Dashboard
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကြည့်ရှုရန် စာမျက်နှာ (၄) ခုပါရှိသည်။
သတင်း
-
သတင်း
လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရ
ရှမ်းမြောက် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ မနက် ၁ နာရီခွဲမှာ လားရှိုးမြို့ ရပ်ကွက် ၂ ရထိုက်ဟိုတယ်နဲ့ ဖူလီလိုက်ဟိုတယ်နေရာကို ပေါင် ၅၀၀၊ ဗုံး ၂ လုံး ပထမအကြိမ်ကြဲချခဲ့ပြီး မနက် ၄ နာရီဝန်းကျင် ဒုတိယအကြိမ် ထပ်မံဗုံးကြဲခဲ့တာကြောင့် အဆောက်အအဦးထိခိုက်ပျက်စီးပြီး အရပ်သားထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “တစ်ခါလာကြဲရင် ၂ လုံးဟုတ်တယ်။ ဒီမနက်လာကြဲတာက ရပ်ကွက် ၂ ကို အဓိက ဦးတည်ပြီး လာကြဲသွားတယ်။ တစ်လုံးက လမ်းပေါ်မှာပဲကျလုံးထိခိုက်မှုမရှိဘူး။ ကျန်တာကတော ဟိုတယ်အဆောက်အဦးတွေနဲ့ ဘေးပတ်ဝန်းကျင် နေအိမ်တွေမှာထိလို့အမျိုးသမီး တစ်ယောက်သေတယ်။ စုစုပေါင်း ဗုံး ၄ လုံးကြဲချသွားတာ လူက ၁၅ ဦး ထိခိုက်တယ်။” လို့ လားရှိုးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီက မန်ဆူဘက်ကို ဦးတည်ပြီး လေကြောင်းနဲ့ဗုံးကြဲခဲ့တာကြောင့် အဆောက်အဦးတွေပျက်စီးသွားပါတယ်။ စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ပေါ်ကို ၂ ရက်ခြား လေကြောင်းနဲ့ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးတွေနဲ့ နေအိမ်စုစုပေါင်း ၂၀ ထက်မနည်း ထိခိုက်ပျက်စီးသွားပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။ ခုလို စစ်တပ်က လားရှိုးမြို့ကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နေရပ်ပြန်လာနေပြီဖြစ်တဲ့ ဒေသခံပြည်သူတွေလည်း ပြန်လည်ထွက်ခွာသူတွေရှိသလို အခြားမြို့နယ်တွေမှာ စစ်ဘေးရှောင်နေကြရတဲ့လားရှိုးဒေသခံအားလုံးနီးပါးလည်း ပြန်လာလို့မရပဲ ကာလကြာရှည်လာပြီဖြစ်ပါတယ်။ “စစ်တပ်က လားရှိုးကို ပြန်ယူချင်တဲ့သဘောနဲ့ လေကြောင်းကနေပဲ ဆက်တိုက် လာတိုက်ခိုက်နေတာလို့ယူဆရတယ်။ ဒီလိုပဲ ဆက်တိုက်လုပ်နေမယ်ဆိုရင် ဒေသခံပြည်သူတွေအတွက် ထိခိုက်ဆုံးရှုံးမှုများမယ်။ ဒေသခံပြည်သူတွေလည်း စိုးရိမ်လို့ပြန်ထွက်နေကြတဲ့သူတွေများတယ်။ တချို့က အဆင်မပြေလို့ မထွက်တဲ့ဟာတွေနဲ့ ပြန်ထွက်ကြတဲ့သူတွေလည်းရှိကြတယ်” လို့ လားရှိုးဒေသခံ ဆက်ပြောပါတယ်။ လက်ရှိလားရှိုးမြို့မှာ တစ်အိမ်မှာ တစ်ယောက်နှုန်းနဲ့ နေအိမ်စောင့်တဲ့သဘောမျိုး ပြန်လာနေကြတဲ့သူတွေကလွဲပြီး လားရှိုးဒေသခံအားလုံးနီးပါးကတော့ နေရပ်မပြန်လာကြသေးဘူးလို့ဆိုပါတယ်။ တစ်ဖက်မှာ လားရှိုးမြို့ထဲအုပ်ချူပ်ရေးယန္တရားတွေ ပြန်လည်ပတ်နိုင်အောင် ကိုးကန့် MNDAA ဘက်က ကြိုးစားနေပေမယ့် ဒီနေ့ထိတော့ ထိရောက်တဲ့အုပ်ချုပ်မှု ယန္တရားမတည်ဆောက်နိုင်သေးတာလည်း ဖြစ်ပါတယ်။ လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့ကတည်းကစပြီး ကိုးကန့် MNDAA ဘက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲငြိမ်သက်သွားတာ ၁ လ ကျော် ကြာလာပြီဖြစ်ပေမဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ဆက်ရှိနေသေးတာလည်း ပါတယ်။ By – ဂျာဘောက်ရာ
