သတင်း

ဝါရာဇွပ်ကျေးရွာဒေသခံများ နှစ်ရှည်ပင်ပေါင်း၄၀၀၀ ကျော် စိုက်ပျိုး

ဟူးဟောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာရှိ အငြင်းပွားမှုဖြစ်နေဆဲ မြေနေရာတွင် ဒေသခံများက နှစ်ရှည်ပင် ၄၀၀၀ ကျော် စိုက်ပျိုးသည့်လှုပ်ရှားမှုကို ဇွန်လ ၅ ရက်နေ့က ပြုလုပ်ခဲ့သည်။

ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်(KDNG) နှင့် Mungchying Rawt Jat (MRJ) အဖွဲ့တို့က ဦးဆောင်ပြီး ဝါရာဇွပ်ဒေသခံ ၃၀ ကျော် ပါဝင်စိုက်ပျိုးခဲခြင်းဖြစ်သည်။

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုကိုဆောင်ရွက်ခြင်းဖြစ်တယ်။ အစိုးရက ကျေးရွာဖွံ့ဖြိုးရေး ခေါင်းစဉ်နဲ့ နဂိုမူလရှိတဲ့ သဘာဝပတ်ဝန်းကျင်တွေကို စိုက်ပျိုးရေးစီမံကိန်းတွေနဲ့ ဖျက်စီးပေးလိုက်တာ ဖြစ်တယ်။ ဒါကြောင့်ဒေသခံတွေ တတ်နိုင်သလောက်နဲ့ ပြန်လည်တည်ထောင်တာပါ။ ရှေ့ဆက်ပြီးမှလည်း စိုက်ပျိုးရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်” ဟု MRJ အဖွဲ့မှ ဦးလရှီးအောင်လတ် က ပြောသည်။

အဆိုပါနယ်မြေများသည် ယခင်က ယုဇနကုမ္ပဏီမှ သိမ်းယူထားသောနေရာများဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဒေသခံများက ကုမ္ပဏီမှ ဧက ၂၀ ခန့် ပြန်လည်ရယူထားသည်ဟု သိရသည်။

ထိုနေရာများအနက် ယခုနှစ်သစ်ပင်စိုက်လိုက်သော အကျယ်အဝန်းမှာ ၅ ဧကခန့်ရှိသည်။

“ကျမတို့က ယုဇနကုမ္ပဏီ မဝင်ခင်တုန်း ဒီမြေနေရာတွေက ဒေသခံတွေကျက်စားခဲ့တဲ့ မြေနေရာဖြစ်တယ်။ ကုမ္ပဏီ တွေဝင်လာတဲ့နောက်ပိုင်း ကျေးရွာရဲ့ စားကျက်မြေတွေမရှိတော့ဘူး။ ဒေသခံတွေရဲ့ လုပ်စားနေတဲ့ မြေနေရာတွေ လည်း အားလုံးပျောက်ကွယ်သွားခဲ့တယ်။ ဒါပေမယ့် ဒီနေ့က ကျေးရွာမှာ အခုလို သစ်ပင်စိုက်တဲ့ လုပ်ရတော့ အင်မတန်မှ ဝမ်းသာကြည်နူးမိတယ်။ ဒီနေရာတွေက ကျမတို့ ဒေသခံတွေအတွက် အင်မတန်မှ တန်ဖိုးမဖြတ်နိုင်တဲ့ မြေနေရာပါ။ ဒါကြောင့် အရင်းကလို အေးအေးချမ်နဲ့ ပြန်နေချင်တယ်” ဟု သစ်ပင်စိုက်ပျိုးရေးတွင် ပါဝင်ခဲ့သည့် ဒေသခံ ဒေါ်အင်ဘရန့်ထုဆမ်က ပြောဆိုသည်။

လက်ရှိ အပင်စိုက်ပျိုးနေသော မြေနေရာများကို စိုက်ပျိုးရေးခြံအဖြစ် သတ်မှတ်ပေးရန် ဒေသခံများက အစိုးရထံတောင်းဆိုခဲ့သော်လည်း ကျားထိန်းသိမ်းရေးနယ်မြေအတွင်းဖြစ်နေသည်ဟုဆိုကာ တရားဝင်ချပေးခြင်းမရှိခဲ့ကြောင်း သိရသည်။

လီဒိုလမ်းမပေါ်ရှိ ကျေးရွာ ၂၅ရွာတွင် အများစုမှာ လယ်ယာမြေသိမ်းဆည်းခံရသည့် ပြသနာကြုံတွေ့နေရသောကြောင့် ဆုံးရှုံးသွားသည့်မြေယာများကို ပြန်လည်အကောင်ထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု KDNG မှ တာဝန်ခံ ဦးစာဂျီ ကယခုလိုပြောဆိုသည်။

“သစ်ပင်စိုက်တဲ့ လုပ်ငန်းကို ဒေသခံတွေနဲ့အတူ ပါဝင်ဆောင်ရွက်ပေးတာက စိတ်ခွန်အားပြန်လည်ရရှိအောင် ဖြစ်တယ်။ ဒီဒေသခံတွေက ယုဇနကုမ္ပဏီရဲ့ လယ်ယာမြေတွေ သိမ်းဆည်းခံထားရတော့ စိတ်ဒဏ်ရာ ထိခိုက်စရာတွေဖြစ်နေတယ်။ ဒါကို ပြန်လည်ထူထောင်ပေးတဲ့ သဘောအနေနဲ့ သစ်ပင်စိုက်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ပေးတာပေါ့။ အစိုးရက ဗဟိုထိန်းချုပ်မှု စနစ်နဲ့ ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေတွေကို မတရားသိမ်းဆည်းပေးလိုက်တယ်။ ဒါကြောင့် ကိုယ့်ဒေသကို ပြန်တည်ဆောက်ဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ ရှေ့ဆက်လည်း လုပ်ဆောင်သွားဖို့ရှိတယ်”ဟု ပြောဆိုသည်။

ဟူးဟောင့်ဒေသခံများ၏ လယ်ယာမြေများကို ကျားထိန်းသိမ်းရေး နယ်မြေအဖြစ် အစိုးရက ၂၀၀၄ ခုနှစ်တွင် စတင်အကောင်ထည်ဖော်ခဲ့ပြီး ၂၀၀၇ တွင် ယုဇနကုမ္ပဏီမှ စိုက်ပျိုးရေးစီမံကိန်းအဖြစ် ထပ်မံ သိမ်းပိုက်ခဲ့သည်ကို သိရသည်။

Show More

Related Articles

Back to top button