ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

ကချင်စစ်ရှောင် အိမ်ထောင်စု ၅၀၀ ကို နေရပ်ပြန်ပို့မည့်အစီစဉ် နောက်ဆုတ်ခဲ့ရ

၂၀၂၀ နွေရာသီမှာ ပထမအကြိမ်အဖြစ် ကချင်စစ်ရှောင်အိမ်ထောင်စု ၅၀၀ ကို နေရပ်ပြန်ပို့မယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ပြောဆိုခဲ့ပေမယ့် အခုမိုးတွင်းဝင်တဲ့အချိန်ထိ နေရပ်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဘာကြောင့် အခုလိုအခြေအနေဖြစ်သွားရလဲဆိုတာပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဖွံ့ဖြိုးရေးတာဝန်ခံ ဆရာခါးလီကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါတယ်။

မေး။ ။ Covid-19 ကာလမှာ KHCC က အဓိက ဘာတွေလုပ်ဆောင်ခဲ့သလဲ။
ဖြေ။ ။ ကျွန်တော်တို့ ဒီ covid-19 အချိန်မှာတော့ KHCC အနေနဲ့တစ်ခြားလှုပ်ရှားမှုတွေမရှိတော့ဘူး။ ဘာကြောင့်လဲဆိုရင် KHCC ရဲ့ တာဝန်က စစ်ရှောင်တွေ နေရပ်ပြန်မဲ့ကိစ္စနှင့်ပတ်သက်ပြီး အစိုးရနဲ့နှစ်ဖက်ကြား ညှိနှိုင်းဖို့ဖြစ်တဲ့အတွက် တခြားလှုပ်ရှားမှုတွေမှာ မပါဝင်တော့တာဖြစ်တယ်။

မေး။ ။ ရက္ခိုင်တပ် AA ကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့မယ်ဆိုရင် စစ်ရှောင်တွေပြန်မဲ့ကိစ္စနှင့်ပတ်သက်ပြီး ဘယ်လိုရှေ့ဆက်လုပ်ဆောင်သွားမလဲ။
ဖြေ။ ။ လက်မှတ်မထိုးမချင်းတော့ စစ်ပွဲကဘယ်ချိန်မဆိုဖြစ်လာနိုင်တယ်လို့ ယူဆထားတယ်။ တစ်ဖက်မှာ စစ်ပွဲဖြစ်နေပြီး တစ်ဖက်မှာ မဖြစ်ဘူးဆိုပေမယ့် အမှန်တကယ် လက်မှတ်ရေးထိုးပြီး ဒီနေ့ကစပြီး တကယ်အပစ်ရပ်နားပြီဆိုမှ နှစ်ဦးနှစ်ဖက်ကြား လက်မှတ်ထိုးတာမရှိသရွှေ့တော့ အချိန်မရွေးစစ်ပွဲဖြစ်လာနိုင်တယ်။

မေး။ ။ ငြိမ်းချမ်းရေးဆွေးနွေးမှုအစီစဉ်က အခုချိန်ရပ်တန့်နေတယ်လို့ ပြောလို့ရတယ်။ ဒီအချိန်မှာ စစ်ရှောင်တွေရဲ့ အိမ်ပြန်မည့်အစီစဉ်က ဘယ်လိုဖြစ်လာမလဲ။
ဖြေ။ ။ပြည်နယ်အစိုးရနှင့်လည်း ဆွေးနွေးထားတာရှိတယ်။ ပြီးရင် KHCC ကနေ လုပ်ဆောင်မှုတွေရှိသလို ကိုယ့်အဖွဲ့အစည်းထဲက အသင်းသူ/သားတွေ ပြင်ဆင်လာမှုအပေါ်မူတည်ပြီး အဲ့ဒါကို ဖြည့်စွက်ပေးနိုင်အောင် ကူညီထောက်ပံ့မှုရအောင် အစိုးရတွေနှင့် ဆွေးနွေးတိုင်ပင်တာတွေရှိတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းတော့ အရင်လိုကော်မတီအဖွဲ့ကြီးတွေနှင့် အရမ်းကြီး တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးပွဲကြီးတွေမလုပ်နိုင်ဘူးဆိုပေမဲ့ ကျွန်တော်တို့အနေနဲ့ဆွေးနွေးဖို့တာဝန်ရှိတဲ့ လူကြီးတွေနှင့်ဖုန်းနှင့်ဆက်သွယ်ပြီး ဆွေးနွေးတိုင်ပင်တာတွေကိုတော့ အမြဲလုပ်ဆောင်နေတယ်။

မေး။ ။ အခုပြန်ဖို့အသင့်ဖြစ်နေတဲ့နေရာတွေက ဘယ်လိုနေရာတွေလဲ။
ဖြေ။ ။ အရင်က ကျွန်တော်ပြောပြောနေတဲ့ ရွာတွေရှိတယ်။ နဂိုတည်းက အခိုင်အမာရှိနေတဲ့ရွာတွေဖြစ်မယ်။ ပြီးတော့ တစ်ဖက်ဘက်ကို ဆွေးနွေးတိုင်ပင်နိုင်တဲ့ ရွာတွေဖြစ်မယ်။ နောက်တစ်ခုက အရင်ကတည်းက ရှိနေတဲ့ရွာတွေ ဖြစ်မယ်။ UN / INGO တွေအားလုံး ဘယ်သူဘဲကြည့်ကြည့် စစ်ရှောင်တွေကို အတင်းအကြပ်ပြန်ခိုင်းတာမဟုတ်ဘဲ သူတို့ရဲ့သဘောဆန္ဒနှင့်အညီ လုပ်ဆောင်မဲ့နေရာတွေပဲ ဖြစ်မယ်။

