လက်နက်ကြီး

  • Sep- 2024 -
    6 September
    သတင်း

    ဖားကန့် အထက်တန်းကျောင်းနီး လက်နက်ကြီးကျပေါက်ကွဲပြီး ဆိုင်ကယ် ကယ်ရီသမားတစ်ဦးလက်နက်ကျည်ထိမှန်

    ကချင်ပြည်နယ် ဖားကန့်မြို့ အထက်တန်းစာသင်ကျောင်းအနီး လက်နက်ကြီးကျပေါက်ကွဲလို့ ဆိုင်ကယ် ကယ်ရီသမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျောင်းဆောင်အနည်းငယ်ထိမှန်ပျက်စီးထားတယ်လို့ ဖားကန့်မြို့ ပြည်သူတွေက ပြောပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင် ၆၀ မမ လက်နက်ကြီး ၂ လုံးကျပေါက်ကွဲတာဖြစ်တယ်လို့ ဖားကန့်မြို့ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ဟုတ်တယ် တစ်ယောက် ဒဏ်ရာရတာမြင်တယ် ကယ်ရီသမားဟုတ်တယ်လို့ ပြောတယ် နာမည်တွေတော့ အတိအကျမသိရဘူးဗျ ဆေးရုံပို့လိုက်ကြပြလို့ပြောတယ်။ အဲစာသင်ကျောင်းက ဗျူဟာကုန်းနားမှာရှိတာဟုတ်တယ်”လို့ ပြောပါတယ်။ လက်နက်ကြီးကျည်ထိမှန်သူဟာ မည်သူမည်ဝါဆိုတာအသေးစိတ်မသိရသေးဘူးလို့ သိရပြီး ကျောင်းသား၊သူတွေက နေအိမ်ပြန်သွားကြပြီဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဖားကန့်မြို့မှာ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ဖားကန့်မြို့ မရှိီကထောင်ရပ်ကွက်၊ အောင်မြေကွက်သစ်အနီးမှာရှိတဲ့ ကုန်းနေရာမှာစစ်တပ်က တပ်စွဲနေရာယူလာတာကြောင့် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာနေဆဲလည်းဖြစ်ပါတယ်။ စစ်ရေးအခြေနေကြောင့် မရှိီကထောင်ရပ်ကွက်၊အောင်မြေကွက်သစ်ရပ်ကွက် ပြည်သူတွေ ဖားကန့်မြို့ပေါ်စစ်ရှောင်နေကြသလို စက်တင်ဘာလ ၅ ရက်နေ့ကစလို့ ယူမာရွာကိုလည်း ထပ်ပြီးစစ်ရှောင်ခိုင်းနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ “ယူမာရွာကိုလည်း လက်နက်ကြီးတွေထိမှာစိုးလို့ ရှောင်ခိုင်းနေတယ်လို့ ပြောတယ်။ ရှောင်တဲ့သူတွေကလည်း ရှောင်နေကြပြီ အများပိုင်းရှောင်နေကြတယ်”လို့ နောက်ထပ် ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၅ ရက်ည ဖားကန့်မြို့တွင်း KIA ပူးပေါင်းတပ်တွေရဲ့ဒရုန်းပျံဝဲလာတာကြောင့် စစ်တပ်ဘက်က ဒရုန်းကိုလိုက်လံပစ်ခတ်တာတွေလုပ်နေပြီး ဒီမနက်ထိပစ်ခတ်တာတွေ ရှိနေတယ်လို့ ဖားကန့်ပြည်သူတွေက ပြောပါတယ်။ ဒါကြောင့် ဒီမနက် အထက်တန်းကျောင်းအနီးကျပေါက်ကွဲတဲ့ လက်နက်ကြီးဟာ ဘယ်အဖွဲ့ကပစ်ခတ်တဲ့လက်နက်ကြီးလဲဆိုတာပြောဖို့ခက်တယ်လို့ ပြည်သူတွေကပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စစ်ရေးစတင်လှုပ်ရှားလာပြီး စက်တင်ဘာ လဆန်းမှာတော့ နှစ်ဖက်ပစ်ခတ်မှုခပ်စိပ်စိပ်ဖြစ်နေပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစ  မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာကြောင့် လက်နက်ကြီးထိမှန်သူတွေရဲ့ အချက်လက်အသေးစိတ်သိရှိဖို့လည်း ခက်ခဲနေပါတယ်။…

