ဗန်းမော်မြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်နီးကပ်လာတဲ့အတွက် ဒေသခံ တစ်ထောင်နီးပါးဘေးလွှတ်ရာရွှေ့ပြောင်း
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ်နီးကပ်လာတာနဲ့အတူ မြေနိမ့်ပိုင်း ရပ်ကွက်ကဒေသခံတစ်ထောင်နီးပါး ဘေးလွှတ်ရာတွေမှာကြိုတင်ရွှေ့ပြောင်းနေကြရပြီလို့ လူမှုကူညီရေး အသင်းတွေဆီကသိရပါတယ်။
လက်ရှိ ဗန်းမော်မြို့ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်ရောက်ရှိနေပြီး နောက်ထပ် ၆နာရီအတွင်း စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနိုင်တယ်လို့ မိုး/ဇလက ဒီကနေ့ ညနေ ၂ နာရီခွဲမှာပဲ ထုတ်ပြန်ထားပါတယ်။
ဗန်းမော်မြို့နယ်အတွင်းမှာတော့ ရေဘေးရှောင်ရန်အတွက်လို့ဆိုကာ စခန်း ၄ ခုလောက်ပြင်ဆင်ထားပြီး လက်ရှိမြေနိမ့်ပိုင်းရပ်ကွက်က ဒေသခံတစ်ထောင်လောက်ရွှေ့ပြောင်းလာကြပြီလို့ သုညသုခပရဟိတ လူငယ်အသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
“ကျနော်အခုလာခဲ့တဲ့စခန်းကပဲကို လူဦးရေ ၄၀၀ လောက်ရွှေ့ပြောင်းလာခဲ့ပြီ။ အနိမ့်ပိုင်းရပ်ကွက် တွေကပဲပေါ့။ ရေတွေတော့ဝင်တာတွေရှိတယ်။ ဗန်းမော်ရဲ့စိုးရိမ်ရေအမှတ်ကိုလည်းရောက်နေပြီ။ ခန်းမှန်းဆိုရင် ၁ ထောင်ကျော်လောက်ပြီ ဘာလို့ဆို ကျနော်ရောက်ခဲ့တဲ့ စခန်းကပဲ လူဦးရေ ၄၀၀ ဆိုတော့ လေ” လို့ပြောပါတယ်။
တစ်ဖက်မှာ ဒီကနေ့ နေ့လည် ၁၂ နာရီနောက်ပိုင်းကစလို့ ဗန်းမော်မြို့ပေါ်က ကျောင်းတွေတစ်ချို့ကို ပိတ်ထား ရသလို အဲ့ဒီကျောင်းတွေမှာလည်း ရေဘေးရှောင်လာတဲ့ဒေသခံတွေတည်းခိုးဖို့လုပ်ဆောင်သွားမယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။
မြစ်ကြီးနားမြို့ဧရာဝတီမြစ်ရေကျလာတာနဲ့အမျှ အောက်ဘက်ပိုင်းဖြစ်တဲ့ ဗန်းမော်မြို့နယ်ဟာ ရေကြီး ရေလျှံဖြစ်လေ့ရှိတာဖြစ်ပြီးတော့ အဲ့ဒီအတွက်လည်း အချိန်မှီပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
“ ဒီမှာက မြစ်ကြီးနားမြစ်ရေကျတာနဲ့ပုံမှန်တက်တယ်လေနော် ဒါ့ကြောင့် ကြိုတင်ပြီးတော့ သုံးဘီးတွေ ကားတွေနဲ့ လောစပီကာတွေတင်ပြီးလိုက်အော်ရတာပေါ့ သူတို့ရွှေ့လာပြီဆိုရင် ရေဘေးရှောင်စခန်းတွေမှာ နေရာချနေတာပေါ့” လူမူကူညီရေးအသင်းတာဝန်ခံက ဒေသခံတစ်ယောက်ကပြောပါတယ်။
ဗန်းမော်မြို့နယ်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၁၁၅၀ စင်တီမီတာဖြစ်ပြီး အန္တရာယ်ရေအမှတ်ကတော့ ၁၂၄၅ စင်တီမီတာ ဖြစ်ပါတယ်။
လက်ရှိတော့ ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ၁၁၂၆ စင်တီမီတာရှိပြီလို့ ဒီကနေ့ ညနေ ၂ နာရီခွဲမှာ ထုတ်ပြန်ထားသလို ပြီးခဲ့တဲ့ နှစ်ပေါင်း၂၀ (၂၀၀၄ ခုနှစ်) တုန်းကတေ့ ဧရာဝတီမြစ်ရေ ၁၃၃၈ စင်တီမီတာ အထိမြင့်တက်ခဲ့ဖူးပါတယ်။
By – အမိုး