ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

တရုတ်ဖိအားကြောင့် FPNCC အဖွဲ့ဝင်များ စစ်ကောင်စီနှင့် တွေ့ဆုံမှု လုပ်လာမလား

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် ကျင်းပခဲ့သော တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ တွေ့ဆုံဆွေးနွေးမှုအပြီး တရုတ်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကို ကြိုဆိုထောက်ခံကြောင်း FPNCC မှ သဘောထားထုတ်ပြန်ခဲ့သည်။

အမေရိကန်အစိုးရဘက်မှ Burma Act ကိုအတည်ပြုလိုက်ပြီးနောက် တရုတ်အစိုးရအထူးကိုယ်စားလှယ်မှ  စစ်ကောင်စီနှင့်အတူ မြောက်ပိုင်းတော်လှန်ရေးအဖွဲ့များကို တွေ့ဆုံခဲ့ပြီးနောက် မတ်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ တွင် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ယခုလို သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး တရုတ်နိုင်ငံ၏ ကြားဝင် ညှိနှိုင်းမှုများကြောင့် စစ်ကောင်စီတပ် နှင့် FPNCC တို့ကြား တွေ့ဆုံမှု ရှိလာနိုင်ကြောင်း ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက KNG ကို ပြောဆိုသည်။

“FPNCC နဲ့ တရုတ်က ယူနန်မှာတွေ့မယ် အဲမှာတော့ စစ်ကောင်စီနဲ့ ဘယ်လိုဆက်လုပ်မလဲ ဆွေးနွေးမည့်သဘောရှိတယ်။ ဒီလိုနဲ့ မကြာခင်မှာ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့လာနိုင်တယ်။ FPNCC ဘက်ကလည်း တရုတ်ညှိနှိုင်းပေးနေတာ ဖြစ်တဲ့အတွက် တွေ့ဖို့ရှိလာနိုင်ပေမယ့် ဘယ်လိုအဖြေရှာမလဲဆိုတာကတော့ သဘောတူဖို့ အချိန်တိုအတွင်း ပြောဖို့ခက်တယ်။”

နှစ်ရက်ကြာကျင်းပခဲ့သော အစည်းအဝေးတွင် မြန်မာနိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ကို တည်ဆောက် အကောင်ထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိသော်လည်း နောက်ဆုံးတွင် မိမိတို့ လူနည်းစုတိုင်းရင်းသားများ၏ အင်းအားအစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုလို FPNCC ၏ ထုတ်ပြန်ချက်အပေါ် ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးက ယခုလို ထပ်မံ သုံးသပ် ပြောဆိုသည်။

“ FPNCC ရဲ့ထုတ်ပြန်ချက် နံပါတ် ၄ မှာကြည့်ရင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရမယ်ဆိုတာကိုတွေ့ရတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တိုင်းရင်းသာလက်နက်ကိုင်တွေအနေဖြင့် ရန်သူကဘယ်သူလဲဆိုတာကို ကောင်းကောင်း တွေ့ရှိလာတယ်လို့တွေ့မြင်ရတယ်။ ဆိုတော့ ရန်သူကို ပူးပေါင်းတိုက်ထုတ်မှာလား။ ဆွေးနွေးမှာလာဆိုတာ သူတို့ပေါ်မှာပဲ မူတည်လိမ့်မယ်။” ဟု ပြောသည်။

အစည်းအဝေးတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဥက္ကဋ္ဌ တာအိုက်ဖုန်း၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

Show More

Related Articles

Back to top button