သတင်း

ကချင် ၊ ရှမ်းနှင့် အလယ်ပိုင်းဒေသ စိုက်ပျိုးရေးကဏ္ဍအတွက် အမေရိကန်မှ ဒေါ်လာ ၃၈ သန်း ထောက်ပံ့

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် အလယ်ပိုင်းဒေသများတွင် လယ်ယာစိုက်ပျိုးရေးနှင့်အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးစေရန် အမေရိကန်နိုင်ငံက ဒေါ်လာ ၃၈ သန်းကို ၅ နှစ်စီမံကိန်းအဖြစ် ထောက်ပံ့မည့်အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သိရပါသည်။

နိုဝင်ဘာ ၁၄ ရက်နေ့ မြစ်ကြီးနားမြို့ ကာတယ် (Cartel Hotel) ဟိုတယ်တွင် စီမံကိန်းနှင့်ပတ်သက်ပြီး ကချင်ဒေသခံတောင်သူ ၆၀ ကျော်ကို ရှင်းလင်းပွဲ ပြုလုပ်သွားခဲ့ပါသည်။

“ ကျနော်တို့မှာ အတွေ့အကြုံတွေတော့ အများကြီးရှိပါတယ်။ စီမံကိန်းမစခင် ကျနော်တို့အနေနဲ့ ဒီမြေနေရာနဲ့ ဘယ်လိုသီးနှံမျိုးသင့်တော်မလဲ၊ ဘာတွေစိုက်ရင်ကောင်းမလဲ အရင်ဆုံးကွင်းစစ်ဆေးမူတွေကို လုပ်ပြီးတော့မှ ကချင်ပြည်နယ်မြေနေရာနဲ့ သင့်တော်မယ့် သီးနှံမျိုး စိုက်ပျိုးဖို့ စီမံသွားမှာပါ။” ဟု အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)မှ စိုက်ပျိုးရေးဆိုင်ရာအရာရှိ Mutt Curtis ပြောသည်။

ယခုအစီစဉ်သည် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးကဏ္ဍတွင် အမေရိကန်နိုင်ငံ၏ ပထမဆုံးအကူအညီဖြစ်ပြီး ဖော်ပြပါဒေသများရှိ လူဦးရေ ၁၂၅,၀၀၀ ကျော်ကို ထောက်ပံ့နိုင်မည့် အစီစဉ်ဖြစ်ကြောင်း သိရပါသည်။

ထို့အပြင် တောင်သူများကို ၎င်းတို့ လယ်ယာလုပ်ငန်းမှ ရောင်းရငွေ အမေရိကန်ဒေါ်လာ ၄၂ သန်းတိုးတက်ရရှိစေရန်၊ ပုဂ္ဂလိက ကဏ္ဍရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာ သန်း ၂၀ ဖြစ်ထွန်းစေရန် နှင့် အချိန်ပြည့်အလုပ်အကိုင် ၃၅၀၀ ပေါ်ပေါက်လာစေရန် မျှော်မှန်းကြောင်း ပြောဆိုထားသည်ကို သိရပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် သံအမတ်ကြီး စကော့မာစီရယ်လည်းပါဝင်ခဲ့ပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

စီမံကိန်းဖော်ဆောင်ရာတွင် (USAID) မှ ဝန်ထမ်းများနှင့် ကချင်ပြည်နယ်တွင်းရှိ တောင်သူများ၊ သက်ဆိုင်ရာဌာနများနဲ့ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းသည် စိုက်ပျိုးရေးကဏ္ဍတွင် လိုအပ်နေသည့် ငွေကြေးအခက်အခဲများအတွက် ချေးငွေများပေါ်လာစေရန်၊ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများအတွက် အာမခံ အမျိုးအစားအသစ်များ ပိုမိုရရှိဖြစ်ပြီး တောင်သူအစုအဖွဲ့များဖွဲ့ကာ လုပ်ကိုင်နိုင်စေရန် တို့ဖြစ်သည်။

“ အဓိက ထောက်ပံ့ကြေးမလိုဘူး။ ကျနော်တို့တောင်သူတွေအတွက် အာမခံချက်ရှိတဲ့ သဘောတူစာချုပ်လက်မှတ်ထိုးပြီး ဝယ်ပေးမယ့် ကုန်သည်တွေဘဲလိုအပ်တယ်။ ခုကျ ကျနော်တို့တောင်သူတွေမှာ အဲလိုအာမခံချက်မရှိတော့ သူတို့မဝယ်ဘူးဆိုရင် ဘယ်မှာသွားရောင်းမလဲ မသိဘူး အရမ်းခက်ခဲဖြစ်တယ်” တွေ့ဆုံပွဲ တက်ရောက်လာသူ မိုးညှင်းမြို့နယ်မှ တောင်သူကိုယ်စားလှယ်တစ်ဦး ပြောသည်။

ကချင်တစ်ကျော့ပြန် တိုက်ပွဲများကြောင့် စစ်ရှောင်နေရပြီး စိုက်ပျိုးရေးလုပ်ကိုင်ရန် အဆင်မပြေသည့် စစ်ရှောင်များအတွက်လည်း စိုက်ပျိုးသီးနှံများကို တန်ဖိုးဖြစ် ထုတ်လုပ်နိုင်သည့် အသေးစား အိမ်တွင်းလက်မှုလုပ်ငန်း အလုပ်အကိုင် အခွင့်လမ်းရရှိနိုင်အောင် ကူညီသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID) စိုက်ပျိုးရေးဆိုင်ရာအရာရှိ Mutt Curtis က ပြောသည်။

အမေရိကန်နိုင်ငံ သံအမတ် စကော့မာစီရယ်သည် ယခုအခေါက် ၅ ကြိမ်မြောက် ကချင်ပြည်နယ် ခရီးစဉ်တွင် ကချင်ပြည်နယ်အတွင်းရှိ လူငယ်များ၊ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းလုပ်ဆောင်နေသူများ၊ နိုင်ငံရေးပါတီများနှင့် ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲဝင်ခဲ့သော ကချင်ရဲဘေ်ာဟောင်းများနှင့် တွေ့ဆုံသွားခဲ့ကြောင်း သိရပါသည်။

Show More

Related Articles

Back to top button