    Read More »
  • 3 September
    သတင်း

    ကသာကိုတက်လာတဲ့ စစ်သင်္ဘောတွေရဲ့ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကသာမြို့နယ်ကို မနေ့က စက်တင်ဘာလ ၂ ရက်နေ့မှာရောက်ရှိလာတဲ့ စစ်သင်္ဘောတွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကသာမြို့နယ်အတွင်းက အရပ်သား ၂ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ “အရပ်သားပြည်သူက သူတို့ပစ်လို့သေတာ ၂ ယောက်ပေါ့။ ၃ ယောက်ဒဏ်ရာရတယ်။ အဲ့ဒီသင်္ဘောပေါ်က နေပစ်တာပေါ့”လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။ သေဆုံးခဲ့သူတွေဟာ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးကကျေးရွာတွေဖြစ်တဲ့ ကလုံရွာက ၁ ဦး သေဆုံး ၁ ဦးဒဏ်ရာရခဲ့သလို ညောင်ခြေထောက်ကျေးရွာက ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရခဲ့တာလို့ သူကဆက်ပြောပါတယ်။ အဲ့ဒီစစ်သင်္ဘောတွေဟာ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ စစ်အင်အားနဲ့ရိက္ခာတွေတင်လာတဲ့ စစ်သင်္ဘောတွေဖြစ်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာချိန်မှာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်ခြင်းကိုဆက်တိုက်ခံခဲ့ရတာဖြစ်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာဆိုရင် ထီးချိုင့်မြို့နယ်နဲ့မြတောင်ရွာကြားမှာ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဆက်မသွားနိုင်တော့ဘဲ ထီးချိုင့်မြို့မှတစ်ညအိပ်ခဲ့ရသလို ကသာကိုထွက်လာချိန်မှာလည်း လမ်းတစ်လျှောက် ပစ်ခတ်ခံခဲ့ရတာတွေရှိခဲ့ပါတယ်။ “ကသာမြို့နယ်ကိုတော့ ၅ စီးလုံးရောက်လာပြီ။ ပြီးခဲ့တဲ့ရက်တွေက ထီးချိုင့်မှာပစ်ခတ်ခံရတာတွေလည်း ပြန်ရောက်လာခဲ့တာ။ ၅ စီးလုံးကသာမှာပေါ့ ထီးချိုင့်မှာကသူတို့ခဏကမ်းကပ်ရပြီး ပြန်ဆန်လာတာပေါ့ လေ။”လို့ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ အဲ့ဒီစစ်သင်္ဘော ၅ စီးတက်လာချိန်မှာလည်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာနေရာယူထားတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး ၁၈ ဦးဒဏ်ရာ ရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ အခုလို စစ်ကောင်စီဘက်ကသေဆုံးမှုတွေရှိတဲ့အကြောင်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပေမဲ့ KNG အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ တစ်ဖက်မှာ စစ်သင်္ဘောတွေတက်လာချိန်တောက်လျှောက်မှာလည်း ဝေဟင်ကနေ လေကြောင်းပစ်ခတ်မှု တွေဆက်တိုက်လုပ်ပြီးပစ်ကူပေးခဲ့တဲ့အတွက် မနေ့ကလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ အရပ်သား ၉ ဦးသေဆုံးခဲ့ရပါသေးတယ်။ ဒီတစ်ကြိမ်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်သွားမယ်ဆိုတာတော့မသိရသေး ပေမဲ့ ဗန်းမော်မြို့နယ်မရောက်ခင် ဧရာဝတီစင်းခန်းတံတားကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတာကြောင့် ကချင်ပြည်နယ်ထဲကိုတော့ ဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ မြေပြင်အခြေနေသိရှိသူတွေက သုံးသပ်နေကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်အနေနဲ့ ကချင်ပြည်နယ်အထက်ပိုင်းကို ဝင်ရောက်ဖို့ ရေကြောင်းကိုအဓိကထား အသုံးပြုခဲ့ကြပေမယ့် သင်္ဘောတက်လာတိုင်းမြစ်ကြောင်းတစ်လျှောက် ကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်ခံရမှုကြောင့် အတော်အတန်ကြာ ရပ်နားသွားရာကနေ ခုတစ်ဖန်ပြန်ပြီးဆန်တက်လာတာဘဲဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 2 September
    သတင်း

