Covid-19 Reportingသတင်းအင်တာဗျူး

Covid-19 ကာကွယ်ရေး KIO နယ်မြေရှိ စစ်ရှောင်စခန်းများကို အဝင်အထွက်ပိတ်

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပျံနှံလာခဲ့သော Covid-19 ကူးစက်ရောဂါသည် ယခုချိန် မြန်မာနိုင်ငံတွင် ပိုးတွေ့ရှိသူ တစ်ရာကျော်လာပြီ ဖြစ်သည်။ ယခုလလယ် ခန့်မှစပြီး တရုတ်နိုင်ငံမှ ပြည်တော်ပြန်များ ကချင် လွယ်ဂျယ် နယ်စပ်ဂိတ်မှတဆင့် ဝင်ရောက်လာပြီဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO လည်း Covid-19 ကာကွယ်ရေးကော်မတီဖွဲ့ပြီး Quarantine နေရာများထားရှိကာ ရောဂါကာကွယ်ရေးလုပ်ငန်းများ ပြုလုပ်နေချိန်ဖြစ်သည်။ ထို့ကြောင့် တရုတ်နယ်စပ်တစ်လျှောက် ကချင်စစ်ရှောင်စခန်းများအခြေအနေနှင့် ပတ်သက်ပြီး KIO Sinpraw Ginwang Ginjaw (အရှေ့ပိုင်းခရိုင်) စစ်ရှောင်အရေးဆိုင်ရာ တာဝန်ရှိသူ ဦးလဇွမ်လဒွဲ ကို ကချင်သတင်းဌာန KNG ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လွယ်ဂျယ်ကနေ မြန်မာပြည်ကို ဝင်လာတဲ့ ပြည်တော်ပြန်တွေရှိလာတော့ နယ်စပ်ဘက်က စစ်ရှောင်စခန်းတွေကို ဘယ်လိုကြီးကြပ်ထားပါသလဲဗျာ။
ဖြေ။ ။ ကျနော်တို့ ရောဂါအခြေအနေကို သိရတဲ့အချိန်ကနေစပြီး စခန်းထဲကို အပြင်လူမဝင်ခိုင်းတော့ဘူး။ တရုတ်ပြည်နဲ့ ပြည်ပကို အလုပ်သွားလုပ်တဲ့သူတွေကိုလည်း ကြိုတင်အကြောင်းကြားထားတယ်။ အကြောင်းကြားပြီး သတ်မှတ်ထားတဲ့အချိန်မှာ ရောက်မလာရင် လက်မခံတော့ဘူး။ ပြန်လာတဲ့သူတွေကို စောင့်ကြည့်လူနာအဖြစ်ထားလိုက်တယ်။

မေး။ ။ စစ်ရှောင်စခန်းအတွင်းမှာရော Covid-19 နဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမဲ့ အချက်တွေကို ဘယ်လိုထုတ်ပြန်ထားပါသလဲ။
ဖြေ။ ။ KIO အရှေ့ပိုင်းခရိုင်နယ်မြေအတွင်းမှာတော့ Covid-19 ရောဂါကာကွယ်တိုက်ဖျတ်ရေးကော်မတီဖွင့်ထားတယ်။ ဒီကော်မတီကနေပြီး လိုက်နာဆောင်ရွက်ရမဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပြီး စစ်ရှောင်စခန်းအတွင်းမှာ ပညာပေးသတိပေးတာတွေ လုပ်ဆောင်နေတယ်။ လက်ကို အမြဲစင်ကြယ်စွာဆေးရန် ၊ ဘေးပတ်ဝန်းကျင် အလည်သွားတာမျိုး မပြုလုပ်ရန် နဲ့ အပြင်မထွက်ဖို့ ကြပ်မတ်နေတယ်။

