သတင်း

ကချင် ဝါရင့် ရုပ်ရှင်နှင့်သရုပ်ဆောင် အနုပညာရှင်များကို ပထမအကြိမ် ဂုဏ်ပြုချီးမြှင့်ရန် စီစဉ်နေ

ကချင်ရုပ်ရှင်နှင့် ဗီဒီယိုလောကကို ကနဦး စွမ်းဆောင်ခဲ့ကြသော ဝါရင့်အနုပညာရှင်ကြီးများကို ဂုဏ်ပြုဆုချီးမြင့်သည့် အခမ်းအနားကို မတ်လ ၁၀ရက်နေ့ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမတွင် ပြုလုပ်သွားမည်ဟု သိရသည်။

၁၉၈၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ (၂၅) နှစ်အတွင်း ထွက်ရှိခဲ့သော ကချင်ဗီဒီယိုဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ကြသည့် အလွှာအသီးသီးကို ရွေးချယ်ကာ ဆုချီးမြင့်သွားမည်ဖြစ်ကြောင်း အစီစဉ် ဦးဆောင်ပြုလုပ်သော ကချင်အနုပညာအသင်းမှ ပြောခွင့်ရ သရုပ်ဆောင် လဂျဇော်ဒွဲခေါင် ယခုလိုပြောသည်။

“ကချင်အနုပညာလောက ဆိုပြီး ရပ်တည်လာနိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုတဲ့ ပွဲတွေက အရင်တုန်းက မလုပ်ဖူးသေးဘူး။ အဲ့ကြောင့် အခုလုပ်ဖို့ စီစဉ်နေကြတယ်။ အခုအားလုံးသိကြတဲ့ အကယ်ဒမီပေးပွဲလည်း မဟုတ်ဘူး။ နည်းနည်းတော့ နီးစပ်တာပေါ့။ အခုဂုဏ်ပြုဆုချီးမြင့်မယ့် သူတွေက အရင်တုန်းက ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်ကားတိုင်းမှာလည်း သူ့နေရာနဲ့သူ အားပေးမှုရရှိခဲ့တဲ့သူတွေလည်းဖြစ်ကြတယ်။ ဒါကြောင့် ဒီပွဲလေးဟာ ပထမဆုံးအကြိမ် ဝါရင့်အနုပညာရှင်တွေကို ဂါဝရပြု တွေ့ဆုံတဲ့ပွဲလည်း ဖြစ်တယ်” ဟု ပြောသည်။

ကချင်အနုပညာရှင်အသင်းဗဟိုတွင် ကော်မတီအသီးသီးဖွဲ့စည်းထားပြီး ယခုပြုလုပ်မည့် ဂုဏ်ပြုပွဲကို ဗီဒီယို သရုပ်ဆောင် ကော်မတီက ဦးဆောင်သည်ဟု သိရသည်။

ဂုဏ်ပြုဆုချီးမြင့်ပွဲ အခမ်းအနားတွင် ရှေးခေတ်ဇာတ်ဝင်တေးသီချင်းများကို တေးသံရှင်များက ပြန်လည်ဖျော်ဖြေတင်ဆက်မှုများ ပါဝင်သည့်အပြင် ထူးခြားသောအစီအစဉ်များဖြင့်လည်း တင်ဆက်သွားမည်ဟု သိရသည်။

Show More

Related Articles

Back to top button