သတင်း

တရားသူကြီးကို ချိန်ခွင်ပျက်တစ်ခု ပေးသော ကချင်လူငယ် ထောင် ၃လ ချခံရ

ထောင်ဒဏ် ၁၅ရက် ပြစ်ဒဏ်ချမှတ်ခံရခြင်းကြောင့် တရားသူကြီးကို ချိန်ခွင်ပျက်တစ်ခု ပေးခဲ့သော ကချင်လူငယ် ကိုပေါလုကို မြစ်ကြီးနား မြို့နယ်တရားရုံးက ယနေ့ ထောင်ဒဏ် ၃လ ထပ်မံ ချမှတ် လိုက်ပါသည်။

လမ်းဘေးတေးသရုပ်ဖော်ပြမှုနဲ့ပတ်သက်ပြီး ကိုပေါလုနှင့် မဆိုင်းနူးပန် တို့၂ဦးကို ယခုအပတ် တနလာင်္နေ့ ထောင်ဒဏ် ၁၅ရက် ချမှတ်ခဲ့သည့်အပေါ် တရားမျှတမှုမရှိကြောင်း အမှတ်အသားအဖြစ် ကိုပေါလု က တရားသူကြီး ဦးသန်းထွန်းအား ချိန်ခွင်ပျက် ပေးခဲ့သည်ဟု သိရပါသည်။

ထို့ကြောင့် တရားစီရင်ရေး လုပ်ငန်းဆောင်ရွက်နေစဉ် နှောက်ယှက်စော်ကားမှု ရာဇသတ်ကြီး ပုဒ်မ ၂၂၈ဖြင့် အရေးယူပေးရန် တရားသူကြီး ဦးသန်းထွန်း တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကို ယနေ့ အပြီးသတ်အမိန့်ချမှတ်ခဲ့ပါသည်။

“စက်တင်ဘာလ ၂ ရက်နေ့မှာ ကျနော်တို့ကို အမိန့်ချတယ်ပေါ့နော်။ ဒီအမိန့်ချလိုက်တဲ့အပေါ် တရားသူကြီးရဲ့ ဆင်ခြင်တုံတရား မှားယွင်းနေပါတယ်ဆိုပြီး ကျနော်တို့က ခံယူတဲ့အတွက် တဖက်မှာလည်း မြန်မာနိုင်ငံ တရားစီရင်ရေးမဏ္ဍိုင်တစ်ခုလုံး ယိုယွင်းပျက်စီးနေပါတယ်ဆိုတာ တစ်တိုင်းပြည်လုံးသိတယ်။ ဒါကို ကျနော်တို့ ပြည်သူများ သိရှိအောင် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ သိရှိအောင် ဒီလုပ်ရက်ကို ကျနော် လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်။” ဟု ထောင်ဒဏ် ချမှတ်ခံရသော ကိုပေါလု တရားရုံးရှေ့တွင် ပြောဆိုခဲ့ပါသည်။

ရာဇသတ်ကြီး ပုဒ်မ ၂၂၈ ဥပဒေပြဌာန်ချက်အရ ပြစ်ဒဏ်ချမှတ်ရာတွင် ငွေဒဏ်(သို့မဟုတ်) ထောင်ဒဏ် ချမှတ်နိုင်သည်ဖြစ်သော်လည်း ရွေးချယ်ပိုင်ခွင့်မရှိဘဲ ထောင်ဒဏ်ချမှတ်လိုက်ခြင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့စွာလုပ်ဆောင်လိုက်ခြင်းဖြစ်သည်ဟု ကချင်တစ်မျိုးသားလုံးဆိုင်ရာလူငယ်များ သမဂ္ဂ AKYU မှ ကိုလွမ်းဇောင်း က ယခုလိုပြောဆိုထားသည်။

“တရားမျှတမှု မရှိဘူးဆိုတာ မြင်တွေ့နေရပါတယ်း။ ကိုပေါလုကိုယ်တိုင်လည်း အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်။ ဒါကို တရားသူကြီးဘက်က ရွေးချယ်ပိုင်ခွင့်မရှိဘဲ ထောင်ဒဏ် ချမှတ်ခဲ့တယ်။ ဒီလိုမျိုးအနေအထားမှာဆိုရင် မျှတတဲ့ ရွေးချယ်ပိုင်ခွင့်ရရှိရမှာ ဖြစ်တယ်။ ကျနော်တို့မှာ မမျှတတဲ့ တရားစီရင်ရေးတွေ ခဏခဏကြုံတွေ့နေရတယ်။ တရားစီရင်ရေးရဲ့အထက်မှာ အုပ်ချုပ်ရေးက ထိန်းချုပ်နေတယ်ဆိုတာကို မြင်တွေ့နေရတယ်”ဟု ပြောဆိုခဲ့သည်။