    မြစ်ကြီးနားမြို့မှာ ၂ ရက်အတွင်း လက်နက်ကြီး ၃ ကြိမ်ကျပေါက်ကွဲ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ပြိီးခဲ့တဲ့ ၂ ရက်တာအတွင်း လက်နက်ကြီး ၃ ကြိမ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၈ ရက်နဲ့  ၃၁ ရက်နေ့မှာ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်နဲ့ ကြက်ပေါင်ခြံရပ်ကွက်နေရာ ၃ ခုမှာ လက်နက်ကြီးကျပေါက်ကွဲတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက KNG ခုလိုပြောပါတယ်။ “၂၈ ရက်နေ့က ရွှေညောင်ပင်ရပ်ကွက် တရုတ်စာသင်ကျောင်းရဲ့အောက်ချိုင့်ဘက်မှာတစ်လုံးကျတယ် ပြီးတော့ ကြက်ပေါင်ခြံရပ်ကွက် မြစ်ကမ်းနံဘေးမှာတစ်လုံးကျတယ်။  ၃၁ ရက်နေ့က ဂေါ်ရခါးနှစ်ခြင်းအသင်းတော်ဘုရားကျောင်းနားမှာတစ်လုံးကျတယ်”လို့ ပြောပါတယ်။ ရွှေညောင်ပင်ရပ်ကွက် တရုတ်စာသင်ကျောင်းရဲ့နောက်ဘက်ကျပေါက်ကွဲတဲ့လက်နက်ကြီးကြောင့် နေအိမ်တစ်လုံး အိမ်ဝင်းတံခါးအားလုံးကြေမွသွားတယ်လို့ ပြောပေမယ့် လူမရှိတဲ့အိမ်ဖြစ်တာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ အလားတူဘဲ ကြက်ပေါင်ခြံရပ်ကွက်အတွင်း ဂေါ်ရခါးဘုရားကျောင်းနီးကျပေါက်ကွဲတဲ့လက်နက်ကြီးနဲ့ မြစ်ကမ်းနံဘေးမှာ ကျပေါက်ကွဲတဲ့လက်နက်ကြီးတွေလည်း လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ကြက်ပေါင်ခြံရပ်ကွက်မှာ ပြည်ခိုင်ဖြိုးပါတီရုံးရှိပြီး စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလ ဝန်းကျင်ကစပြီး လက်နက်ကြီးအထိုင်ချထားတဲ့နေရာဖြစ်သလို မကြာခနဆိုသလို လက်နက်ကြီးပစ်ခတ်နေတာလည်းဖြစ်ပါတယ်။ ခုလို လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် တရုတ်ကျောင်းတက်နေတဲ့ကလေးမိဘတွေ စိုးရိမ်နေရပြီး အနီးပတ်ဝန်းကျင်ကပြည်သူတွေလည်း လက်နက်ကြီးကျပေါက်ကွဲမှာကို စိုးရိမ်ထိတ်လန့်စွာနဲ့နေနေကြရတယ်လို့ သိရပါတယ်။ “လူနေတဲ့ရပ်ကွက်ဘက်တွေကို ခုလိုမပစ်ကြရင်ကောင်းမယ် ကလေးတွေကျောင်းလွတ်ဖို့တောင် စိုးရိမ်တယ်။ပြီးတော့ ဒီနားတစ်ဝိုက်ဆို စစ်ရှောင်တွေလည်း များတယ်“လို့ နောက်ထပ် အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ထားပြီးနောက် မြစ်ကြီးနားမြို့တွင်းကနေ လက်နက်ကြီး ပစ်ခတ်တာအပြင် ကင်းပတ်ဒရုန်းနဲ့ညတိုင်း ကင်းလှည့်တာတွေလုပ်နေတယ်လို့လည်း မြစ်ကြီးနားမြို့ ကာကွယ်ရေးတပ်က ပြောပါတယ်။ “နေ့လည်ကျတော့လင်းနေတော့မမြင်ရဘူး ညဆို တစ်ညလုံးလုံးကင်းပတ်တာ ပြီးတော့ ဒီရက်ပိုင်းဆို လက်နက်ကြီးတွေလည်း ခပ်စိပ်စိပ်ပြန်ပစ်လာပြီ မြို့တွင်းနေရာတစ်ချို့မှာလည်း အရပ်ဝတ်နဲ့ကင်းပတ်တာတွေရှိနေတယ်”လို့ပြောပါတယ်။ လက်နက်ကြီးကျပေါက်ကွဲတဲဲ့ ကြက်ပေါင်ခြံရပ်ကွက်ဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိပြီး ရွှေညောင်ပင်ရဲ့နောက်ကျောရပ်ကွက်တစ်ဆက်တည်းရှိတဲ့ ရပ်ကွက်တွေဖြစ်ပါတယ်။ မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ရန်ကုန်မြို့နဲ့ ၉၁၉ မိုင်၊ မန္တလေးမြို့နဲ့  ၄၈၇ မိုင် ကွာဝေးတဲ့မြို့ဖြစ်ပါတယ်။  By – Zami

