သတင်း

ကချင် စာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းဘာသာရပ်တွေကို သင်ကြားပေမယ့် အွန်လိုင်းကျောင်း

ကချင်အမျိုးသားစာပေ ယဉ်ကျေးမှု နှင့်သမိုင်းဘာသာရပ်တွေကို သင်ကြားပေးမယ့် Mungmyit Sinli Institute of Education (MSIE) အွန်လိုင်းကျောင်းတစ်ခုကို ဖွင့်လှစ်ထားပြီလို့ သိရပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် ကချင်ဒေသမှာ ကချင်စကားအသုံးအနှုန်း ကွဲပြားမှု ၊ အဓိပ္ပာယ်ကောက်နုတ်ချက်မတူညီမှု၊ ကိုယ့်လေသံပေါ်မူတည်ပြီး အရေးအသား ပြောင်းလဲသွားမှုတွေကို ပြန်လည်ပြင်ဆင်လိုတဲ့ ရည်ရွယ်ချက်အခုလို ဖွင့်လှစ်တာဖြစ်တယ်လို့ ကျောင်းတာဝန်ခံ ဆရာဒရှီဘရန်အောင်က KNG ကို အခုလို ဆိုပါတယ်။

“လာမဲ့ ၁၅ နှစ် အနှစ် ၂၀ ဟိုဘက်ပိုင်း ကျနော်တို့တွေ တော်တော်ခက်လာဖြစ်တယ်။ အဓိက မြို့ကြီးတွေမှာနေတဲ့ ကချင်လူငယ်လေးတွေ အများပိုင်း ဘာမှသိပ်မသိတော့ဘူး။ သမိုင်း၊ ရိုးရာ ယဉ်ကျေးမှုစာပေပိုင်းမှာ သိရှိမှု အားနည်းသွားတာကြောင့် မောင်နှမ၊ ဆွေမျိုး၊ ခမည်းခမက် ဘယ်လိုတော်စပ်တယ်ဆိုတာ လူငယ်တွေ ဘာမှမသိတော့ဘူး။ ဒါဟာ ကျနော်တို့ ကချင်မျိုးနွယ်စုတွေရဲ့ နစ်နာဆုံးရှုံးမှု အရင်းမြစ်ကြီးတစ်ခုဖြစ်တယ်လို့ မြင်တွေ့ခံစားရတယ်။ ဒါကြောင့် ဒီအရာတွေကို အွန်လိုင်းကတဆင့် သင်ရင်တော့ အားလုံး ကိုယ်စီတိုင်း သင်ယူနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို စတင်ဖွင့်လှစ်လာတာ ဖြစ်ပါတယ်။”

ဒီကျောင်းကနေ ကနဦးမှာတော့ ၁၀ လကြာမယ့် Certificate program နဲ့စတင်မှာဖြစ်ပြီး သင်တန်းတက်ရောက်ပြီးဆုံးသူကို နှစ်စဉ်နှစ်တိုင်း ကချင်ပြည်နယ်နေ့မှာ လက်မှတ်ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

အဓိက သင်ကြားပေးမယ့်ဘာသာရပ်တွေကတော့ ကချင်စာရေးသားနည်း နှင့် ရိုးရာ သမိုင်းကြောင်းဆိုင်ရာ ပညာရပ်တွေဖြစ်တယ်လို့ သိရပါတယ်။

ဒီကျောင်းကို ရှမ်းမြောက် မုန်မြစ်ဆင်လီဒေသမှာ အရင်းမြစ်ခံပြီး စတင်ဖွင့်လှစ်နိုင်ဖို့ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အကောင်ထည်ဖော်ခဲ့တာလို့ ဆိုပါတယ်။

အခုနှစ် မေလ ၁၀ ရက်ကျော်မှာတော့ ကျောင်စတင်ဖွင့်လှစ်သင်ကြားပေးတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒါကြောင့် အသက် ၁၂ နှစ်အထက် ကချင်စာပေကို ရေးတတ် ဖတ်တတ်သော မည်သူမဆို နာမည်စာရင်းပေးသွင်းနိုင်ပြီဟု ဆရာဒရှီဘရန်အောင်က အခုလို ဆက်လက်တိုက်တွန်းပြောဆိုပါတယ်။

“အပြင်မှာ သီးသန့် မလေ့လာနိုင်တဲ့သူတွေ အချိန်မပေးနိုင်တဲ့သူတွေ ဒီ JLHJ မှာသင်ယူ နားထောင်နိုင်မှာဖြစ်တယ်။ ကိုယ့်အနေနဲ့ ဒါက မဟုတ်လောက်ဘူး၊ သဘောမတူဘူး ဝေဖန်လိုတယ်ဆိုရင်လည်း ကိုယ့်နီးစပ်ရာ သိကျွမ်းတဲ့လူကြီးတွေနဲ့ ညှိနှိုင်းပြီး ပြန်ဆွေးနွေးလို့ရပါတယ်။ ကိုယ့်သမိုင်းကြောင်း စာပေရိုးရာကို နက်နက်ရှိုင်းရှိုင်း သိရှိအောင် လုပ်ကြစို့။ လူငယ်တွေကို အဓိက ဖိတ်ခေါ်ချင်ပါတယ်။”

ကျောင်းဝင်ကြေးအနေနဲ့ အနည်းဆုံး ကျပ် ၅ သောင်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

လတ်တလော အွန်လိုင်းကျောင်းစတင်ရန် ဆရာအချို့ရရှိထားသော်လည်း အထက်ဖော်ပြပါ ဘာသာရပ်တွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့ ကျွမ်းကျင်သူတွေကိုလည်း အားဖြည့်ကူညီပေးဖို့ ဖိတ်ခေါ်လိုကြောင်း တောင်းဆိုထားပါတယ်။

Show More

Related Articles

Back to top button