Read More »
ဆောင်းပါး
-
ချီဖွေမြို့ လေယာဉ် ဗုံးကြဲခံရတဲ့အတွက် COC အသင်းတော်က သင်းထောက်တစ်ဦးသေဆုံး
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ COC အသင်းတော် သင်းထောက်တစ်ဦး အသက်သေဆုံးမှုရှိခဲ့တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ မနေ့ည ၉ နာရီခွဲအချိန် စစ်ကောင်စီတပ်ဟာ ချီဖွေမြို့ကို ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးလေးကြိမ်ထက်မနည်းလာရောက်ပစ်ခတ်ချိန် ဘေးလွတ်ရာထွက်ပြေးခဲ့ပေမယ့် လမ်းခုလတ်မှာတင် ဗုံးကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားတာဖြစ်တယ်လို့ ချီဖွေဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “အိမ်မှာကျကွဲပြီးဖြစ်တာတော့ မဟုတ်ဘူး။ လေယာဉ်တက်လာလို့ ထွက်ပြေးနေတဲ့ နေရာမှာတင် လေယာဉ်ဗုံးကျကွဲလို့ ပွဲချင်းပြီးဆုံးသွားတာ”လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြောင့် အသက်သေဆုံးသွားသူဟာ အသက် ၄၀ ကျော်အရွယ်ရှိ လီဆူလူမျိုးဖြစ်ပြီး COC (ခရစ်တော်၏အသင်းတော်)ရဲ့ သင်းထောက်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်ည စစ်ကောင်စီတပ်တွေ လာရောက်ပစ်ခတ်ခဲ့တဲ့ လေယာဉ် ဗုံး ၄ လုံးထဲကနေ ၂ လုံးဟာ ရစ်လော်ရပ်ကွက်နဲ့ မြို့မရပ်ကွက် စာသင်ကျောင်းပတ်ဝန်းကျင်မှာ ကျကွဲမှုရှိခဲ့ပြီး ကျန် ဗုံး ၂ လုံးက မေခ(လောင်ဗျစ်) ချောင်းတစ်ဖက်ကမ်းမှာ ပေါက်ကွဲသွားတယ်လို့ ဒေသခံတွေပြောပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့တစ်ခုလုံးကို လက်လွတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဂျက်လေယာဉ်နဲ့ တစ်ရက်ကို တစ်ကြိမ်နှုန်းနဲ့ လာရောက်ဗုံးတိုက်ခိုက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။ အခုလို စစ်ကောင်စီဘက်က နေ့တိုင်းလိုလို လေကြောင်းအင်အားသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတာဟာ KIO/KIA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ မလည်ပတ်နိုင်အောင်၊ ဒေသခံပြည်သူတွေ မြို့ထဲကို မဝင်လာအောင် မြို့ကို တမင်ဖျက်ဆီးနေတာဖြစ်တယ်လို့ ချီဖွေဒေသခံ တစ်ဦးက ဆက်ဆိုပါတယ်။ “သူတို့ လာပစ်ချင်တဲ့ အချိန်တက်လာပြီး လာလာပစ်နေတာ။ အခုတလောဆို ညတိုင်းလိုလိုလာပစ်နေတာ။ သေနတ်တွေက စိုးရိမ်စရာမရှိတော့တာ နှစ်ရက် သုံးရက်လောက်ရှိပြီ။ ဒေသခံတွေလည်း လေကြောင်းတစ်ခုပဲ စိုးရိမ်နေကြတာ။ ပြီးရင် မြို့ကို KIA တွေ မထိန်းချုပ်နိုင်အောင်၊ မြို့ပျက်စီးသွားအောင် တမင်လုပ်နေတယ်လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ချီဖွေမြို့ သိမ်းပိုက်နိုင်ခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်ညမှာလည်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဘော်ဒါဆောင်ဆောင်မှာရှိနေတဲ့ ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်သေဆုံးမှုရှိခဲ့သလို တစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ချီဖွေမြို့ပေါ်မှာ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားတာ ၄ ရက်ခန့်ရှိလာပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေဆက်ရှိနေသေးတာကြောင့် ချီဖွေဒေသခံ တစ်ထောင်ကျော် မြို့ပြင်နေရာတွေမှာ ဆက်လက်တိမ်းရှောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့နောက်ပိုင်း စစ်ဘေးရှောင်တစ်ချို့ မြို့ထဲကို ပြန်ဝင်လာကြပေမယ့် အခုလို ဗုံးကြဲတိုက်ခိုက်ခံရပြီး အသက်သေဆုံးတာတွေ ရှိနေတာကြောင့် ပြန်လည်တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ တစ်ဖက်မှာ ချီဖွေမြို့တစ်ခုလုံးကို သိမ်းပိုက်ထားတဲ့ KIO/KIA အနေနဲ့လည်း အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်နိုင်ဖို့ အုပ်ချုပ်စနစ်တွေ လုပ်ဆောင်နေပြီလို့လည်း ဒေသခံတွေပြောပြပါတယ်။…
-
ကချင်မှာ နှစ်ဝက်အတွင်း ခရစ်ယာန်ဘာသာရေးဆရာ ၁၄ ဦးဖမ်းဆီးခံရ
KNG မှ စာရင်းပြုစုထားချက်အရ ဇူလိုင်လအထိ ခရစ်ယာန်ဘာသာရေးဆရာများအား ဖမ်းဆီးမှုစစ်ဆေးမှု စုစုပေါင်း ၇ ကြိမ်ခန့် ရှိနေပြီ ဖြစ်သည်။
-
ဝိုင်းမော် စစ်ရှောင်များအနက် ကိုယ်ဝန်ဆောင်မိခင်နှင့် အမျိုးသမီးများ၏ အခက်အခဲ
ဝိုင်းမော်မြို့နယ်တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များတွင် လုံလောက်လောက် ကူညီထောက်ပံ့မှု မရရှိဘဲ မိုးရာသီ အဆိုးရွားဆုံး…
-
ကချင်ဒေသ တိုက်ပွဲအရှိန်မြင့်လာသည်နှင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း ပိုများလာ
မိုးမောက်မြို့တွင်လည်း အရပ်သား (၁၁) ဦး သေဆုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အမျိုးသမီး (၃)ဦးနှင့် ကလေးသူငယ် (၃)ဦး ပါဝင်ကြောင်း…
-
နေအိမ် မီးရှို့မှု၊ အရပ်သားပစ်မှတ်တိုက်ခိုက်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ (Jan-April, 2024)
စစ်တပ် အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင် ၂၀၂၁ မှ ၂၀၂၃ အထိ တိုက်ပွဲများ ခပ်ကျဲကျဲရှိခဲ့ရာမှ ၂၀၂၄ နှစ်ဆန်းပိုင်း တွင်…
-
ကချင်မှာ ၄ လအတွင်း အရပ်သားပြည်သူ ၂၀၀ ဝန်းကျင် ဖမ်းဆီးခံရ
ဖမ်းဆီးခံရမှုတွေထဲမှာ ပြန်လွတ်လာတဲ့သူတွေရှိသလို့ လက်ရှိချိန်ထိ ပြန်မလွတ်လာသေးဘဲ သတင်းမကြား၊ ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိနေပါတယ်။