    Read More »
  • Aug- 2024 -
    13 August
    သတင်း

    ဗန်းမော်မှာ သုံးပတ်အတွင်း အရပ်သား ၈ ဦးသေ ၁၀ ဦးဒဏ်ရာရ

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်ပြတ်တောက်နေတဲ့ ၃ ပတ်တာကာလအတွင်း လက်နက်ကြီးကျပေါက်ကွဲတာ၊ လေယာဉ်ဗုံးကြဲတာတွေကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းခိုက်ဒဏ်ရာရရှိထားတယ်လို့ ဗန်းမော်မြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ ဖုန်းအင်တာနက်ပြတ်တောက်သွားတဲ့နောက် ၃ ရက်အကြာ ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး မိုးမောက် ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ် တစ်ကျော့ပြန်ထိုးစစ်ဆင်လာရာကနေ တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျပေါက်ကွဲတာ၊ စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး နောက်ထပ် ၁၀ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဗန်းမော်မြို့ခံတွေဆီကနေ စုစည်းထားတဲ့သတင်းချက်လက်အရ သိရပါတယ်။ “ရက်စွဲ တိတိကျကျပြောဖို့ ခက်တယ် ဖုန်းလိုင်းကမရတာနဲ့ဆိုတော့ နီးစပ်ရာကတစ်ဆင့်သိရတာ တစ်ချို့ကျတော့ ဆေးရုံရောက်လူနာတွေဆီကနေ သိရတာတွေပါ။ ကျနော်တို့သိရတာထက် ပိုများရင်လည်း များနိုင်ပါတယ် ဘာလို့လဲဆိုတော့ လက်နက်ကြီးတွေက မြို့အထဲထိကျတာတွေရှိနေတယ်လေ။ ဗန်းမော်မြို့ပြင် စီဟတ်၊ကောင်ရာ၊ ပြီးတော့ နမ့်ဖိန်း၊တာမိုင်းလုံဘက်လည်း ကျတယ်။ ပြီးတော့ ရှမ်းဝိုင်းထဲက ညီအစ်မ နှစ်ယောက်ဆို  ညီမဖြစ်သူက ဆီးစပ်ထိတယ် အစ်မဖြစ်သူက ရင်ညွန့်ထိတယ်။ သိမ်တော်ကြီးဘက်ကလည်း စစ်ရှောင်ကလေးကြီး ၃ ယောက်ထိတယ် တစ်ယောက်က ပွဲချင်းပြီးသေတယ်လို့ သိရတယ်”လို့ ဗန်းမော်ကနေ တစ်ခြားနေရာမှာရောက်နေတဲ့ ဗန်းမော်ဒေသခံတစ်ဦးအမျိုးသားတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေဟာ နမ့်ဖားကျေးရွာ ၁၉ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးသေဆုံး ၊ ၂ မိုင် စာသင်ကျောင်းနား အမျိုးသား ၂ ဦးသေဆုံး၊စီဟတ် လေယာဉ်ဗုံးကြဲ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးသေဆုံး၊ လယ်ပေါ်ဘုန်းကြီးကျောင်း လက်နက်ကြီးကျ ဥပဇင်း ၂ ပါးဒဏ်ရာရ၊ ၃ မိုင် လက်နက်ကြီးကျ ကလေးတစ်ဦးကျည်ထိမှန်ဒဏ်ရာရ ၊ မင်းလှလက်နက်ကြီးကျ အဖွားအိုတစ်ဦးသေဆုံး၊ နောင်ခိုကျေးရွာ လက်နက်ကြီးကျ အမျိုးသား တစ်ဦးသေ၊ သိမ်တော်ကြီး စစ်ရှောင်စခန်း လက်နက်ကြီးကျ စစ်ရှောင်ကလေး  ၃ ဦးထိ တစ်ဦးသေ၊ ရှမ်းဝိုင်း လက်နက်ကြီးကျ ညီိအစ်မ ၂ ဦးကျည်ထိ၊ ပေါက်ကုန်း လက်နက်ကြီးကျ ကလေးတစ်ဦးသေဆုံး အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ၊တာမိုင်းလုံ လက်နက်ကြီးကျပေါက်ကွဲပြီး အရပ်သား ၃ ဦးထိခိုက်ဒဏ်ရရှိထားတယ်လို့ ဗန်းမော်ပြည်သူတွေ ပေးပို့လာတဲ့ အချက်လက်အရ သိရပါတယ်။ လက်နက်ကြီး၊လေယာဉ်ဗုံးကြောင့် သေဆုံးတဲ့ အရပ်သား ၈ ဦးထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါ  စုစုပေါင်း အမျိုးသမီး ၃ ဦးပါဝင်ပြီး၊ ကျန်တဲ့ ၅ ဦးထဲမှာ ကလေး ၂ ဦးနဲ့ အမျိုးသား ၃ ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ခုလိုလက်နက်ကြီးကျပေါက်ကွဲတာ၊ လေယာဉ်ဗုံးကြဲတာအပြင် ဗန်းမော်မြို့ဘက်ကို ဦးတည်လာနေတဲ့တိုက်ပွဲကြောင့် ဗန်းမော်မြို့ခံအများပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေကြပေမယ့် ငွေကြေးခက်ခဲတဲ့ ပြည်သူတစ်ချို့နဲ့ ဗန်းမော်မြို့ခရိုင် မံစီ၊မိုးမောက်ဘက်က လာရောက် မြို့တွင်းစစ်ရှောင်သူတွေများနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်နေတဲ့အတွက် ပြည်သူတွေဟာအဖက်ဖက်ကနေ အခက်ခဲမျိုးစုံကြုံတွေ့နေတာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်တာတွေအထိ ဖြစ်လာတယ်လို့ ဗန်းမော်မြို့ခံ အမျိုးသမီးတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “အဆက်အသွယ်တွေပြက်တောက်သွားတော့ စီးပွါးရေး လူမှုရေး ပညာရေး အားလုံး နစ်နာရပါတယ်။ ကုန်ဈေးနှုန်းတက် လူမှုရေးအဆက်အသွယ်ပြက်တော့ စိတ်ပိုင်းဆိုင်ရာထိခိုက်လာတယ် အင်တာနက်မရရင်တောင်ဖုန်းလှိုင်းလေးရရင် အဆင်ပြေမှာ”လို့ပြောပါတယ်။ လက်ရှိ ဗန်းမော်ခရိုင်ထဲက မြို့နယ်တစ်ခုဖြစ်တဲ့ မိုးမောက်နယ် ခမရ ၃၄၇ တပ်စခန်းကို KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး နှစ်ဖက်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာ ၃ ပတ်ကျော်ကြာလာနေတဲ့အပြင် ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းအားလုံးပြတ်တောက်နေတာကြောင့် တိုက်ပွဲနဲ့အနီးဆုံးမှာရှိတဲ့ ဗန်းမော် ပြည်သူတွေဟာ သတင်းစီးဆင်းမှုတွေရပ်တန့်နေပြီး စိုးရိမ်မှုများစွာနဲ့နေနေရတယ်လို့ သူက ဆက်ပြောပါတယ်။ KIA ပူးပေါင်းတပ် ထိုးစစ်ဆင်နေတဲ့ခမရ ၄၃၇ ဟာ ဗန်းမော်မြို့နဲ့ ၇ မိုင်ဝေးတဲ့နေရာမှာရှိပြီး ဗန်းမော်မြို့ကို လုံခြုံရေးယူပေးတဲ့ ဆယ်စုနှစ်တစ်စုကြာ တပ်စခန်းကြီးဖြစ်ပြီး ဒီတပ်စခန်းကြီး ကျသွားပါက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်ဖော်ဆောင်လာနိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးအရှိန်ဟာ တစ်ဖြည်းဖြည်းမြင့်တက်နေဆဲဖြစ်ပြီး  ၅ လကျော်အတွင်း မြို့ ၉ မြို့နဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက် စခန်းကြီးငယ်ပေါင်း တစ်ရာကျော်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ By – Zami

