သတင်း

တရုတ်နိုင်ငံသားအလုပ်ရှင် နေရပ်ပြန်သွားသဖြင့် တစ်သျှူးငှက်ပျောခြံအလုပ်သမားများ လုပ်အားခအတွက်စိုးရိမ်

ဝိုင်းမော်မြို့နယ် ဒိန်ဂျန်ယန်ကျေးရွာနားရှိ တရုတ်တစ်သျှူးငှက်ပျော်ခြံတွင် အလုပ်သမားများ ရရှိမည့်လုပ်ခလစာကို မရသေးချိန် အလုပ်ရှင် တရုတ်နိုင်ငံသားနေရပ်ပြန်သွားသည့်အတွက် လုပ်အားခ သိန်း၄၀၀ခန့် ဆုံးရှုံးမည်ကို အလုပ်သမားများ စိုးရိမ်နေကြသည်။

အလုပ်ရှင်နှင့်အလုပ်သမားတို့ကြား ၁ တန်လျှင် ကျင်ပေါင်း ၂၀၀၀ အဖြစ် မူလသဘောတူညီခဲ့သော်လည်း ငှက်ပျောခုတ်ပြီးတင်ပို့သွားပြီးနောက် ကီလိုဖြင့်တွက်ပေးမည်ဟု ပြန်လည်ပြောဆိုလာသဖြင့် လုပ်ခလစာညှိ့နိူင်းမှု အဆင်မပြေသေးခင် အလုပ်ရှင်သည် တရုတ်ပြည်သို့ ပြန်သွားခြင်း ဖြစ်သည်ဟု ပြောသည်။

၁တန်လျှင် ကျင်ပေါင်း ၂၀၀၀ ဖြင့် တင်ပို့ပြီးသွားသော်လည်း အလုပ်ရှင်မှ ပြန်လည်ပြောင်းလဲသည့် ကီလိုဖြင့်တွက်ရာတွင် ကျင်ပေါင်း ၁၀၀၀ ခန့်ရှိသည့်အတွက် ကုမ္ပဏီဘက်မှ ပေးမည့် လုပ်ခလစာကို မယူဘဲ ရှိနေခြင်း ဖြစ်သည်ဟု ကျင်စားအလုပ်သမား ဦးမြင့်ခိုင် ပြောသည်။

“ကျနော်တို့ကို ရိုးသားခြင်းမဟုတ်ဘဲနဲ့ ကျနော်တို့ရဲ့ငှက်ပျောပင်ကို ရလိုမှုနဲ့ မတရားလုပ်တာလို့မြင်တယ်။ ကျနော်တို့က မရှိလို့ ကျင်စားလာလုပ်တာပါ။ အရင်နှစ်ကလည်း ကံပိုက်တီတံတားကျိုးသွားတဲ့တွက် တရုတ်ကငှက်ပျောမခုတ်ရဘူးဆိုပြီးတော့ လုပ်ထားတဲ့လုပ်အားခ ကြိုထုတ်ထားတာတွေရှိသလို သူတို့ဘက်က ပြန်ပေးရမှာရှိပေမယ့် ကျနော်တို့မှာ သိန်း၂၀လောက်သူတို့ဆီမှာ အကြွေးတင်သွားပါတယ်။ ဒီနှစ်ကတော့အဆင်ပြေနိုင်ပါတယ် ဆိုပြီး ပြန်လုပ်တာဖြစ်တယ်။ ငှက်ပျော စခုတ်တုန်းကတော့ တစ်တန်မှာ ကျင်၂၀၀၀နဲ့ ပေးမယ်ဆိုပြီး ခုငှက်ပျောလည်းခုတ်ပြီးရော အဲလိုမပြောပါဘူးဆိုတော့ ကျနော်တို့မှာ ဘယ်လိုမှလက်မခံနိူင်ဘူး။ ခုတရုတ်ကလည်းပြန်သွားတော့ ကျနော်တို့မှာ ဘယ်လိုလုပ်ရမလဲမသိ။ ကုမ္ပဏီကိုသွားမေးတော့ ကုမ္မဏီက သူတို့နေထိုင်ခွင့်ကုန်သွားလို့ပြန်တာပါလို့ပြောတယ်။ မပြန်ဘဲနေရင်ရော လ.ဝ.က လာဖမ်းရင် နိတို့တာဝန်ယူမှာလားဆိုပြီး ခြိမ်းခြောက်သလိုပြောပါတယ်။” ဟု ကျင်စားအလုပ်သမားလုပ်ကိုင်သူ ကိုမြင့်ထွေးက ပြောသည်။

လုပ်အားခ မရရှိသူများသည် ကျင်စားလုပ်ကိုင်နေကြသူများဖြစ်ပြီး လုပ်အားခနှင့်ပတ်သက်ပြီး လွန်ခဲ့သည့် ဧပြီလ မှ စတင်ညှိ့နှိုင်းခဲ့ကြသော်လည်း အဆင်မပြေသေးချိန် အလုပ်ရှင်သည် နေရပ်ပြန်သွားခြင်းဖြစ်သည်ဟု ပြောသည်။

အလုပ်ရှင်ပြန်သွားသော်လည်း လုပ်အားခ ရှင်းရမည့်စာရင်း ဇယားများကို ကုမ္ပဏီတွင် ထားခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

“ခုရောဂါဘယတွေဖြစ်နေတဲ့ချိန်မှာ တရုတ်က လုပ်အားခမရှင်းပေးဘဲနဲ့ ပြန်သွားတော့ အလုပ်သမားတွေအားလုံးက စားဖို့သောက်ဖို့ခက်ခဲကုန်ပြီ။ ဒီငွေကိုရှင်းရမယ်ဆိုရင် အရင် ၃လပိုင်းကတည်းက ရှင်းရမှာဖြစ်တယ်။ ကျနော်တို့မှာ ရေဆိုရင်လည်း ဆေးဖျန်းထားတဲ့ တောင်ကျရေအိုင်ကဘဲသောက်ရတာ။ ဒီတောင်ပေါ်တွေမှာ ဆေးဖျန်းရတာ တစ်ရက်လည်းမဟုတ်ဘူး။ နှစ်ရက်လည်းမဟုတ်ဘူး။ လချီနှစ်ချီလုပ်ရတာ ခုငွေရှင်းမယ့်ချိန်ကျမှ ခေါက်ချိုးကွာပြီးပေးမယ်ဆိုတော့ ကျနော်တို့အတွက် ဘယ်လိုမှလက်မခံနိုင်ဘူး။ ကျနော်တို့ရဲ့ရပိုင်ခွင့်ကို အပြည့်အဝလိုချင်တယ်” ဟု ပါဝါဖိုက်စတား လုပ်ကွက်ဆိုက် (၁၈) တွင် ကျင်စားအဖြစ် လုပ်ကိုင်နေသည့် ဦးဆန်းထွေး ယခုလိုပြောသည်။

တရုတ်နိုင်ငံခြားသားအလုပ်သမားများနှင့်ပတ်သက်ပြီး နှစ်ဖက်အစိုးရညှိ့နှိုင်းထားမှုများရှိသည့်အတွက် အလုပ်ရှင်သည် လဝက ကိစ္စကြောင့် နေရပ်ပြန်ခြင်းသည် အကြောင်းပြချက်သာဖြစ်နိုင်သည်ဟု ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ် ဝန်ကြီး ဦးဇော်ဝင်း ပြောသည်။
“အလုပ်သမားတွေပြောတာ ခြိမ်းခြောက်တာမှန်တယ်ဆိုရင် အဲဒါကတော့အလုပ်ရှင်တွေရဲ့ အကြောင်းပြချက်လို့ဘဲမြင်တယ်။ ကျနော်တို့က ဒီ Covid-19ဖြစ်နေစဉ်မှာ ဟိုဘက်ဒီဘက် လ.ဝ.ကဆိုက်အရ ညှိ့ထားတာက ကျနော်တို့မြန်မာနိုင်ငံက အလုပ်သမားတွေလည်း တရုတ်ပြည်မှာ ရှိနေသေးတဲ့တွက် ၁၃ ရက်ညအိပ် ၁၄ ရက်ကျော်လွန်ရင်တောင်မှ ဆက်ပြီး နေထိုင်ခွင့်ပြုဖို့ ဒီဘက်ကိုလည်း ၁၃ရက် ၁၄ရက်ထက်ကျော်လွန်ရင်လည်း ဂိတ်မှာအဝင်အထွက်လုပ်စရာမလိုအောင် တံဆိပ်ရိုက် တွေလုပ်ပေးနေပါတယ်။ အဓိက ဒီချိန်မှာCovid-19 ကိုဘဲအဓိကလုပ်ဆောင်ဖို့မှာထားတယ်။ နေထိုင်ခွင့်နဲ့ပတ်သက်ပြီးလည်း ဖြေလျှော့တာတွေ လုပ်ပေးနေပါတယ်။” ဟု ကချင်ပြည်နယ်လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်းကပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများမှ ဆက်လက်ညှိ့နှိုင်းဖြေရှင်းပေးသွားမည်ဟုလည်း သိရသည်။

လုပ်အားခ မရရှိသေးသည့် ကျင်စားအလုပ်များသည် ၎င်းတို့တစ်ဦးချင်းစီ ယူထားသည့်ငှက်ပျောပင်များသည်အရေအတွက် ၈၀၀၀ နှင့် ၁၅၀၀၀ ဝန်းကျင်ကြားရှိပြီး စုစုပေါင်း အပင်ရေ ၄၀၀၀၀ကျော်ခန့်ရှိကာ ရရှိမည့်လုပ်အားခ စုစုပေါင်း သိန်း ၄၀၀ ခန့်ဖြစ်သည်ဟု ပြောသည်။

 

Show More

Related Articles

Back to top button