သတင်း

ပယင်းမှော်ဒေသ အသေးစားလုပ်ပိုင်ခွင့်ချထားပေးရန် တောင်းဆိုမှုကို တပ်မတော်က ခွင့်မပြု

ဟူးကောင်းချိုင့်ဝှမ်းဒေသ ရွှေနှင့်ပယင်းထွက်ရှိရာဒေသတွင် အသေးစားလုပ်ငန်းများကို တရားဝင်လုပ်ပိုင်ခွင့်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ တောင်းဆိုမှုအပေါ် လုံးဝခွင့်မပြုနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သဘောထားကို ပြည်ထောင်စုလွှတ်တော်မှတဆင့် မေလ ၂၅ရက်နေ့တွင် ဦးလင်းလင်းဦးထံသို့ အကြောင်းကြားခဲ့ရာ အသေးစား လက်လုပ်လက်စား လုပ်ကွက်များ တိုင်းတာခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းများကို မှော်ဒေသ လုံခြုံရေးအခြေအနေအရ လုံးဝခွင့်မပြုပေးနိုင်ကြောင်း ညွန်ကြားခဲ့သည်။

အဆိုပါ ညွန်ကြားစာတွင် “ရွှေနှင့်ပယင်းလုပ်ကိုင်သော နေရာများမှာ ဟူးဟောင့်ချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောနှင့် မြို့နယ်ဖွံ့ဖြိုးရေးဧရိယာအတွင်း ပါဝင်နေလျက်ရှိကြောင်း၊ KIA (ကချင်)အကြမ်းဖက် သောင်းကျန်းသူများမှ စခန်းများတည်ဆောက်၍ ဆက်ကြေးကောက်ခြင်းနှင့် လူသစ်စုဆောင်ခြင်း ပြုလုပ်သည့် ဒေသများ ဖြစ်ကြောင်း၊ KIA (ကချင်)အကြမ်းဖက် သောင်းကျန်းသူများမှ ထောင်ထားသည့် မိုင်းဟောင်းများ ရှင်းလင်း နိုင်မှုမရှိသေးခြင်းနှင့် လုပ်ကွက်များအကြာင်းပြ၍ ပြည်သူလူထုနှင့်ရောနှောကာ မြို့အတွင်း စိမ့်ဝင်လှုပ်ရှား လာနိုင်ခြင်း၊ စစ်ဆင်ရေး နယ်မြေဖြစ်ကြောင်း” စသည့်အချက်များ ပါဝင်သည်ကို တွေ့ရသည်။

ရွှေနှင့် ပယင်းမှော်ဒေသ လက်စားလက်စားလုပ်ကိုင်ခွင့်ရရှိရေး တနိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ယခုနှစ်ဇန်နဝါရီလ ၂၀ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံသို့ မေတ္တာရပ်ခံစာတင်ပြခဲ့ပြီး ၎င်းပူတွဲစာကို ပြည်သူ့လွှတ်တော် ဥက္ကဌကြီးမှ တဆင့် ဖြေကြားပေးရန် ဇန်နဝါရီ ၂၇ ရက်နေ့တွင်ထပ်မံ တင်သွင်းခဲ့သည်ဟု သိရသည်။

“ကျနော်တို့ကတော့ တရားဝင် လက်လုပ်လက်စားတွေကို ဥပဒေနဲ့အညီ လုပ်လို့ရတဲ့ အနေအထားဖြစ်စေချင်တာပေါ့။ အခုက ဖြေကြားချက်မှာက လုံးဝခွင့်မပြုသေးဘူးပေါ့။ ဒါပေမယ့် တချို့က ဒီလုပ်ငန်းကို တရားဝင်လုပ်တာ မလုပ်ဘူး ဆိုတာက တနိုင်းကို သွားကြည့်ရင် အားလုံးသွားကြရင်သိရမှာပါ။ ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေလည်း သွားရောက် စစ်ဆေးလို့မရဘူ ဖြစ်နေတယ်။ လုံခြုံရေးရှိနေတော့ ဝင်လို့မရဘူးဖြစ်နေတယ်။ အဲ့ဒါကို တရားဝင် ဖြစ်စေချင်တာပေါ့။ ” ဟု တနိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး က ပြောသည်။