    Read More »
  • Jul- 2024 -
    17 July
    သတင်း

    အပစ်ရပ်တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေ

    စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ် MNDAA တို့ အကြား အပစ်ရပ်မယ်ဆိုတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုတိုက်ခိုက်တာတွေပါလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျောက်မဲမြို့နယ် နဲ့ နောင်ချိုမြို့နယ် တို့မှာတော့ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးတာ၊ ဒရုန်းကနေ ဗုံးကြဲ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပါလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကပဲသတင်းထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာ လားရှိုးမြို့နယ်မှာဆိုရင် မနေ့က ဇူလိုင်လ ၁၅ ရက်နေ့မနက်ပိုင်းကလည်းပစ်ခတ်သံတွေကြား နေရသလို ဒီနေ့မနက်ပိုင်းမှာတော့ ခမရ ၅၀၇ အနီးတစ်ဝှိုက်ကနေပစ်ခတ်မှုသံတွေကြားနေရဆဲလို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “လားရှိုးကတော့ဆက်ဖြစ်နေတုန်းပဲ မနက်ကလည်းပစ်နေတာပဲ။ မနက်က ၅၀၇ တပ်နားတွေဖြစ်နေ တုန်းပဲ။ အပစ်ရပ်တယ်ဆိုပေမဲ့လည်း ပစ်ခတ်မှုတွေရှိနေတုန်းပဲ။ ဒေသခံတွေကတော့နေ့တိုင်းပြေးနေ တုန်းပဲ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ ကိုးကန့်တပ်မတော် MNDAA ဘက်က ဒီကနေ့မနက်ပိုင်းမှာ လားရှိုးမြို့နယ်အဝင်မုခ်ဦးအထိ ရောက်ရှိလာပြီး စစ်ကောင်စီတပ်ဘက်ကလည်း အင်အားတွေဆက်တိုက်ဖြည့်တင်းထားတဲ့အတွက် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ဒေသခံတွေကသုံးသပ်နေကြပါတယ်။ မနေ့ကညပိုင်း ၈ နာရီဝန်းကျင်လောက်မှာ လားရှိုးမြို့နယ် နားမခေါ်ရပ်ကွက် လမ်းသွယ် ၄ မှာ လက်နက်ကြီး စထိမှန်ခဲ့လို့ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်သေဆုံးခဲ့ပြီး အမျိုးသားတစ် ယောက်ထိခိုက် ဒဏ်ရာရှိခဲ့ပါသေးတယ်။ တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကထုတ်ပြန်ချက်ထဲမှာဆိုရင် နောင်ချိုမြို့နယ် ဘန့်ဘွေးနဲ့ ရေဝင်ရွာတွေမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဟာ သဲခေါ်ရွာနားက TNLA ရဲ့တပ်စခန်းကိုလက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့ပါပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကျောက်မဲမြို့နယ်ထဲမှာတော့ စစ်ကောင်စီရဲ့ ခမရ ၅၀၁၊ ၅၀၂ တပ်ဖွဲ့တွေဘက်က စစ်ကြောင်းထိုး တိုက်ခိုက်လာလို့ နတ်တောင်အနီးတစ်ဝှိုက်နဲ့ နောင်ပိန်ရွာ တစ်ဝှိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA တို့နဲ့ စစ်ကောင်စီတပ်အကြား ဇူလိုင်လ ၁၄ ရက် နေ့ကနေ ၁၈ ရက်နေ့အထိ ၄ ရက်ကြာအပစ်ရပ်မယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်လာရင်တော့ ပြန်လည်ခုခံနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ By – အမိုး

    Read More »
  • 12 July
    သတင်း

    ရေဘေးသင့်နေတဲ့ ဝိုင်းမော်ဘက်ကို စစ်တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ

