သတင်း

နန်ကျင်စီးပွားရေးဇုန်အတွင်း ဒေသခံများကို ကျူးကျော်အဖြစ်သတ်မှတ်မှု တိကျသည့်အဖြေလိုချင်

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်နိုင်ငံတို့ကြားပူးပေါင်းဆောင်ရွက်မည့် နန်ကျင်ဘက်စုံ စီးပွားရေးဇုန်အတွင်းရှိ ဒေသခံများ၏ နယ်မြေများကို ကျူးကျော်အဖြစ်သတ်မှတ်မှုကို တိကျရှင်းလင်းစွာ ချပြရန် ဒေသခံများ တောင်းဆိုနေကြပါသည်။

မြစ်ကြီးနား စီးပွားရေး ဖွံ့ဖြိုးရေးဇုန် စီမံကိန်း ဘက်စုံပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီ (MEDZC) နှင့် တရုတ်နိုင်ငံ ယူနန် ထိန်ချုံးဟိန်ယုံ ရင်နှီးမြှုပ်နှံမှု ကုမ္ပဏီလီမီတက် (YTHIC) တို့ဖော်ဆောင်မည့် မြစ်ကြီးနားမြို့ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာ ပြည်ထောင် ကြိုးဝိုင်း လီဒိုလမ်းမကြီးပေါ်ရှိ နန်ကျင်ကျေးရွာအုပ်စုတွင် ပြုလုပ်ရန် မြေဧက ၄၇၀၀ ကို အသုံးပြုမည်ဟု သိရပါသည်။

စီမံကိန်းနယ်မြေ လျှော်ကြေးများကို ဗဟိုမှခွင့်ပြုသူ(၄) ဦး နှင့် ဒေသအာဏာပိုင် (၂) ဦး ကိုသာ နှစ်နာကြေးပေးမည် ဖြစ်ပြီး တောင်ယာအတွင်း ကျူးကျော်စိုက်ပျိုးထားသည့် ကျန်ရှိဒေသခံ ၈၀ ဦးခန့်ကို ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့ နန်ကျင်ကျေးရွာ သတ်မှတ်ဇုန်သို့ နိုင်ငံတော်ဒုတိယသမ္မတ (၂) ဦဟင်နရီဗန်ထီးယူ လာရောက်ခဲ့စဉ် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီး ဦးဝေလင်း မှ ရှင်းပြခဲ့သည်ကို တွေ့ရပါသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ပြည်နယ်စီမံဘဏ္ဍာဝန်ကြီး ဦးဝေလင်းမှ ရှင်းပြနေစဉ်

ထိုဒေသတွင် ခေတ်အဆက်ဆက်ကြီး ပြင်းနေထိုင်လာသည့် ဒေသခံများအနေဖြင့် ပြေစာရရှိရန်လျှောက်ခဲ့ကြသော်လည်း မရရှိခဲ့ဘဲ၊ ယခုချိန်ထိ မြေလွတ်မြေလတ်အဖြစ် သတ်မှတ်ခံထားရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးပြောပါသည်။

“အရင်တုန်းက ဒီနေရာကို အနက်ရောင်နယ်မြေဆိုပြီး ဘယ်သူမှ မဝင်ရဲကြဘူး။ ပြေစာလည်း လာမပေးရဲ ကြဘူး။ ပေးမယ်ဆိုရင် ကျမတို့က ယူမဲ့သူတွေပါပဲ။ သူတို့တွေလည်း အခုထိမပေးဘူး။ ကျမတို့ အထောက်အထားပြမယ်ဆိုလည်း ပြေစာ မပေးထားဘူးဆိုတော့ ဘယ်လိုမှယူလို့ မရဘူးလေ။ အခုကြတော့ မင်းတို့က အထောက်အထားမရှိဘူး ပြန်ပြောတော့ ကျမတို့ စဉ်းစားရခက်တယ်။” ဟု နန်ကျင်ဒေသခံ ဒေါ်မရန်ကိုင်ဘူ ပြောပါသည်။

အနက်ရောင်နယ်မြေဟု ဆိုရာတွင် ထိုနေရာများသည် မြစ်ကြီးနားမြို့ နှင့် နမ္မတီးမြို့တို့ဖြင့် နီးစပ်ပြီး ယခင်က ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ လှုပ်ရှားသော နေရာဖြစ်ပါသည်။ ၂၀၁၁ အစိုးရနှင့် KIA တို့တစ်ကျော့ပြန်တိုက်ပွဲပြင်းထန်လာချိန် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကို ထိန်းချုပ်သော တိုက်ပွဲများဖြစ်ခဲ့ပါသည်။

