သတင်း

တနိုင်းပယင်းမှော် လက်လုပ်လက်စား လုပ်ကိုင်ခွင့်ရတော့မည်

နိုင်ငံတော်သမ္မတ၏ ခွင့်ပြုမိန့်ဖြင့် ပထမအကြိမ် ကချင်ပြည်နယ် တနိုင်း ပယင်းမှော် လက်လုပ်လက်စား လုပ်ကိုင်ခွင့် ဧက ၇ ထောင်ခန့်ကို ချပေးတော့မည်ဖြစ်ကြောင်း သိရပါသည်။

ဒေသခံများနှင့် သက်ဆိုင်ရာလွတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုမှုအရ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပြီး ဧကပေါင်း ၆၉၁၈.၉၅ ကို ပြည်နယ်အစိုးရ ဦးဆောင်မှုအောက် အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဒရှီလဆိုင်း ထံမှ သိရပါသည်။

“ကျနော်တို့ ဒီဟာနဲ့ပတ်သက်ပြီး လုပ်ကွက်တွေကို စနစ်တကျ ချပေးဖို့က တနိုင်းအုပ်ချုပ်ရေးမှူးုကို တာဝန်ယူ ဆောင်ရွက်ခိုင်းထားတယ်။ တကယ့်အကွက်ချဆောင်ရွက်လာတဲ့အချိန်မှာလည်း တပြိုင်နက် ကြေညာပေးမယ်။ အဲ့နောက်ပိုင်းမှာက အကွက်လျှောက်ထားမှုတွေ ပြုလုပ်ရမယ် ဖြစ်တယ်။ အကွက်လျှောက်တဲ့သူတွေဆိုရင် ဒေသအတွင်းရှိ အိမ်ထောင်စု ကိုင်ဆောင်ထားသူတွေကို ဦးစားပေးဆောင်ရွက်ပေးမယ်။ ဘာကြောင့်လဲဆိုတော့ ဒေသခံတွေ လုပ်ငန်းအခွင့်အလမ်းတွေ ရရှိအောင် ဆောင်ရွက်ပေးခြင်ဖြစ်သည်”ဟုပြောဆိုထားသည်။

တရားဝင်တူးဖော်ခွင့်ရရှိသည့် နေရာ ၃ ခုမှာ နွယ်နီဘွမ် ၊ နန်မဖြူ နှင့် ထပရားမှော် တို့ဖြစ်ပြီး လုပ်ငန်း လုပ်ကိုင်ခွင့်ကို အဓိကအားဖြင့် ၎င်းဒေသရှိ မူရင်းအိမ်ထောင်စု ကိုင်ဆောင်ထားသူများကိုသာ ချပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီး ထပ်မံ ပြောဆိုသွားပါသည်။

ပယင်း လုပ်ကွက်ချပေးရာတွင် လူတစ်ဦးလျှင် ၁ ဧကနှုန်းဖြင့် မြန်မာ ကျပ်ငွေ ၁၁ သိန်း သတ်မှတ်ထားပြီး စက်တင်ဘာလ လဆန်းပိုင်းမှ စတင်တူးဖော်နိုင်အောင် လုပ်ဆောင်နေကြောင်း သိရပါသည်။

ပြည်သူလူထုများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် နှင့် နယ်မြေလုံခြုံရေး ရှိစေရန် အစိုးရ၏ လုပ်ဆောင်မှုများအပေါ် သက်ဆိုင်ရာ ပုဂ္ဂိုလ်များမှလည်း ပါဝင်ဆောင်ရွက်ပေးရန် အထူးလိုအပ်ကြောင်း ဦးဒရှီလဆိုင်း မေတ္တာရပ်ခံ တောင်းဆိုထားပါသည်။

၂၀၁၈ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအရ ပြည်နယ်အစိုးရတွင် လုပ်ပိုင်ခွင့်ရှိသောကြောင့် လူထုအကျိုးအတွက် စနစ်တကျ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တနိုင်တပိုင် ပယင်းတူးဖော်ခွင့် ရရှိလာရန် လွှတ်တော်သို့ တင်ပြတောင်းဆိုခဲ့သော တနိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောဆိုသည်။

“ပြည်ထောင်စုကနေ ပယင်းလုပ်ကွက်ချပေးမယ်ဆိုတာကို သိရတော့ ဝမ်းသာတယ်။ ဒါက ဒေသခံပြည်သူတွေ လုပ်ငန်းအခွင့်အလမ်းတွေ ရရှိလာမယ်။ အစိုးရအခွန်လည်း တိုးလာမယ်။ အဖက်ဖက်ကကြည့်ရင် အင်မတန်မှ ကောင်းပါတယ်။ ဒါပေမယ့် ဒေသခံတွေက စိုးရိမ်နေတာရှိတယ်။ လက်လုပ်လက်စားခွင့်ပြုတာကနေ တခြားစက်ယန္တရားတွေနဲ့ လက်ကြီးအုပ်သွားမှာကို စိုးရိမ်းနေကြတယ်။ ဒီအပိုင်းကို စနစ်တကျ လုပ်ဆောင်ပေးသင့်တယ်” ဟု ပြောဆိုသည်။

ယခုလို တနိုင်း ပယင်းမှော် တစ်နိုင်တပိုင် လုပ်ကွက်များ တရားဝင်ချပေးရေး ရှေ့ဆက် လုပ်ငန်းစဉ်များ အကြောင်းအရာကို ဇွန်လိုင် ၃ရက်နေ့ ကချင်ပြည်နယ် အစိုးရအဖွဲ့တွင်း ဆွေးနွေးခဲ့ကြကြောင်း ထပ်မံ သိရပါသည်။

၂၀၁၇ နှစ်လယ်ပိုင်းခန့် တနိုင်းရွှေမှော် ပယင်းမှော်ဒေသများတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲများဖြစ်ပွားလာသောကြောင့် သတ္တူတူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားပြီးနောက် အစိုးရအစီစဉ်ဖြင့် ပထမအကြိမ် တရားဝင်ဖြစ်လာစေရန် လုပ်ဆောင်နေခြင်းဖြစ်ပါသည်။

 

Show More

Related Articles

Back to top button