    ဝိုင်းမော်မြို့နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တွေကြား စစ်ရေးလှုပ်ရှားမှုတွေရှိလာသလို စစ်တပ်ဘက်ကနေလည်း မြစ်ကြီးနား ၊ ဝိုင်းမော်မြို့ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းအထိ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေမှာ ရေဘေးအန္တရာယ်ကို ကြုံတွေ့နေရတာကြောင့် တစ်ပတ်ဝန်းကျင် လက်နက်ကြီးသံတွေငြိမ်သက်သွားပေမယ့် ဇူလိုင် ၁၀ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ လက်နက်ကြီးသံတွေ ဆက်တိုက်ပြန်ကြားနေသလို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရှိလာတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီရက်ပိုင်းမှာ နောင်းချိန်းနဲ့ စန်ကားရွာတွေမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို KIA တပ်တွေက အပေါ်ကနေ ပစ်ခတ်တာတွေရှိပါတယ်။ ပစ်ခတ်ခံရတဲ့ စစ်တပ်ဘက်ကနေ ထိခိုက်တာတွေရှိတယ်လို့ကြားရတယ်။ အဲဒါကြောင့် အခု ဝိုင်းမော်မှာ လက်နက်သံတွေ ပြန်ကြားလာရတာက စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်နေတဲ့သဘောပါ”လို့ပြောပါတယ်။ နောင်းဟီးနဲ့ စန်ကားကျေးရွာတွေမှာ တပ်စွဲရှိနေတဲ့ စစ်ကောင်စီတပ်သားတစ်ချို့ KIA ပူးပေါင်းတပ်တွေရဲ့ ဒရုန်းတိုက်ခိုက်ခံရတာတွေရှိနေတာကြောင့် စစ်တပ်ဘက်ကနေ KIA တပ်တွေရှိနိုင်တဲ့ အောင်မြေ(၁)၊ အောင်မြေ(၂)၊ ခါးရှီ၊ နောင်စီပေါ၊ စတဲ့ကျေးရွာတွေကို ဇူလိုင် ၁၀၊ ၁၁ ရက်နေ့တွေမှာ ည၊ မနက်၊ နေ့လည် တစ်ရက်ကို သုံးကြိမ်ထက်မနည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အောင်မြေ(၂)၊ ခါးရှီ  ကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိနေပြီး အဲဒီကျေးရွာတွေမှာရှိတဲ့ ကျေးရွာနေပြည်သူတွေက ရွာလုံးကျွတ် စစ်ဘေးရှောင်နေတာကြောင့် ထိခိုက်ဒဏ်ရာမရှိတာလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်နေ ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနားမြို့ဘက်က မြောက်ပိုင်းတိုင်းစစ်ဌာချုပ်(မပခ)ကနေ လက်နက်ကြီးပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်နေ  မြစ်ကြီးနားမြို့ထဲက မြေမြင့်ရပ်ကွက်နဲ့ အေးမြသာယာရပ်ကွက်နေရာတွေမှာ လက်နက်ကြီးတွေထားပြီး ဝိုင်းမော်ဘက်ကို ပစ်ခတ်နေတယ်လို့လည်း မြေမြင့်ရပ်ကွက်နဲ့ နီးစပ်တဲ့ ပြည်သူတွေကပြောပါတယ်။ အခုလို စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ရက်ပိုင်းအတွင်း ရေဘေးကြုံတွေ့နေရတဲ့ ဝိုင်းမော်ဒေသခံပြည်သူတွေက တိုက်ပွဲပြန်လည် ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လနဲ့ မေလ တွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အောင်မြေ(၁)၊ အောင်မြေ(၂)၊ လမြန်၊ မုတ်ကျိတ်၊ နန်ဝါ၊ လဘန်၊ ဝူယန် ၊ စန်ကား ၊ နောင်ဟီး၊ ခါးရှီ၊ အင်းလေး စတဲ့ ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေက ကျေးရွာထဲကနေ တိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။ ဇူလိုင် ၁ ရက်နေ့ ကစပြီး တစ်ပတ်ဝန်းကျင်လောက် အဆက်မပြတ်မိုးရွာသွန်းခဲ့တာကြောင့် ဝိုင်းမော်မြို့နယ်ထဲမှာ ရေကြီးရေလျှံဖြစ်ပြီး ဝိုင်းမော်ပြည်သူတွေ စစ်ဘေးရှောင်နေတဲ့ စစ်ရှောင်စခန်းနေရာတွေမှာ ရေဝင်ရောက်ခဲ့တာကြောင့် စစ်ဘေးအပြင် ရေဘေးအန္တရာယ်ပါ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 10 July
    သတင်း

    လားရှိုးမှာ လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦး နဲ့ အမျိုးသမီးနှစ်ဦးသေဆုံး

    “ဒီနေ့မနက်က လားရှိုးဘူတာရုံ သီပေါကလာရင်အဝင်ပေါ့ အဲ့ဒီမှာ၂လုံးကျတယ်။ သုံးယောက်သေတယ် ၁၃ ယောက်ဒဏ်ရာရတယ် အခုမနက်ပဲဖြစ်သွားတာ ဒီမနက်သေတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် ကောင်မလေး ဆို မင်္ဂလာဆောင်တာတောင်မကြာသေးဘူး”လို့ပြောပါတယ်။

    Read More »
  • 8 July
    သတင်း

    လားရှိုးမှာ ၅ ရက်အတွင်း အရပ်သား ၁၇ ဦးသေဆုံး

    “မနေ့ည ရှော့တိုက်ဒုံးပစ်တဲ့ဟာ ည ၁၀ နာရီခွဲလောက်မှာ အိမ်တစ်အိမ်ထိသွားတာ။ အိမ်တစ်အိမ်ထိတော့ ယောက်ျားလေး ၃ ယောက်ရှိတယ်။ ၂ ယောက်က ထိခိုက်ဒဏ်ရာရတယ် တစ်ယောက်က ဆုံးသွားတယ်။ ထိခိုက်တဲ့သူတွေက ဆိုးဆိုးဝါးဝါးတော့မဟုတ်ဘူး တစ်ယောက်က ခြေထောက်ထိ၊ တစ်ယောက်က မျက်နှာတွေမှာထိတယ်။”လို့ နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