တရားသူကြီးကို ချိန်ခွင်ပျက်ပေးခဲ့သည့်လုပ်ရပ်အတွက် အပြစ်ရှိကြောင်း ကိုပေါလု ကိုယ်တိုင် ဝန်ခံခဲ့သော်လည်း ထောင်ဒဏ် ၃ လ ထပ်မံ ချမှတ်ခံရခြင်းသည် မျှတမှုမရှိကြောင်း ကိုပေါလုက တရားရုံးရှေ့တွင် ထပ်မံ ပြောဆိုခဲ့ပါသည်။

တရားခွင်အပြီး ဖြစ်ပျက်ခဲ့သော အကြောင်းအရာဖြစ်သောကြောင့် တရားစွဲဆိုခဲ့သည့် ပုဒ်မ နှင့် ညှိ့စွန်းမှု မရှိကြောင်း ကိုပေါလု၏ ရှေ့နေ ဦးမာခါး ပြောပါသည်။

“အမိန့်က ချမှတ်ပြီးတဲ့နောက်မှာ ကျနော်တို့ အားလုံး အပြင်ထွက်ပြီ။ တခြားကိစ္စတွေဆောင်ရွက်နေပြီ။ ပေါလုက အထဲကိုပြန်ဝင်သွားတယ်။ အဲချိန် တရားခွင် လုပ်ငန်းကိစ္စ အားလုံး ပြီးသွားပြီ။ သူက တရားသူကြီး အပေါ်မှာ ထိုင်နေတုန်းဆိုတော့ စကားသွားပြောတာ ကျနော်တို့ အပြင်ကတော့ တွေ့တယ်။ ဒါပေမယ့် ချိန်ခွင်ပေးတယ် မပေးဘူးဆိုတာ ကျနော် မတွေ့လိုက်ဘူး။ အဲဒီဟာက ဒီပုဒ်မ နဲ့ ညှိ့စွန်းမှုမရှိဘူး။ ဘာကြောင့်ဆိုတော့ သူတို့ရဲ့ တရားစီရင်ရေးဆောင်ရွက်နေတယ်ဆိုတာ ပြီးသွားပြီ။” ဟု ပြောဆိုသွားပါသည်။

ထို့အပြင် ယနေ့ ကိုပေါလုကို သူ၏ ရှေ့နေဖြင့် တွေ့ဆုံစကားပြောဆိုခွင့်မပေးဘဲ စီရင်လိုက်ခြင်း ဖြစ်သည်ဟု ဦးမာခါး ထပ်မံ ပြောဆိုခဲ့ပါသည်။

ဇွန်လ ၉ရက်နေ့ကျရောက်သော တစ်ကျော့ပြန် ကချင်စစ်ဘေး ၈ နှစ်ပြည့် စစ်ရှောင်ပြည်သူများ၏ ခံစားချက်ကို လမ်းဘေးတေးသရုပ်ဖော်ပြရာတွင် ခွင့်ပြုမိန့်တောင်းခံခြင်း မရှိဟုဆိုကာ ဦးဆောင်သူ ကိုပေါလုနှင့် မဆိုင်းနူးပန်ကို မြစ်ကြီးနားမြို့နယ် ယာယီဒုရဲမှူး မင်းသန့်ဇော်က တရားလိုပြုကာ ငြိမ်းစုစည်ပုဒ်မ ၁၉ဖြင့်တရားစွဲဆိုခဲ့ပါသည်။

ထိုအမှုအတွက် မြို့နယ်တရားသူကြီး ဦးသန်းထွန်းက လူငယ်ခေါင်းဆောင် ၂ ဦးကို ထောင်ဒဏ် ၁၅ရက် ကျခံရန် စက်တင်ဘာ ၂ရက်နေ့တွင် ပြစ်ဒဏ်စီရင်ခဲ့ပါသည်။

Show More

Related Articles

Back to top button