မေး။ ။ အရေးကြီးကိစ္စနဲ့ အပြင်ထွက်ရမယ်ဆိုတဲ့သူတွေကိုရော ဘယ်လိုမျိုး ဆောင်ရွက်ထားလဲ။
ဖြေ။ ။ သေရေးရှင်ဖြစ်လို့ အပြင်သွားရမယ်ဆိုရင် စစ်ရှောင်စခန်းကော်မတီတွေရဲ့ ထောက်ခံမှုကို အရင်ယူပြီး Covid-19 ရောဂါကာကွယ်တိုက်ဖျတ်ရေးကော်မတီမှာ တစ်ခါ ထပ်မံအတည်ပြု ထောက်ခံမှုရရှိမှာပဲ သွားလာခွင့်ပြုထားတယ်။ အချိန်သတ်မှတ်ထားတာတော့ရှိတယ်။ ညအိပ်တာကိုကို ခွင့်မပြုထားဘူး။

မေး။ ။ အခုလိုချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို စစ်ရှောင်စခန်းက ပြည်သူတွေအနေနဲ့ရော လိုက်နာကြရဲ့လား။
ဖြေ။ ။ စခန်းအတွင်းက ပြည်သူတွေက ဒီရောဂါအခြေအနေကို နားလည်လက်ခံတဲ့အတွက် သူတို့ကိုယ်တိုင်လည်း သတိထားပြီး ကာကွယ်နေတယ်။ စခန်းအဝင်အထွက်နဲ့ ပတ်သက်ပြီးတော့လည်း အရမ်းကြီးအခက်တွေ့တာတော့ မရှိပါဘူး။

မေး။ ။ အပြင်မထွက်ရအမိန့်ထုတ်ထားတော့ စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်တွေရဲ့ ကူညီမှုအခြေအနေက ဘယ်လိုရှိလည်း။
ဖြေ။ ။ စားနပ်ရိက္ခာနဲ့ပတ်သက်ပြီးတော့ ခက်ခဲတာတော့ မရှိဘူး။ ဘာလို့လည်းဆိုတော့ စစ်ရှောင်စခန်းက ပြည်သူတွေကို ဆန်နဲ့ အစားအစာ ပေးနေတယ်။ ၂ လ မှာ (၁) ကြိမ် တင်သွင်းထားတာရှိတယ်။ မေလအတွက်ပါ စားနပ်ရိက္ခာတွေ သွင်းထားပြီးသား ရှိတယ်။ ဒီရောဂါကြောင့် နောက်ပိုင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲလာမှာ စိုးရိမ်တဲ့အတွက်ကြောင့် စုဆောင်းထားတာရှိတယ်။ ဆေးဝါးနဲ့ပတ်သက်ပြီးတော့လည်း ကြိုတင်ပြင်ဆင်ထားတယ်။

မေး။ ။ စစ်ရှောင်စခန်းအတွင်းမှာ လက်မှုပညာလုပ်နေတာရှိလား။
ဖြေ။ ။ လွန်ခဲ့တဲ့အချိန်မှာ အမျိုးသမီးတွေလုပ်နိုင်မဲ့ စက်ချုပ် ယက်ကန်း လက်မှုတွေရှိခဲ့တယ်။ အခုတော့ ရောဂါအခြေအနေကြောင့် ရပ်ထားတယ်။

မေး။ ။ Covid-19 ရောဂါမဟုတ်ပဲနဲ့ တခြား ရာသီအကူးအပြောင်းကြောင့် ဖျားနာမှုဖြစ်တာရှိလား။ ရှိခဲ့ရင် ဘယ်လို တာဝန်ယူ ကုသပေးနေလဲ။
ဖြေ။ ။ လောလောဆယ်တော့ ဖျားနာတာမရှိဘူး။ ကျနော်တို့ စခန်းတိုင်းကို ဆေးပေးခန်းတွေ ဖွင့်ထားပေးတယ်။ ဆေးခန်းတိုင်းကို ကျနော်တို့ အဖျားတိုင်းစက်ကို လုံလုံလောက်လောက်ပေးထားတယ်။ အမြဲတိုင်းတာပြီး စစ်ဆေးတာလုပ်တယ်။ စစ်ရှောင်စခန်းတိုင်းကို ဝင်မယ်ဆို လက်ဆေးဖို့ စင်ဆောက်ထားပေးတယ်။

