သတင်း

တရုတ်-မြန်မာအကျိုးတူပြုလုပ်မည့် နန်ကျင်စီးပွားရေးဇုန်ကို ဒေသခံများ သဘောမတူ

ကချင်ပြည်နယ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတို့ အကျိုးတူလုပ်ဆောင်မယ့် နန်ကျင်စီးပွားရေးဇုန်ကိစ္စကို သဘောတူဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်နယ်အစိုးရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီနဲ့ တရုတ်ကုမ္ပဏီတို့ကြား ၂၀၁၈ မေလ ၈ ရက်နေ့က သဘောတူစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ပေမဲ့ ဒေသခံတွေကတော့ ဒီအကြောင်းကို အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ဒီကတောင်သူတွေကတော့ ဒီစီမံကိန်းကို ခဏဆိုင်းငံ့ထားစေချင်တယ်ဗျာ။ ကောင်းကျိုးရှိမှာဖြစ်ပေမဲ့ ကျနော်တို့ ဒေသခံတွေအတွက် ဆိုးကျိုးပိုဖြစ်လာမလား၊ ဘယ်သူ့ကို ပြောပြရမလဲ စဉ်းစားရခက်တယ်။ အစိုးရဘက်ကိုလည်း ဒီကိစ္စသိစေချင်တယ်။ ဒါကြောင့် တားဆီးထားနိုင်ရင်တော့ ကောင်းမယ်လို့ ထင်တယ်။” ဟု နမ်ကျင်နယ်မြေမှူး ဦးလထွယ်ပြောပါတယ်။

မြစ်ကြီးနားမြို့နဲ့ကပ်လျက် မြို့အနောက်ဘက်ခြမ်းရှိ နန်ကျင်ကျေးရွာ မြေဧက ၄,၇၀၀ မှာ ဒေသတွင်းထုတ်ကုန်တွေကို အဆင့်မြင့် ထုတ်ကုန်ပြန်လုပ်နိုင်ဖို့ စက်ရုံတည်ဆောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

စီမံကိန်းစတင်ရင် ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်မှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေးမယ့်အကြောင်း တရုတ်က ပြောဆိုထားတယ်လို့ ဒေသခံတွေကနေတစ်ဆင့် သိရပါတယ်။

အစိုးရဘက်ကတော့ မြေဧက ၄,၇၀၀ ရရှိအောင် လျော်ကြေးတွေကိုလည်း ပြင်ဆင်ထားပြီလို့ သိရပါတယ်။

“အလုပ်ပေးမယ်ဆိုတဲ့အပေါ်မှာ ပြောချင်တာတစ်ခုက သူတို့က တတ်နိုင်လုပ်နိုင်တဲ့သူတွေကိုပဲ အလုပ်ခန့်လိမ့်မယ်။ ဒါပေမဲ့ နည်းပညာလုပ်သားတွေကတော့ သူတို့တရုတ်နိုင်ငံသားတွေပဲဖြစ်မှာ။ ကျမတို့ဒေသခံတွေကတော့ လစာနည်း အလုပ်ကြမ်းတွေပဲ ရမယ်ထင်တယ်။ ဒါကြောင့် ကျမတို့ ဒီဒေသခံတွေ အလုပ်လက်မဲ့ဖြစ်သွားမှာ ပိုစိုးရိမ်တယ်။” ဟု နန်ကျင်ဒေသခံ ဒေါ်ဂျာနန် ကချင်သတင်းဌာန KNG ကိုပြောပါသည်။

 

 

လျော်ကြေးထက် အဖိုးတန်တဲ့ သဘာဝဆေးဖက်ဝင် တိုင်းရင်းဆေးခြံဧက ၆၅၀ ကို ချန်လှပ်ပေးထားဖို့ လုပ်ငန်းရှင်တွေက တောင်းဆိုနေကြပါတယ်။

ဒါ့အပြင် စက်မှုဇုန်ဖြစ်လာရင် လူမှုရေးပြဿနာတွေဖြစ်တဲ့ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနဲ့ အဌားကိုယ်ဝန်ဆောင်မှုတွေကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

“နန်ကျင်စီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရနဲ့ လူထုတွေ့ဆုံပွဲ ၂၀၀၈ ထဲမှာဘဲ မြို့တော်ခန်းမမှာ လုပ်ခဲ့တယ်။ စတွေ့တော့ ဒီမေခွန်းနဲ့ ပတ်သက်ပြီး ကျနော်မေးမြန်းခဲ့ပါတယ်။ သတင်းမီဒီယာတွေ လူထုကို အသေးစိတ်ချပြမယ့်အချိန် ကုမ္ပဏီတွေ ဘာစက်ရုံတည်ဆောက်မယ်ကအစ ပြည်သူလူထုကို ချပြမယ်ဆိုပြီးမှ ပြောတယ်။ ဒါပေမယ့် ယနေ့အချိန်ထိ ဘာတွေလုပ်မယ်၊ ဘာတွေသွားမယ်၊ ဘာတွေလက်မှတ်ထိုးမယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဒေသခံ ကချင်လူထုအနေနဲ့ ဘာမှ မသိရသေးဘူး။” ဟု နန်ကျင်စီးပွားရေးဇုန်သတ်မှတ်နယ်မြေနှင့် ပတ်သက်သော အမှုများကို ဒေသခံများဘက်မှ ကူညီပေးနေတဲ့ တရားလွတ်တော်ရှေ့နေ ဦးဂဲနက်စ် ပြောပါတယ်။

စီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံ ကချင်လူထု၏ ပါဝင်ဆွေးနွေးမှုမရှိသလို၊ ပွင့်လင်းမြင်သာမှုမရှိသော စီမံကိန်းအဖြစ် ရှုမြင်ခံနေရပါသည်။

ပြည်နယ်အစိုးရကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီဖွဲ့စည်းပြီး တရုတ်ကုမ္ပဏီနဲ့ MOU လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။ MOA အဆင့်ရောက်/မရောက်ကိုတော့ အသေးစိတ်မသိရသေးပါဘူး။

Show More

Related Articles

Back to top button