သတင်း

ကချင်အမျိုးသားများ နှင့် ဒေါ်အောင်ဆန်းစုကြည် မနောပွဲတော် အတူဆင်နွှဲ

(၇၂) နှစ်ပြည့် ကချင်ပြည်နယ်နေ့ အကြောင်းအရာဖြင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ကချင်အဖွဲ့အစည်းအသီးသီးတို့ဖြင့် တွေ့ဆုံခဲ့သည့်အပြင် မနောအကဖြင့်လည်း ပါဝင်ဆင်နွှဲခဲ့သည်။

ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ထိုးရန် လိုအပ်ကြောင်း ဇန်နဝါရီ (၉)ရက်နေ့ မြစ်ကြီးနားမြို့ Palm Spring hotel တွင် ကချင် ခရစ်ယာန်အသင်းတော်ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ ရိုးရာစာပေ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးနဲ့ ပြီးတော့ ဖယ်ဒရယ် ဒီမိုကရေစီတည်ထောင်မဲ့ လမ်းစဉ်ကိုလည်း ပြောပြီး ဆွေးနွေးသွားတဲ့အတွက်ကြောင့် သူ့စိတ်ထဲမှာ ဒီအကြောင်းအရာ ရှိတယ်လို့ ထင်တယ်။ ပြည်သူတွေ ဒီနေ့လိုချင်တာလည်း ဒါပဲဆိုတော့ အခုလို အောင်ဆန်းစုကြည် ကနေ ပြောလာတာဆိုတော့ ကျနော် ကျေနပ်ပါတယ်” ဟု ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ WMR ဒုတိယ ဥက္ကဌ Slg. Labang Gam Awng က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ထို့နောက် မြစ်ကြီးနား မြို့တော်ခန်းမတွင် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး၊ ညနေပိုင်းတွင် အကြီးဆုံး ကချင်အသင်းတော် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention) ခေါင်းဆောင်များနှင့်လည်း သီးသန့် တွေ့ဆုံခဲ့သည်။

“အဓိက IDP တွေ လှုံခြုံစွာ နေရပ်ပြန်တဲ့အချိန်မှာ ဒီ KIA နဲ့ တပ်မတော်နဲ့ Bilateral Ceasefire က အဓိက ဖြစ်မယ်ဆိုတဲ့အကြောင်း၊ အဲတာဖြစ်ဖို့ကလည်း ဒီမြောက်ပိုင်း (၄)ဖွဲ့နဲ့ တစ်ပြိုင်တည်း ဒီပထမအဆင့်အနေနဲ့ လက်မှတ်ထိုးဖို့နေရာမှာ တပ်မတော်ဘက်က လက်ခံဖို့လိုတဲ့အကြောင်းပေါ့။ ပြီးမှပဲ နောက်တစ်ဆင့်သွားတဲ့အချိန်မှာ ကိုယ့်ရဲ့ပေါ်လစီနဲ့ ကိုယ်သွားဖို့ ဖြစ်ပါတယ်ဆိုတဲ့အကြောင်း၊ အဲဒါမှသာလျှင် IDP တွေ လုံခြုံစွာ နေရပ်ပြန်နိုင်မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ကျနော်တင်ပြခဲ့တယ်” ဟု KBC အဖွဲ့ချုပ် ဥက္ကဌ Rev. Dr. Hkalam Samson က ပြောပါသည်။

ထို့အပြင် လွန်ခဲ့သော်တော်လှန်ရေးကောင်စီလက်ထက် ပြည်သူပိုင်အဖြစ် သိမ်းဆည်းခံရသော ခရစ်ယာန်အဖွဲ့အစည်းများ၏ နေရာများကိုလည်း ပြန်လည် ရရှိလိုကြောင်း KBC ဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြထားကြောင်း ပြောပါသည်။

ဇန်နဝါရီ (၁၀)ရက်နေ့ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ်မှ ဖတ်ကြားခဲ့ပြီး အစီစဉ်လာရောက်ပါဝင်သော ဒေါ်အောင်ဆန်းစုကြည် လည်း ပြည်နယ်နေ့ မိန့်ခွန်း ကိုယ်တိုင် ပြောကြားခဲ့သည်။

“လွတ်လပ်ရေးနှင့်အတူ ဖွားမြင်ခဲ့ယုံမက ကချင်ပြည်နယ်ဟာ ပြည်ထောင်စုအခြေခံဖြစ်တဲ့ ပင်လုံနဲ့လည်း အင်မတန်မှ ဆက်စပ်နေပါတယ်။ တချို့ကဆိုလျှင် ‘ပင်လုံအစ ကချင်က’ လို့တောင် ပြောကြပါတယ်။ ဒီမြေပေါ်မှာ စပြီးတော့ သဘောတူညီချက်ယူသွားပြီးတော့ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်” ဟု သူမ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယခုနှစ် ကချင်ပြည်နယ်နေ့ မနောပွဲကို ပြည်နယ်အစိုးရ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

အခမ်းအနားကို ပါဝင်တက်ရောက်သူဦးရေ ယခင်နှစ်များထက် အလွန်နည်းပါးခဲ့သည်။
အကြောင်းရင်းမှာ ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲကို ကချင်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ (Kachin National Association of Tradition and Culture, Myanmar) ဦးဆောင်ပြီး ပြုလုပ်ဖို့စီစဉ်ခဲ့သော်လည်း အဆိုပါဦးဆောင်မှုတွင် အမည်နာမနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှု အလွန်မြင့်မားခဲ့သဖြင့် အထိမ်းအမှတ်ပွဲတော် ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။

၎င်းနောက် ပြည်နယ်အစိုးရ ဦးစီးပြီး ဂျိန်းဖော့ဘာသာဖြင့် ‘Jinghpaw Mungdaw Nhtoi’ ဟူသော နာမည်ဖြင့် ပြုလုပ်ခဲ့ရာ ကချင်မျိုးနွယ်စုဝင်တချို့မှာ မကျေနပ်ဘဲ အဆိုပါပွဲတော်သို့ သွားရောက်ပါဝင်မည် မဟုတ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ကြသည်။

သို့သော်လည်း ကချင်ပြည်နယ်နေ့ကို ‘Jinghpaw Mung Nhtoi’ ဟူသော ခေါင်းစဉ်ဖြင့် ဖားကန့်တွင် ဆုတောင်းပွဲ ပြုလုပ်ခဲ့ပြီး အလားတူ ဗန်းမော်မြို့တွင်လည်း ‘Jinghpaw Mungdaw Nhtoi’ နာမည်ဖြင့် မနောအက ကခဲ့ကြပါသည်။

နေအိမ်အချို့တွင်လည်း ကချင်အမျိုးသားအလံ လွင့်ထူသည့် အစီစဉ် ပြုလုပ်ခဲ့ကြပါသည်။

Show More

Related Articles

Back to top button