မေး။ ။ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေအတွက် ဆေးကုသဖို့ သီးသန့်ပြင်ဆင်ထားဒါတွေရှိလား။
ဖြေ။ ။ မရှိဘူး။ ဖျားနာတာလည်း မရှိသေးဘူး။

မေး။ ။ တရုတ်အစိုးရနဲ့ ဘယ်လိုလက်တွဲပြီး လုပ်ဆောင်နေတာရှိလဲ။
ဖြေ။ ။ ကျနော်တို့ ဆက်သွယ်ထားပြီးသားပါ။ တစ်ကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် တရုတ်ဘက်က ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ကျနော်တို့ KIO ဘက်ဆရာဝန်တွေပူးပေါင်းပြီး ကုသပေးဖို့ရှိတယ်။ ဆေးဝါးနဲ့ လိုအပ်တဲ့ကိရိယာတွေကို တရုတ်တွေနဲ့ပေါင်းပြီး အတူတကွသုံးဖို့ ဆွေးနွေးထားတာရှိတယ်။

မေး။ ။ တကယ် လက်တွေ့ တရုတ်အစိုးရနဲ့ ပူပေါင်းလုပ်ဆောင်တဲ့အခါ ခက်ခဲတာရှိလား။
ဖြေ။ ။ အခက်အခဲတော့ မရှိပါဘူး။ လောလောဆယ်တော့ ၂ ဖက်စလုံး အဝင်အထွက် လမ်းတွေပိတ်ထားတာကလွဲပြီး တခြားအခက်အခဲတော့ မရှိပါဘူး။ ဖျားနာသူရှိခဲ့ရင်လည်း တရုတ်အစိုးရနဲ့ ကျနော်တို့ လက်တွဲပြီး လုပ်ဆောင်သွားဖို့တော့ ရှိတယ်။

မေး။ ။ မြန်မာအစိုးရနဲ့ရော Covid-19 ရောဂါနဲ့ ပက်သက်ပြီး ဆက်သွယ်ပြီး ဆောင်ရွက်တာမျိုး ရှိပါသလား။
ဖြေ။ ။ ကျနော်တို့ကတော့ မြန်မာအစိုးရနဲ့ ဆက်သွယ်ဖို့ မရှိဘူး။ ဘာလို့လည်းဆိုတော့ ငြိမ်းချမ်းရေးယူထားတာမဟုတ်တော့ အရမ်းကြီးဆက်သွယ်တာ မရှိပါဘူး။

မေး။ ။ အခုထိ စောင့်ကြည့်လူနာအဖြစ်ထားတာ ဘယ်လောက်ရှိနေပြီလည်း။
ဖြေ။ ။ စောင့်ကြည့်လူနာတွေကို ရောဂါရှိတဲ့သူတွေလို သတ်မှတ်လို့ မရဘူးလေ။ မြန်မာအစိုးရကတော့ လူများတဲ့အတွက် စာသင်ကျောင်းတို့မှာ စုပြုံပြီးထားတာတွေ့ရတယ်။ ဒါပေမဲ့ ကျနော်တို့ကအဲ့လို မလုပ်ဘူး။ အခန်းတစ်ခုနဲ့ တစ်ခု ၊ ရေချိုးခန်း၊ အိမ်သာတွေနဲ့ သီးသန့် လုပ်ထားပေးတယ်။

မေး။ ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်ရေး KIO အစိုးရလုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ နောက်ဆုံးဖြည့်စွပ် ပြောချင်တာရှိပါသလား။
ဖြေ။ ။ အခုဒီမှာက Covid-19 ရောဂါကာကွယ်တိုက်ဖျတ်ရေးကော်မတီရဲ့ ဦးဆောင်မှုနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကျနော်တို့လိုအပ်လာတဲ့အပေါ်မှာ ပညာပေးလုပ်ဆောင်နေတဲ့အတွက် အရမ်းကြီးခက်ခဲတာတော့ မရှိသေးပါဘူး။

 

Show More

Related Articles

Back to top button