    Read More »
  • 3 July
    သတင်း

    လားရှိုးမှာ လက်နက်ကြီးကျပေါက်ကွဲလို့ မိသားစုဝင် ၆ ဦးသေဆုံး

    ရှမ်းမြောက် လားရှိုးမြို့အနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်အကြား တိုက်ပွဲပြင်းထန်နေပြီး လူနေရပ်ကွက်ထဲလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် မိသားစု ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင် ၃ ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်မှာ လားရှိုးမြို့ ရပ်ကွက်(၁)ဗျူဟာလမ်းထဲက နေအိမ်တစ်အိမ်ထဲလက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အတွက် အမျိုးသမီး ၂ ဦး၊ ကလေး ၃ ဦး၊ အမျိုးသား ၁ ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရတယ်လို့ အိမ်နီးချင်းက ဒေသခံတွေဆီကနေ သိရပါတယ်။ “လက်နက်ကြီးသံတွေပဲ ကြားနေရတယ်။ ဒီမနက်တော့ ဘယ်ကပစ်လိုက်တဲ့လက်နက်ကြီးလည်း မသိဘူး အိမ်တစ်အိမ်မှာလာကျပြီး မိသားစု ၅ ဦးသေဆုံးသွားတာ။ လက်နက်သံတွေ ဆိုးဆိုးရွားရွားမြည်လာတော့ အိမ်နဲ့လည်းအရမ်းနီးတာနဲ့ ကျမတို့လည်း ကတုတ်ကျင်းထဲပဲပြေးဝင်နေချိန် အိမ်နားကပဲ အဲလိုဖြစ်သွားတာ။” လို့ အနီးနားရှိသူ ဒေသခံအမျိုးသမီးတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ သေဆုံးသွားသူ မိသားစုမှာ မုဆိုးမဖြစ်သူ ဒေါ်မခေါ်မာဂျီနဲ့ သားကြီး ဇနီးမောင်နှံအပြင် သားငယ်တစ်ဦး နဲ့ အိမ်မှာကျောင်းလာတက်ရင်းနေနေတဲ့ ကလေး ၂ ဦး  စုစုပေါင်း ၆ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ရုပ်အလောင်းကိုတော့ အသင်းတော်အဖွဲ့အစည်းက ဘုရားကျောင်းကိုသွားရောက်သယ်သွားခဲ့ပေမယ့် အလောင်းကိုစစ်ဆေးရမယ်လို့ဆိုကာ လူမှုကူညီရေးအသင်းပြန်လာသယ်ယူပြီး လက်ရှိရင်ကွဲရုံကိုပြန်ပို့ထားတယ်လို့ သိရပါတယ်။ လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေအကြား မနေ့ည သန်းခေါင်ချိန်ကစပြီး တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတာဖြစ်တယ်လို့ဆိုပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ဘက်က လားရှိုးမြို့ပတ်ပတ်လည်ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ဘက်ကလည်း လားရှိုးမြို့ထဲကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “အခု ပြေးမယ်ဆိုလည်း ဘယ်ကိုပြေးရမှန်းမသိနေဘူး။ ဘာကြောင့်ဆို ကွတ်ခိုင်ဘက်လမ်းလည်း တူးဖော်ဖြတ်တောက်ထားတယ်။ တန့်ယန်းလမ်းတစ်ခုပဲပေါက်တာလည်း ဒီမနက်ကပဲ တံတားထိထားတယ်ကြားတယ်။ မြို့အပြင်ထွက်ဖို့ လမ်းမတွေ့တော့ဘူး။ အခုလောလောဆယ်က ကိုယ့်အိမ်ဝင်းထဲက ကတုတ်ကျင်းတွေမှာပဲ ခိုလှုံနေကြရတယ်။”လို့ လားရှိုးဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ကျော်လောက်ကစပြီး လားရှိုးမြို့အနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေကြား စစ်ရေးတင်းမာလာတာဖြစ်ပြီး စစ်တပ်ဘက်က လားရှိုးမြို့ကို ဝင်တဲ့အထက်ပိုင်းလမ်းကြောင်းအားလုံးကို ဘတ်ဖိုးနဲ့တူးကာ လမ်းတွေဖြတ်တောက်လိုက်တာဖြစ်ပါတယ်။  ၁၀၂၇ စစ်ဆင်ရေးပြီးနောက် တရုတ်ကြားဝင်မှုနဲ့ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေအကြား အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာပဲ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ညီနောင်မဟာမိတ်တွေရှိတဲ့ဘက်ကို လက်နက်ကြီးအပါအဝင်လေကြောင်းနဲ့အကြိမ်ကြိမ်လာရောက်ပစ်ခတ်တာတွေ ပြုလုပ်တာကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းတစ်ဖန်ပြန်လည် စတင်နေတာဖြစ်ပါတယ်။ By –…