တနိုင်းမြို့နယ်အတွင်း တနိုင်တပိုင်းလုပ်ကွက်ချထားပေးနိုင်ရန် ပြည်နယ်အစိုးရက ကြိုးပမ်းနေသော်လည်း တပ်မတော်က လုံခြုံရေး အာမခံမပေးသည့်အတွက် တရားဝင်လုပ်ပိုင်ခွင့်ရရှိမည့်အခြေအနေ မဟုတ်ကြောင်း သူကဆက်လက်ပြောဆိုသည်။

တနိုင်းမြို့နယ်အတွင်း ရွှေနှင့်ပယင်းထွက်ရှိသည့် နမ်ဗျူ၊ ညောင်ပင်ကုန်း၊ ဇီးဖြူကုန်းနှင့် တုံမဏီ စသောဒေသများတွင် ‘နိုင်ငံတော်သယံဇာတ နစ်နာဆုံးရှုံးမှု မဖြစ်စေရေးနှင့် နိုင်ငံသူ/သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက်’ ရည်ရွယ်ချက်ဖြင့် ကာကွယ်ရေး ဦးစီးချုပ်ထံ တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တပ်မတော်သည် ဟူးကောင်းချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေကို နယ်မြေရှင်းလင်းပြီး သိမ်းပိုက်ထားသည်မှာ ၃ နှစ်ခန့်ရှိလာပြီဖြစ်သော်လည်း မှော်ဒေသတွင် တရားမဝင်သယံဇာတတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု အမည်မဖော်လိုသူ တနိုင်းဒေသခံ တစ်ဦးက ယခုလို ပြောဆိုသည်။

“ပယင်းမှော်တွေကို ပိတ်ထားတယ်လို့ဘဲ သိရတယ်။ ဒါပေမယ့် တစ်ချို့က နားလည်မှုနဲ့ လုပ်စားလို့ရနေတယ်။ အမှန်ဆိုအဲ နေရာတွေက သွားလို့တောင်မရတဲ့နေရာတွေပါ။ စစ်တပ် လုံခြုံရေးရှိနေတဲ့ နေရာတွေပါ။ တရားမဝင်လုပ်ကိုင်နေတာကို ဒေသခံတွေ အားလုံးသိတယ်။ အဲ့ကြောင့် ပြောချင်တာကလည် ဒီမှော်တွေကို ဖွင့်မယ်ဆိုလည်း ဖွင့်ပေးပါ။ ပိတ်တယ်ဆိုလဲ ဘယ်သူမှ လုပ်လို့မရအောင် အရေးယူပေးသင့်တယ်။ အခုက ဒီလို လုပ်နေရင် ပြည်နယ်အတွက်လည်း မကောင်းသလို နိုင်ငံတော်အတွက်လည်း အခွန်တွေ ဆုံးရှုံးရတယ်” ဟု ပြောသည်။

၂၀၁၉ ခုနှစ်တွင် ဒေသခံများ၏တောင်းဆိုမှုကြောင့်ဟုဆိုကာ တနိုင်းမြို့နယ်အတွင်း ရွှေနှင့်ပယင်းတို့ လက်လုပ်လက်စားလုပ်ခွင့် ဧက ၇ထောင် ကျော်ချပေးရန် စီစဉ်ခဲ့သော်လည်း တပ်မတော်က လုံခြုံရေးမပေးခဲ့သဖြင့် ရပ်နားထားရသည်ဟု သိရသည်။

ရွှေနှင့် ပယင်းပေါ်များသော ဟူးကောင်းဒေသ KIA ၏ တပ်ရင်း ၁၄ နယ်မြေကို တပ်မတော်က ၂၀၁၇ ဇွန်လတွင်တစ်ကြိမ်၊ ၂၀၁၈ ဧပြီလတွင်တစ်ကြိမ် စသည့် ထိုးစစ်များဖြင့် လက်ရှိအချိထိ ထိုနေရာတွင် နယ်မြေစိုးမိုးထားသည်ဟု သိရသည်။

 

Show More

Related Articles

Back to top button