သတင်း

မြစ်ဆုံစီမံကိန်း ထာဝရ တားဝရမ်းလျှောက်ထားမှု မြစ်ကြီးနားခရိုင်တရားရုံးပယ်ချ

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပြီးတိုင်ရပ်စဲရေး စီမံကိန်းလုပ်ဆောင်နေသော ကုမ္ပဏီနှစ်ခုအား အမှုဖွင့်လျှောက်ထားမှုကို မြစ်ကြီးနားခရိုင်တရားရုံးမှ နိုဝင်ဘာ ၈ ရက်နေ့တွင် ပယ်ချ လိုက်ပါသည်။

မြစ်ဆုံကျေးရွာများဖြစ်သော အောင်မြင်၊ မလိယန် နှင့် ကျိန်ခရန် ဒေသခံ စုစုပေါင်း ၃၀၂ ယောက်ကိုယ်စား စီမံကိန်းကို ထာဝရ တားဝရမ်းထုတ်ပေးရန် အောက်တိုဘာ ၂၅ ရက်နေ့ လျှောက်တင်ခဲ့ရာ ယမန်နေ့တွင် ပယ်ချခဲ့ခြင်း ဖြစ်ပါသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရကြား စာချုပ်ဖြစ်ပြီး အမှုလျှောက်ထားမှုသည် ကုမ္ပဏီ ၂ ခုကို တရားစွဲဆိုပေးရန်
ဖြစ်သောကြောင့် ပယ်ချခဲ့ရခြင်းဖြစ်ကြောင်း မြစ်ကြီးနားခရိုင် တရားသူကြီး ဦးညွန့်လင်း ဆိုသည်။

“တရားစွဲဆိုတဲ့ အဆိုလွှာပေါ့ လျှောက်လွှာမှာ ဘယ်လိုပါလဲဆိုရင် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့ စာချုပ်ပြီးတော့ မြစ်ဆုံစီမံကိန်းကို စီမံဆောင်ရွက်ကြတာကိုး။ ခုသူတရားစွဲတာက SPIC နှင့် အေးရှားဝေါ ကုမ္ပဏီတွေကို တရားစွဲထားတာကြောင့် မပေါပေါက်ဘူးဆိုပြီး ပယ်လိုက်တာပါ။” ဟု ဦးညွန့်လင်းက ပြောသည်။

ဒေသခံများကိုယ်စား တရားစွဲဆိုမှုကို ဦးဆောင်ခဲ့သည့် အထက်တန်းရှေ့နေ ဦးဖိုးဖြူက မြစ်ကြီးနားခရိုင်ရုံး၏ ယခုကဲ့သို့ အမိန့်ချမှတ်လိုက်သည့်အပေါ် ၎င်းတို့အနေဖြင့် အထက်ရုံးတော်ထံသို့ ဆင့်ဆင့် အမှု ပြင်ဆင်မှု ၊ အယူခံခြင်းများ ဆက်လက်တင်သွင်းသွားမည်ဖြစ်ကြောင်း ပြောသည်။

“ မြစ်ဆုံစီမံကိန်း စာချုပ်သည် မြန်မာနိုင်ငံ အစိုးရကိုယ်တိုင်က ချုပ်ဆိုကြတယ်ဆိုရင်ဖြင့် အစိုးရကိုယ်တိုင်က ပါဝင်ပတ်သက်နေတယ်ဆိုတာ သေချာနေတဲ့ စီရင်ချက် ၊ သေချာနေတဲ့ ညွန်းပြချက် ၊ သေချာနေတဲ့ ရုံးတော်ရဲ့လမ်းညွန်းချက် တစ်ရပ်ဟာ ဆိုင်ရာ ဆိုင်ရာ ဖြစ်တဲ့အစိုးရကို တစ်နည်းအားဖြင့် ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ချုပ်ဆိုခဲ့တဲ့ အစိုးရ ၊ ဆက်ခံခဲ့တဲ့ အစိုးရ အဆက်ဆက် ယနေ့ မျက်မှောက်ရှိနေတဲ့အစိုးရ တွေကိုပါ အခုအခင်းထဲမှာ ထည့်သွင်းပြီး စွဲဆိုရမယ်” ဟု အထက်တန်းရှေ့နေ ဦးဖိုးဖြူ ကပြောသည်။

စီမံကိန်းကို ရပ်ဆိုင်းထားပြီဆိုသော်လည်း စီမံကိန်းအကောင်ထည်ဖော်မည့် ကုမ္ပဏီများသည် ထိုဒေသတွင် အဆင်သင့်ရှိနေဆဲဖြစ်ပြီး SPIC ကုမ္ပဏီသည်လည်း ဒေသခံများကို စီမံကိန်းကောင်းကျိုးများကို ရွာအလိုက် ရှင်းပြမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။

“ ကျမတို့ အခုလို တရားရုံးကို ရောက်လာဖို့အတွက် ခန့်မှန်းခြေ အချိန် ၄ လ တောင်ကျော်ပြီထင်တယ်။ ရွာက လူတွေအချင်းချင်းတိုင်ပင်ပြီး ကိုယ့်ဒေသကို ကာကွယ်ချင်တဲ့လူတွေနဲ့တိုင်ပင်ပြီးတော့ ကန့်ကွက်မှုတွေ လုပ်ကြဒါပါ။” ဟု မြစ်ဆုံဒေသခံ ဒေါ်ဂျာခေါ်န် ပြောပါသည်။

မြစ်ဆုံစီမံကိန်းကို ၂၀၀၆ ခုနှစ် မြန်မာစစ်အစိုးရလက်ထက် တရုတ်-မြန်မာ နှစ်နိုင်ငံသဘောတူကာ အကောင်ထည်ဖော်ခဲ့ကြပြီးနောက် လူထုဆန့်ကျင်ဆန္ဒပြမှုများကြောင့် သမ္မတဦးသိန်းစိန် လက်ထက်တွင် ယာယီ ရပ်နားခဲ့ခြင်း ဖြစ်ပါသည်။

သို့သော်လည်း စီမံကိန်းကြောင့် ရွေ့ပြောင်းခဲ့ရသော ဒေသခံများမှာ ခိုင်ခံ့မှု မရှိသော နေအိမ်များတွင်ပြောင်းရွေ့နေခဲ့ရပြီး၊ မြစ်ဆုံစီမံကိန်းကို အပြီးပိုင်ရပ်ဆိုင်းပြီးနောက် မိမိနေရင်းကို ပြန်နိုင်ရန် မျှော်လင့်နေကြပါသည်။

Show More

Related Articles

Back to top button