မေး။ ။ Covid-19 ကာလမှာ စစ်ရှောင်တွေပြန်ဖို့ အိမ်စတင်တည်ဆောက်နေပြီလား။
ဖြေ။ ။ ရှိပြီ အခု ရွေညောင်ပင်လိုမျိုးမှာ အိမ်ထောင်စု ၁၀ စုအတွက် အိမ်ဆောက်ထားပြီးပြီ။ လာနေဖို့အဆင်သင့်ဖြစ်ပြီ။

မေး။ ။ နေရပ်ပြန်မဲ့ကိစ္စနှင့်ပတ်သက်ပြီး ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်လောက်ပြီးစီးပြီလို့ ပြောနိုင်မလဲ။
ဖြေ။ ။ ရာခိုင်နှုန်းအနေနဲ့ပြောမယ်ဆိုရင်တော့ခက်တယ်။ ဥပမာ KBC အနေနဲ့ တကယ်လုပ်ဆောင်ရမှာက အိမ်ထောင်စု ၅ ထောင်လောက်ရှိတယ်။ အဲ့ထဲက ဒီနှစ် ၂၀၂၀-၂၀၂၁ မှာ အိမ်ထောင်စု ၅၀၀ ပြန်ဖို့ ပြောထားတယ်။ ဒါပေမဲ့ အခုပြန်ကြည့်လိုက်တော့ အိမ်ထောင်စု ၁၇၄ က သူတို့ဆန္ဒနှင့်သူတို့ ကျွန်တော်တို့ပြန်တော့မယ်ဆိုပြီး ကျွန်တော်တိုဆီကို စာတင်ထားတယ်။ အဲ့ဒီရွာတွေကိုတော့ ပြန်နိုင်ဖို့ ကျွန်တော်တို့ နည်းလမ်းရှာပြီး သက်ဆိုင်တဲ့အစိုးရတွေနှင့် ဆွေးနွေးတိုင်ပင်တာတွေကို အမြဲပြုလုပ်နေတာဖြစ်တယ်။

မေး။ ။ နေရပ်ပြန်လို့မရသေးတဲ့ ကျေးရွာတွေကလည်း ပြန်ဖို့ စာတင်ထားတယ်လို့သိရတယ်။ ဒီကိစ္စကို ဘယ်လို ဆောင်ရွက်ပေးနေသလဲဗျ။
ဖြေ။ ။ ကျွန်တော်တို့အထဲမှာလည်း ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး ဆိုတာရှိတယ်။ တိုက်ပွဲ မဖြစ်ဘဲရှောင်တဲ့ ကျေးရွာတွေဖြစ်မယ်။ ပြီးတော့ ရွာမပျက်ဘဲ အခုထိ ခိုင်ခိုင်မာမာနှင့်ရှိနေသေးတဲ့ရွာတွေဖြစ်မယ်။ အစိုးရ ဒါမှဟုတ် KIO တစ်ဖက်ကိုပဲ ဆွေးနွေးတိုင်ပင်လိုရမယ့်နေရာတွေကိုပဲ ပထမဦးစားပေး လုပ်ဆောင်နေတယ်။

မေး။ ။ စစ်ရှောင်တွေ နေရပ်ပြန်ဖို့ကိစ္စနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောပေးပါ။
ဖြေ။ ။ အခုချိန်က အားလုံးအရမ်းခက်ခဲနေကြမယ်။ စစ်ရှောင်တွေမှ မဟုတ်ဘူး စစ်ရှောင်မဟုတ်တဲ့သူတွေလည်း covid-19 ကာလဖြစ်တဲ့အတွက် ခက်ခဲမှုတွေအများကြီးရှိကြတာဖြစ်တယ်။ ဒီလိုမျိုးဖြစ်တဲ့အချိန်မှာ စစ်ရှောင်တွေအနေနဲ့လည်း ကျွန်တော်တို့ဘဲ အရမ်းခက်ခဲတယ်လို့ မခံစားမိဖို့ အရေးကြီးပါတယ်။ ခက်ခဲမှုတွေက အားလုံးတူတူဖြစ်တယ်။ စစ်ရှောင်တွေကိုကူညီထောက်ပံ့နိုင်ဖို့ ငွေကိုလည်း ကျွန်တော်တို့ ရှာနေတာဖြစ်လို့ ရတာလည်းရှိတယ်။ ဒါပေမဲ့ခုချိန်က ငွေရယူဖို့လည်းခက်တယ် ဗဟိုဘဏ်က ထုတ်ပေးမှ ထုတ်လို့ရတာတွေလည်း အများကြီးရှိလာတာဖြစ်တယ်။ ဒါကြောင့် ပုံမှန်ထောက်ပံ့မှုရခဲ့သလို မဟုတ်တော့လို့ မျှော်လင့်ချက်မရှိတော့တဲ့သူတွေလို မဖြစ်ကြဖို့နှင့် ကျွန်တော်တို့အနေနဲ့လည်း ကူညီရမဲ့အပိုင်းတွေကို ကူညီနိုင်အောင် နည်းလမ်းရှာနေမြဲဖြစ်တယ်ဆိုတာကို စစ်ရှောင်တွေကိုလည်း သိစေချင်ပါတယ်။

Show More

Related Articles

Back to top button