သတင်း

အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ကချင်စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦးအမှု  ၉ နှစ်ကြာသွားပေမယ့် တရားမျှတမှု မရရှိသေး

တရားမျှတမှုအတွက် မိသားစုဝင်တွေ မျှော်လင့်နေဆဲ

ရှမ်းမြောက်၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့နယ်မှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦးအမှု တရားမျှတမှုရရှိလာမယ့်နေ့ကို မျှော်လင့်နေဆဲလို့ မိသားစုဝင်တွေ ပြောပါတယ်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် တာဝန်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို အမှုမှန်ပေါ်ပေါက်ရေးကော်မတီဘက်က တောင်းဆိုခဲ့ပေမယ့် ငြင်းဆိုခံခဲ့ရတဲ့အတွက် ဒီကနေ့အထိ တရားမျှတမှုမရရှိဘဲ ရပ်တန့်နေတာဖြစ်ပါတယ်။

မတရားတဲ့အရာက တစ်သက်လုံးတော့ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူးဆိုတာ ကျမတို့မိသားစုဝင်တွေယုံကြည်တယ်။ အခုချက်ချင်း ဒီအမှန်တရားကို မချပြနိုင်ရင်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ဒီဖြစ်စဉ်ဟာ မှန်ကန်တဲ့အဖြေ တရားမျှတမှု ရမယ်လို့ ယုံတယ်။ မျှော်လည်း မျှော်လင့်ထားတယ်။” လို့ သတ်ဖြတ်ခံရတဲ့ ဆရာမခေါန်နန်စင်ရဲ့မိခင်  ဒေါ်၀ခေါင်လုဘူ က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်ညမှာ ဆရာမခေါန်နန်စင် (အသက် ၂၀) နဲ့ ဆရာမ မရန်လုရာ ( အသက် ၂၁ နှစ်) တို့နှစ်ဦးကို လူအုပ်စုက အကြမ်းဖက် အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။  

ကချင်ဆရာမ ၂ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြစ်စဉ် ဖြစ်ပွားခဲ့စဉ်တုန်းက ကျေးရွာမှာရောက်ရှိနေတဲ့ စစ်ကောင်စီ ခမရ ၅၀၃ မှ စစ်ကြောင်းမှူးနဲ့ စစ်သားတွေကို KBC အမှုမှန်ပေါ်ပေါက်ရေးကော်မတီဘက်က တွေ့ဆုံမေးမြန်းဖို့ ကြိုစားခဲ့ပေမယ့် စစ်တပ်ကဘက် ခွင့်မပြုလို့ ၂၀၁၆ နောက်ပိုင်း အမှုမှန်ပေါ်ပေါက်ရေး ကြိုးစားမှုမှာ ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။

ဒီနေ့ဒီချိန်ထိ ကျမတို့တိုင်းပြည်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ အဓ္ဓမပြုကျင့် သတ်ဖြတ်ခံရတာတွေ၊ နှိပ်စက်သတ်ဖြတ်ခံရတာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ တရားမျှတမှုက ဘယ်သူမှမရရှိဘူး။ အခွင်အရေးရတဲ့တစ်နေ့ကျရင် ကျမတို့ မိသားစုတွေပဲမဟုတ်ပဲ ကျမတို့တိုင်းပြည်မှာရှိတဲ့ မတရားခံရသူတွေအားလုံးအတွက် အမှန်တရားပေါ်ပေါက်ရေးနဲ့ တရားမျှတမှုရရှိရေးအတွက် လုပ်ဆောင်ပေးနိုင်ဖို့ လိုချင်တယ်။ တကယ်ကို လုပ်ဆောင်ပေးစေချင်တယ်။ ကျူးလွန်သူတွေဟာ ကျူးလွန်ခံရတဲ့သူတွေအပေါ် တရားမျှတအောင် လုပ်ပေးဖို့ မျှော်လင့်တယ်။” လို့ဝခေါင်လုဘူကဆက် ပြောပါတယ်။

စုံစမ်းသိရှိရတဲ့ သက်သေအထောက်အထားတွေအရ ပြစ်မှုကျူးလွန်သူမှာ စစ်ကောင်စီတပ်သား (တပ်မတော်) တွေဖြစ်တယ်လို့ ကချင်အမျိုးသမီးအစည်းအရုံးထိုင်းနိုင်ငံ (KWAT) ကလည်းအစီရင်ခံစာနဲ့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထိ နှစ်တိုင်း ဇန်နဝါရီ ၁၉ ရက်နေ့ရောက်တိုင်း ဆရာမ ၂ ဦးသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုရရှိအောင် KBC ဦးဆောင်ပြီး သတိရဆုတောင်းခြင်းအစီအစဉ်တွေ ပြုလုပ်နိုင်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်း လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘူးလို့ သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button