သို့သော်လည်း ၂၀၁၈ နှစ်ဆန်းတွင် မြန်မာ့တပ်မတော်က အင်အားအလုံးအရင်းဖြင့် KIA တပ်ရင်း ၁၁ တည်ရှိရာ ကဆုန်ကျေးရွာဘက်ကို တိုက်ခိုက်သိမ်းပိုက်ခဲပြီး စစ်ရှောင် ၁၀၀၀ ကျော်လည်း နမ္မတီးကျေးရွာတွင် ခိုလှုံနေကြပါသည်။

တိုက်ပွဲပြီးနောက် မေလ ၈ ရက်နေ့တွင် တရုတ်ယူနန်ထိန်ချုံးဟိန်ယုံ ကုမ္ပဏီနှင့် ကချင်ပြည်နယ်အစိုးရတို့ကြား စီမံကိန်းအပြန်အလှန်နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးခဲ့ပါသည်။ MOA သဘောတူစာချုပ်အဆင့်ကိုမှု ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်နိုင်ရန် စီစဉ်နေသည်ဟု သိရပါသည်။

စီးပွားဖွံ့ဖြိုးရေး ဇုန်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစားများမှာ လယ်ယာစိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး ၊ အထွေထွေကုန်ထုတ်ကုန် ၊ ရိုးရာအနုပညာနှင့် လက်မှုပညာဖွံ့ရေး၊ စိုက်ပျိုးရေး စက်မှုစက်ယန္တရားများ ၊ သစ်ဆောက်လုပ်ရေး ၊ ဇီဝဆေးဝါး နှင့် ခရီးသွားအပန်းဖြေ လုပ်ငန်းများ လုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟု သိရပါသည်။

သို့ရာတွင် စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများမှအစ ရှင်းလင်းစွာကြိုတင်နားလည်မှု မရှိသောကြောင့် အစိုးရအနေဖြင့် ရှင်းလင်းပေးရန် လိုလားကြောင်း နန်ကျင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘရန်ဒီး ပြောပါသည်။

“ဒီစီမံကိန်းက ကျနော်တို့အတွက် အကျိုးရှိလား မရှိဘူးလားဆိုတာကို ဘာမှ မသိရသေးတော့ ဒါတွေကို အရင်သိချင် တယ်။ သိမှ ကန့်ကွက်ရမလား မကန့်ကွက်ရဘူး ဆိုဒါသိမှာလေ။ ပြည်နယ်အစိုးရအနေနဲ့ နန်ကျင်ဒေသခံတွေကို အတိအလင်းချပြဖို့ လိုလားတယ်။ ဒါမှ ဘာဆက်လုပ်ရမယ်ဆိုတာကို သိမှာလေ’’ ဟု ဆိုပါသည်။

လက်ရှိတွင်ဒေသခံများတောင်းဆိုနေသော အချက်များမှာ ၎င်းတို့နယ်မြေကို လုပ်ပိုင်စားသောက်ခွင့် သို့မဟုတ် နစ်နာကြေးရရှိရန်ဖြစ်ပြီး ကျူးကျော်အဖြစ်သတ်မှတ်ပါက စီမံကိန်းတားဆီးနိုင်ရန် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်သွားမည်ဟု ပြောပါသည်။

သို့သော်လည်း အစိုးရဘက်မှပြောဆိုသည့် စီမံကိန်း၏ ရည်ရွယ်ချက်မှာ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေး ၊ စာဝတ်နေမှုဖူလုံရေး ၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးကဏ္ဍများ တိုးတတ်ရေး ၊ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး ၊ နိုင်ငံခြားရင်းနှီးမြုပ်နံမှုများ ပိုမိုတိုးတက်လာနိုင်ရေး တို့ဖြစ်ကြောင်း စီမံကိန်းဧရိယာသို့ လာရောက်သည် နိုင်ငံတော် ဒုသမ္မတ ကို ရှင်းပြခဲ့ကြပါသည်။

ပြည်တွင်းငြိမ်းချမ်းရေးမရသေးသရွှေ့ ကချင်ပြည်နယ်အတွင်း အကြီးစွားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ရပ်ဆိုင်းထားရန် ကချင်နိုင်ငံရေးပါတီ ဖြစ်သော Kachin State People’s Party KSPP မှ လွန်ခဲ့သည့် လတွင် သဘောထားထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။

Show More

Related Articles

Back to top button