Covid-19 Reportingသတင်း

Covid-19 ပညာပေး ပန်းချီရေးဆွဲသူ လူငယ် ၃ ဦးအမှုကို ပယ်ဖျက်ရန် LAN အဖွဲ့တောင်းဆို

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းတွင် Covid-19 ပညာပေးပန်းချီရေးဆွဲမှုကြောင့် တရားစွဲဆိုခံနေရသော လူငယ် ၃ ဦးအမှုကို ပလပ်ပေးရန် ဥပဒေ အထောက်အကူပြုကွန်ရက် ( Legal Aid Network) မှ မေလ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လူထု ရွေးချယ်တင်မြောက်ထားသည့် လက်ရှိအာဏာရ NLD အစိုးရအနေဖြင့် သတင်းမီဒီယာသမားများနှင့် တတ်ကြွလှုပ်ရှားသူများကို အဓိကပစ်မှတ်ထား အရေးယူနေသော လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အဟန့်အတား ပြုနေသည့် ဥပဒေများကို ပယ်ဖျက်ရန် စသည်တို့ကို တောင်းဆိုထားသည်။

“တရားစွဲခံထားရတဲ့ လူငယ်သုံးဦးက အခုဖြစ်နေတဲ့ ဒီရောဂါက ဘယ်လောက်ကြောက်ရတယ်ဆိုဒါ ပြည်သူတွေကို ပညာပေးချင်လို့ သူတို့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပြီး ဆွဲကြတာဖြစ်တယ်။ ကုလသမ္မဂ လူ့အခွင့်အရေးကြေငြာစာတမ်း UDHR မှာကနေထွက်လာတဲ့ ICCPR နဲ့ ICESCR မှာပါတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ဘယ်သူတစ်ဦး တစ်ယောက်ကမှ ပိတ်ပင်တားဆီးမှုတွေ မရှိပဲနဲ့ အစိုးရလည်း ပိတ်ပင်တားဆီးတာတွေမရဘူး။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ တည်ဆဲဥပဒေမှာ ဥပမာ-၃၅၄ ကို ကြည့်မယ်ဆိုရင် မိမိရဲ့ယုံကြည်ချက် ၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရေးသားခွင့် ဖြန့်ဝေခွင့်ဆိုပြီး ရေးတော့ ရေးထားပေမဲ့ သူ့အပေါ်မှာ နိုင်ငံတော် လုံခြုံရေးဆိုပြီး ကျနော်တို့က ဒါကို အဓိပ္ပါယ်ကောက်ရမှာလည်း ခက်တယ်။ ဟု ဥပဒေ အထောက်အကူပြုကွန်ရက် ( Legal Aid Network) မှ ဦးလဖိုင်နော်ဆန့်က ကချင်သတင်းဌာန KNG သို့ ပြောသည်။

အဆိုပါ ပန်းချီကားပုံတွင် သေမင်းတမန်၏ ဝတ်ရုံသည် ဗုဒ္ဓဘာသာရဟန်း၏ သင်္ကန်းဖြင့်ဆင်တူနေသဖြင့် ပြည်နယ်သာသနာရေး ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က တရားလိုပြုလုပ်ကာ ဘာသာ သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) ဖြင့် မြို့နယ်တရားရုံးသို့ ဦးတိုက်လျောက်ထားခဲ့သည်။

ထို့ကြောင့် အဆိုပါပန်းချီကားနှင့်ပတ်သက်ပြီး တရားစွဲဆိုမှုနှင့် အမှုကို လက်ခံပေးသော တရားရုံးကို ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်ကြောင့် လူတိုင်း မိမိအိမ်တွင်နေကြရန် ပညာပေး ပန်းချီတွင်ပါရှိသော အနီရောင်ဝတ်ရုံကို သေမင်းတမန်အဖြစ်သာရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ဗုဒ္ဓဘာသာကို ပုပ်ခတ်ခြင်းမဟုတ်ကြောင်း ပန်းချီရေးဆွဲသူ ကိုဇေယျာနောင်က ဧပြီလ ၃ ရက်နေ့၌ အငြင်းပွားမှု ဖြစ်ပွားချိန်တွင် ပြောဆိုခဲ့သည်။

“ကျနော်ကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် ဘာသာရေးကို စော်ကားလိုခြင်းမရှိပါဘူး။ အရောင်ကြောင့်ဖြစ်မယ်လို့ ကျနော်ထင်တယ်။ အဓိကကတော့ ကျနော်တို့ ဒီရောဂါကာကွယ်ဖို့အတွက် ဒီရောဂါဆိုးကနေ အမြန်ဆုံးလွတ်မြေက်ဖို့အတွက် ရည်ရွယ်ချက်တစ်ခုနဲ့ပဲ ဆွဲတာဖြစ်တယ်။ ဘာသာရေး ၊ လူမှုရေး ၊ စီးပွားရေး တစ်ခြားဘာရည်ရွယ်ချက်မှမပါဘူး။” ဟု ပြောသည်။

အငြင်းပွားမှုဖြစ်ခဲ့သော အဆိုပါ ပညာပေး ပန်းချီကားကိုလည်း ဧပြီလ ၃ ရက်နေ့တင် ဖျက်ခဲ့သည်။

ပန်းချီရေးဆွဲသူ လူငယ် ၃ ဦးကို တရားစွဲဆိုခြင်းမပြုရန် Human Rights Watch အဖွဲ့ကလည်း ဧပြီ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း တရားစွဲဆိုမှုသည် ဆက်လက်ရှိနေခဲ့ပြီး ဧပြီ ၃၀ ရက်နေ့တွင် ပထမအကြိမ် ရုံးချိန်းရာ တစ်ဦးလျှင် သိန်း ၁၀၀ ဖြင့် အာမခံ ရရှိခဲ့သည်။
အဆိုပါအမှုနှင့် ပက်သက်ပြီး မေလ ၅ ရက်နေ့တွင် တရားလိုရှေ့နေများနှင့် စွပ်စွဲခံရသူများဘက်မှရှေ့နေများ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပါသည်။

သာသာနာညိုးနွမ်းစေမှုပုဒ်မ ၂၉၅(က) ပြစ်မှုသည် ထောင်ဒဏ် ၂ နှစ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

 

Show More

Related Articles

Back to top button