စစ်ပြေးဒုက္ခသည်များသတင်း

တနိုင်း စစ်ရှောင်စခန်း ၂ ခုအတွက် လျှပ်စစ်မီးရဖို့ အကူညီလိုအပ်နေ

ကချင်ပြည်နယ်၊ တနိုင်းမြို့ စစ်ရှောင်စခန်း ၂ ခုမှာ လျှပ်စစ်မီးရဖို့အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံ‌တွေဆီကနေ သိရပါတယ်။

မီးစက်နိုးပြီး မီးထွန်းနေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိမှာစက်သုံးဆီဈေးအဆမတန် မြင့်တက်‌နေတာကြောင့် အခက်အခဲကြုံနေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

“ကျွန်တော်တို့ စစ်ရှောင်တွေကကျတော့ အကုန်ပေါင်းပြီးနေရတာဖြစ်တယ်လေ။ အခုလို ဆီဈေးတွေနဲ့ မီးစက်သုံးရမဲ့ ဟာတွေလည်း များတယ်လေ၊ တစ်ဂါလံကို တစ်ရက်တောင် စက်မမောင်းရဘူးလေ၊ သန့်ရှင်းရေးလုပ်တာကအစ သုံးရတယ်ဆိုတော့ဆိုတော့ အရမ်းခက်တယ်” လို့ ပြောပါတယ်။

လက်ရှိ စက်သုံးဆီ တစ်ဂါလံ ၂၀၀၀၀ ကျပ်ပေးဝယ်ပြီး မီးစက်နိုးပြီး မီးစက်မှီခိုနေရတဲ့ စစ်ရှောင်တွေဟာ လူဦးရေများလွန်းတာကြောင့် စက်သုံးဆီဝယ်ဖို့ကိုလည်း ငွေအင်အားမတတ်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီအစိုးရပေးတဲ့ လျှပ်စစ်မီးလည်း ရပ်ကွက်တစ်ခုမှာ ၃ ရက်မှ တစ်ကြိမ်သာမီးရရှိတဲ့အပြင် အများဆုံး ၁ နာရီဝန်းကျင်သာ မီးရရှိတာဖြစ်တယ်လို့ ဆိုပါတယ်။

ခုလို မီးပုံမှန်မရရှိတဲ့အတွက် စစ်ရှောင်စခန်းက ကျောင်းသာကျောင်းသူတွေစာကျက်ဖို့ အဆင်မပြေမှုတွေ ကြုံနေရတာ‌ကြောင့် ကိုယ်ထူကိုယ်ထနဲ့ တက်နိုင်သလို ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

တနိုင်း KBC စစ်ရှောင်စခန်းမှာ လူဦးရေ ၄၀၀ ကျော်နဲ့ အိမ်ထောင်စု ၁၀၈ စုရှိပြီးတော့ စားဝတ်နေရေးအတွက် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကြတာဖြစ်ပါတယ်။

အလားတူ တနိုင်း RC စိန်ဂျိုးဇက် စစ်ရှောင်စခန်းမှာလည်း အရင်ကသွယ်တန်းထားတဲ့ မီးကြိုးတွေ ဟောင်းနေပြီဖြစ်တဲ့အတွက် မီးကြိုးတွေ အသစ်လဲဖို့ အကူညီလိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

မီးကြိုးတွေ ဟောင်းနေတာဖြစ်ပြီး၊ မီတာခတွေတက်လာတဲ့အပြင် ဝါယာရှော့ဖြစ်မှာကိုလည်း စိုးရိမ်တဲ့အတွက် အစိုးမီးကိုဖြတ်ထားတာ ၁ နှစ်လောက်ရှိနေပြီလို့ ဆိုပါတယ်။

အစိုးရမီး ဖြတ်တောက်ပြီးတော့ ဆိုလာမီးကို အသုံးပြုနေပေမဲ့ တစ်ချို့  ဆိုလာပျက်သွားတဲ့ မိသားစုတွေအနေနဲ့ ဖယောင်းတိုင်မီးနဲ့ ဘဲနေနေရတယ်လို့ တနိုင်း RC စိန်ဂျိုးဇက်က အမျိုးသမီး တစ်ယောက်က ပြောပါတယ်။

“ မီးကြိုးတွေက အရမ်းကြာနေပြီဆိုတော့ အရမ်းဟောင်းနေပြီလေ အဲ့တာကြောင့် အစိုးရမီးတမင်မယူတော့တာ၊ အရင်နှစ်က အလှူရှင်တွေ ပေးထားတဲ့ ဆိုလာမီးနဲ့ နေနေပေမဲ့ အခုဆို ပျက်တာကပျက်၊ တစ်ချို့ကျတော့လည်း သူခိုးတွေ ယူသွားတာနဲ့ တစ်ခါတလေ မိုးအုံ့တဲ့အချိန်တွေဆိုရင် အဆင်မပြေတော့ပြန်၊ တစ်ချို့ဆို ဖယောင်းတိုင်မီးနဲ့ဘဲ ညတိုင်း ဖြတ်သန်းနေရတာတွေရှိတယ်” လို့ပြောပါတယ်။

လျှပ်စစ်မီးပြဿာနာတွေကြောင့် ရေအခက်အခဲတွေလည်းကြုံနေရပြီး သက်ကြီးရွယ်အို၊ မသန်စွမ်းတွေအတွက် သောက်ရေတိုင်ကီနဲ့ ရေမှော်တာ အလှူရထားပေမဲ့ မီးမရတဲ့အတွက် အခုချိန်ထိ မတပ်ဆင်နိုင်သေဘူးလို့ဆိုပါတယ်။

စစ်ရှောင်တာဝန်ခံရဲ့ ပြောဆိုချက်အရ စစ်ရှောင်စခန်းတစ်ခုလုံးအတွက် မီးကြိုးလဲတဲ့အပြင် လက်ခအပါအဝင် စုစုပေါင်း သိန်း ၂၀ ဝန်းကျင်ကုန်ကျနိုင်ပြီး စစ်ရှောင်ပြည်သူတွေအနေနဲ့ ငွေကြေးမတက်နိုင်တဲ့အတွက် ကူညီပေးစေလိုတယ်လို့ တောင်းဆိုထားပါတယ်။

လက်ရှိ တနိုင်း RC စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၁၃၀ ၊ လူဦးရေ ၆၀၀ ကျော်ရှိပြီး အဲ့ဒီစစ်ရှောင်ပြည်သူတွေဟာ ၂၀၁၈ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်လာတာကြောင့် အောင်လောဒ့်၊ ဆွတ်ရာ၊  ဆွတ်ရိန် စတဲ့ ကျေးရွာက ထွက်ပြေးတိမ်း ရှောင်လာကြတဲ့ ပြည်သူတွေဖြစ်ပါတယ်။

Show More

Related Articles

Back to top button