပူးပေါင်းတပ်ဖွဲ့တို့ တချိန်တည်း သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအခြေအနေအရ စစ်တပ်ဘက် ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ၎င်းကပြောသည်။

၂ နာရီခန့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်‌ကောင်စီတပ်ဘက်မှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေသောကြောင့် ဒေသခံအချို့ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သူများလည်း ရှိကြောင်း သိရသည်။

“ရွာသားအားလုံးကြောက်လန့်ပြီး တချို့က ဘေးကင်းလုံခြုံရာကို ယာယီတိမ်းရှောင်သူ တိမ်းရှောင်ပြီး  အခုက စောင့်ကြည့်အခြေအနေ သတိနဲ့နေနေကြတယ်။ ကျနော်တို့ ရွာသားတွေက ရွာကို မီးရှုံ့ပေးမှာလည်း စိုးရိမ်နေတယ်။ စစ်တပ်က ရွာကို မီးရှုံ့မယ်ဆိုပြီးလည်း ခြိမ်းခြောက်သံတွေ သတင်းထွက်နေတော့လေ” ‌အမည်မဖော်လိုသည့် ကားမိုင်းဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် ဇန်နဝါရီ ၂၅ ယမန်နေ့ညတွင်လည်း ဖားကန့် မှောစီဇာရဲကင်းကို KIA သွားရောက်ပစ်ခတ်တိုက်ခိုက်ဖျက်စီးခဲ့ပြီး‌နောက် စစ်ကောင်စီတပ်ဘက်မှ ယနေ့နံနက်ထိဆက်လက်ပစ်ခတ်နေသေးကြောင်း ဒေသခံများပြောသည်။

Show More

Related Articles

Back to top button