သတင်း

ဖားကန့် မြေပြိုကျမှု သေဆုံးသူ ၁၇၀ ကျော်ရှိလာ

ဖားကန့် ဂွေခါ(ဝှေခါ) မြေပြိုကျမူဖြစ်စဉ်တွင် ဇူလိုင်လ ၃ရက်နေ့ ညနေ ