သတင်း

ခေါင်လန်ဖူးမြို့နယ် မြေဧက ၃ သိန်းကျော်တွင် သတ္တုတူးဖော်မည့်အစီစဉ် ဒေသခံများ စိုးရိမ်

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် က မြေဧက ၃ သိန်းကျော်တွင် သတ္တုတူးဖော်ရေးအစီစဉ်အတွက် စမ်းသပ်ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်ရန် အစိုးရက နိုင်ငံခြားကုမ္ပဏီတစ်ခုကို ခွင့်ပြုလိုက်ပြီးနောက် ဘိုးဘွားပိုင်နယ်မြေများ ပျက်စီးဆုံးရှုံးသွားမည်ကို ဒေသခံများစိုရိမ်နေကြသည်။

၂၀၁၈ ခုနှစ်တွင် ခေါင်လန်းဖူးမြို့နယ်အတွင်းရှိ မြေဧက ၃သိန်းတွင် နိုင်ငံခြားကုမ္ပဏီတစ်ခုသော Fortuna Metals Company Limited က ရွှေနှင့်သတ္ထုလုပ်ငန်းဆောင်ရွက်နိုင်ရန် သတ္ထုရှာဖွေတိုင်းတာခွင့် (Feasibility Study- FS) ကို အစိုးရသို့ စတင် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

အစိုးရမှ ခွင့်ပြုလိုက်သည့်အဆိုပါ သတ္ထုရှာဖွေတိုင်းတာမှုသည် လက်ရှိ မည်သည့် အခြေနေတွင် ရောက်နေသည်ကို သိရှိရန် မေလ ၂၀ရက်နေ့ ပြုလုပ်ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန် အစည်းအဝေး တတိယနေ့တွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) အမျိုးသာလွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူ က မေးမြန်းခဲ့သည်။

“အခုက နိုင်ငံခြားကုမ္ပဏီတွေကို သတ္ထုရှာဖွေတိုင်းတာခွင့် ပေးထားတာပေါ့လေ။ ရှာဖွေတိုင်းတာလို့ အောင်သွားပြီ ဆိုရင် နောက် တဆင့်ဆို သူတို့က တရားဝင်တယ်ဆိုရင် လုပ်ထုံးလုပ်နည်းအရ လုပ်ကွက်တွေ ချပေးတော့မယ်လေ။ အဲ့ကြောင့် ဒေသခံတွေ စိုးရိမ်ပူပြင်သောက ရောက်နေကြတာပေါ့လေ။ အခုက ဧက ၃သိန်းကျော်ဆိုတော့ မလွယ်ဘူးလေ။ အဲ့ထဲမှာ ဒေသခံတွေရဲ့ လယ်ယာမြေဧကတွေပါသွားမှာဘဲလေ။ ပြီးရင် ကန့်သတ် နယ်မြေတွေ ဖြစ်လာမယ်။ အဲဆိုရင် ဒေသခံတွေက ခြေချစရာ တောင်မရှိတော့ဘူး။ ဒါကြောင့် ဒေသခံတွေက သဘောမတူလို့ ကန့်ကွက် နေကြတာပေါ့။ အဲ့ကြောင့် လွှတ်တော်မှာ တင်ပြခဲ့ တာပါ” ဟု ဦးဂျေယောဝူက ကချင်သတင်းဌာန KNG ကို ပြောသည်။

အဆိုပါစီမံကိန်းကြောင့် ဒေသခံများ၏ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်စားသောက်ခဲ့သည့် လယ်ယာမြေ နှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတို့ကို မလိုလားသဖြင့် ဒေသခံများ၏ တောင်ဆိုမှုကြောင့် လွှတ်တော်တွင် တင်ပြခဲ့ခြင်းဖြစ်သည်ဟု ဦးဂျေယောဝူက ပြောသည်။

လွှတ်တော်တွင်မေးမြန်းခဲ့သည့် အဆိုပါ မေးခွန်းနှင့်ပတ်သက်ပြီး ‘သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်(EPM)ရေးဆွဲလျက်ရှိခြင်းနှင့် လုပ်ငန်းသဘောတူစာချုပ်အတွက် ပြင်ဆင်ဆောင်ရွက်ဆဲအဆင့်သာဖြစ်ပြီး လက်ရှိအခြေအနေအရ အဆိုပါ ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချထားပေးခြင်း မရှိသေးပါကြောင်း’ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြန်လည်ဖြေကြားခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် သတ္တုရှာဖွေတိုင်းတာခွင့် မပေးခင်က အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး ‘ကချင်ပြည်နယ် အစိုးရက သက်ဆိုင်ရာဌာနများ၊ ကျေးရွာနှင့် ဒေသခံများ၏ သဘောထားရယူပြီးနောက် စမ်းသပ်တိုင်းတာရန်အတွက် ကန့်ကွက်ရန် မရှိပါကြောင်း သဘောထားမှတ်ချက် ပြန်ကြားခဲ့သည်’ ဟု ပြည်ထောင်စု ဒုဝန်ကြီး၏ ဖြေကြားချက်တွင် ပါရှိသည်။

သို့သော်လည်း ပြည်နယ်အစိုးရအနေဖြင့် စီမံကိန်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများကို ကြိုတင်အသိပေး ညိနှိုင်းတိုင်ပင်ခဲ့ခြင်းမရှိကြောင်း ဦးဂျေယောဝူ က ပြောသည်။

ခေါင်လန်ဖူးဒေသတွင် Fortuna Metal ကုမ္ပဏီမှ သတ္တုတူးဖော်မည့် စီမံကိန်းကို ကန့်ကွက်သော ဒေသခံ ၁၄၀၀ ကျော်က အစိုးရထံ ၃ ကြိမ်တိုင် စာရေးသားပေးပို့ခဲ့ပြီဟု ‘AMOLA Shvngkà Mvdò’ ဆိုသည့် လူမှုကွန်ရက် Facebook စာမျှက်နှာ တစ်ခုတွင် မေလ ၉ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

ထိုဖော်ပြချက်ထဲမှ ဓါတ်ပုံများတွင် ‘ခေါင်လန်ဖူးဒေသတွင် သတ္တုတူးဖော်ရန် လုပ်ဆောင်နေသော Fortuna Metals ကုမ္ပဏီကို လုံးဝ အလိုမရှိ’ ကြောင်း ပါရှိသည်ကို တွေ့ရသည်။

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၏ ပူတာအိုဒေသသည် ရေခဲတောင်များဖြင့် ဖုံးလွမ်းနေသော သီးခြားနယ်မြေတစ်ခုဖြစ်သည့်အတွက် သယံဇာတတူဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ပါက ဆိုးရွားသော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်လာနိုင်သောကြောင့် ကြီးမာသောစီမံကိန်းများ လုံးဝ မလုပ်သင့်ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပါတီ ဒု-ဥက္ကဌ(၂) ဦးကွမ်ကရောင်အောင်ခမ်း က ယခုလိုပြောဆိုသည်။

“နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ရမယ်ဆိုတာကတော့ နားလည်းပါတယ်။ ရင်နှီးမြုပ်နှံတာဆိုတာကလည်း အကျိုးမြတ်ရှိမှ ရင်းနှီးမြုပ်နှံကြတာဖြစ်တယ်။ ပြောချင်တာက ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသတွေဟာ ရေခဲတောင်တွေနဲ့ အခြေပြုထားတဲ့ ဒေသတွေဖြစ်တယ်။ မေခ မလိခတွေရဲ့ မြစ်ညှာလည်းဖြစ်တယ်။ ဒီနေရာမှာ သတ္ထုတူးဖော်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုက သေချာတယ်။ ရေတွေလည်း အတိုင်းအတာ တစ်ခုလည်း လျော့ကျသွားမယ်။ ဧရာဝတီနဲ့လည်း ဆက်စပ်မှုတွေ ဖြစ်သွားမယ်။ ဒါကြောင့် မလုပ်သင့်တဲ့ ဒေသဖြစ်တယ်။ အခုက ကချင်တစ်မျိုးလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် လုံးဝကန့်ကွက် ပါတယ်”ဟု ပြောသည်။

Fortuna Metal ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်ရန် လျှောက်ထားသည့် မြေဧက စုစုပေါင်း ၃၀၄၅၄၇.၄၃ ခန့်ရှိပြီး လုပ်ကွက်(၁)နှင့် လုပ်ကွက် (၂) ဆိုပြီး ၂ပိုင်း ခွဲခြားထားသည်။

လုပ်ကွက် ၂ ခုပေါင်းမှ ဧကပေါင်း၂၇၆၆၁ ခန့်သည် ဘူဒဲပြင်ကြိုးပြင်ကာကွယ်တော ဧရိယာအတွင်းကျရောက်နေသဖြင့် သစ်တောဦးစီးဌာနက ခွင့်မပြုကြောင်း ပြန်ကြားလာသောကြောင့် ကျန်ရှိသည့် ဧကပေါင်း ၂၇၆၈၈၆.၄၃ ဝန်းကျင် မြေဧကတွင်သာ လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

Fortuna Metal ကုမ္ပဏီသည် ခေါင်လန်ဖူးဒေသတွင် သတ္တုရှာဖွေခြင်းများမပြုလုပ်ခင် ၎င်းစီမံကိန်းနှင့်ပတ်သက်ပြီး ကချင်အမျိုးသားကွန်ကရက်ပါတီ KNC ကိုလည်း အသေးစိတ် လာရောက်ရှင်းပြမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။ ဒေသခံများ၏ အကျိုးစီးပွားမပါလျှင် ယခုစီမံကိန်းကိုလည်း ကန့်ကွက်သွားမည်ဟု KNC ဥက္ကဌ M Kawn La က ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာန DICA တွင်ဖော်ပြချက်အရ Fortuna Metals Company Limited ကို ၂၀၁၈ ဇူလိုင်လတွင် မှတ်ပုံတင်ခဲ့ပြီး ဒါရိုက်တာအဖြစ် သြစတေးလျ နိုင်ငံသား၂ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦးတို့ဖြစ်ကြောင်း တွေ့ရသည်။

 

Show More

Related Articles

Back to top button