    Read More »
  • Jun- 2024 -
    26 June
    သတင်း

    ဆိုင်းတောင်မှာ လက်နက်ကြီးကျကွဲပြီး အရပ်သား ၄ ဦးထိခိုက်၊ တစ်ဦးသေဆုံး

    ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျမှန်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ဇွန်လ ၂၆ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၉ နာရီဝန်းခန့် ဖားကန့် မြို့မရပ်ကွက်မှာရှိတဲ့ စစ်တပ်ကုန်းကနေပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးဟာ  ဆိုင်းတောင်ကျေးရွာ စိန်မြသုခ ဘုန်းကြီးကျောင်းဝင်ထဲ ကျမှန်ပေါက်ကွဲခဲ့ရာ ဘုန်ကြီးကျောင်းအနီးတဝိုက်က လက်ဖက်ရည်ဆိုင်နဲ့ရွှေပန်းတိမ်ထဲမှာရှိနေတဲ့ အရပ်သား ၃ ဦးမှာကျည်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးရှိခဲ့တယ်လို့ ဖားကန့် ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “လက်နက်ကြီးက စိန်မြသုခဘုန်းကြီးကျောင်းဝင်ထဲမှာကျကွဲတော့ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ ကောင်လေးတစ်ယောက်က လက်တစ်ဖက်ကျိုးသွားတယ်။ ဆိုင်မှာလာထိုင်နေတဲ့ တစ်ယောက်ကပွဲချင်းပြီး သေဆုံးသွားတယ်။ ရွှေဆိုင်က ပန်တိမ်ဆရာတစ်ယောက်လည်းထိသွားတယ်”လို့ပြောပါတယ်။ အလားတူဘဲ ဖားကန့်စစ်တပ်ကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ရှမ်းကုန်းရပ်ကွက် နေအိမ်တစ်အိမ်မှာလည်း တစ်လုံးကျမှန်ပေါက်ကွဲခဲ့တာကြောင့် ကရင်ကောင်လေးတစ်သီးလည်း ပြင်းထန်ဒဏ်ရာရရှိထားတယ်လို့သိရပေမယ့် ရှမ်းကုန်းဘက် လမ်းတွေပိတ်ထားတာကြောင့် ဆေးကုသဖို့ခက်ခဲနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့မနက် စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ဆိုင်းတောင်ကျေးရွာအနီးတဝိုက်ပတ်ပတ်လည်မှာ သုံး၊ လေး နေရာလောက်မှာ ကျမှန်ပေါက်ကွဲခဲ့တဲ့အတွက် စုစုပေါင်း အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ထဲက လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးကာ စားပွဲထိုးနဲ့ ရွှေပန်တိမ်ဆိုင်ကတစ်ဦးက ဒဏ်ရာပြင်းထန်တဲ့တွက် ဆေးကုသခံယူနေပြီး ရှမ်းကုန်းဘက်က အမျိုးသားကတော့ ဆေးကုသခွင့်မရသေးဘူးလို့ သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်အထိ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေသေးတာကြောင့် လက်နက်ကြီး ထိမှန်သေဆုံးသူတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ သူတွေရဲ့ အချက်အလက်အသေးစိတ်ကို သိရှိဖို့ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ဖားကန့် ဆိုင်းတောင်နဲ့ လုံးခင်းကျေးရွာတွေမှာ ဇွန်လ ၂၅ ရက်နေ့ကစတင်ပြီး စစ်တပ်ဘက်က ကျေးရွာအနီးတဝိုက် စစ်အင်အား ၃၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကြောင်း ၂ ကြောင်း စစ်ရေးလှုပ်ရှားသွားလာနေတာကြောင့် ဆိုင်းတောင်အနီးတဝိုက်မှာ KIA ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး KIA ပူးပေါင်းတပ်တွေရှိတဲ့နေရာဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာ နှစ်ရက်ဆက်တိုက်ရှိပြီလို့ သိရပါတယ်။ တစ်ဖက်မှာ KIA ပူးပေါင်းတပ်တွေဘက်ကလည်း စစ်ကောင်စီတပ်သားတွေ စစ်ရေးလှုပ်ရှားသွားလာလို့မရအောင် စစ်တပ်ရှိတဲ့နေရာတွေဘက်ကို ဒရုန်းနဲ့ တိုက်ခိုက်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ဖားကန့်မြို့နဲ့ နီးတဲ့ ကျေးရွာတွေမှာ စစ်တပ်ဘက် အခုလိုစစ်ရေးလှုပ်ရှားလာပြီး တိုက်ပွဲတွေ ဖြစ်ပွားလာတာဟာ အခုရက်ပိုင်းအတွင်း အင်းတော်ကြီးဒေသ နဲ့ ဖားကန့် အစပ် ဝှေခါလမ်းတစ်ကြော စစ်တပ်နဲ့ ရှမ်းနီးပြည်သူ့စစ်တပ်စခန်းတွေကို KIA တပ်တွေ တိုက်ခိုက်သိမ်းပိုက်တာတွေရှိနေတာကြောင့် လုပ်ဆောင်လာတာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့် ဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။ “ဆိုင်းတောင်အနီးတဝိုက်မှာလည်း KIA တပ်တွေပုံမှန်ရှိတယ်လေ။ စစ်တပ်က စစ်ကြောင်းသွားလာတာတွေရှိလာတော့ ထိတွေ့တိုက်ပွဲတွေဖြစ်တဲ့သဘောပါ။ အဲကြောင့် လက်နက်ကြီးတွေ ပစ်နေတာ။ အခုထိလည်းပစ်နေတုန်း တစ်ညလုံးလည်းပစ်တယ်။ အခုတလော မိုးညှင်း – အင်းတော်ကြီးဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတော့ စစ်တပ်က ခြေဆွဲတဲ့ ပုံစံနဲ့ စစ်ရေးလှုပ်ရှားလာတာလို့မြင်တယ်။ အရမ်းကြီး သွားလာဖို့လည်း အင်အားတော့မရှိဘူး။ ပြည်သူတွေရှိတဲ့ နေရာတွေမှာ အကာအကွယ်ယူပြီးတော့ သွားလာနေတာဟုတ်”လို့ပြောပါတယ်။ မနေ့က ဇွန်လ ၂၅ ရက်နေ့မှာလည်း ဖားကန့် ဗျူဟာကုန်းက တစ်ရက်လုံး လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ လုံးခင်းရပ်ကွက် ကျောက်စိမ်းပြတဲ့ စျေးတန်းအနီးက နေအိမ်တစ်ခုမှာ လက်နက်ကြီးကျပြီး မီးလောင်ပျက်စီးတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မတ်လလောက်အထိ KIA က စခန်းသိမ်းတိုက်ပွဲတွေဖော်ခဲ့တာဖြစ်ပေမယ့်  ၂ လကျော်လောက်အထိ တိုက်ပွဲတွေ ငြိမ်သက်နေတာလည်းဖြစ်ပါတယ်။ နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button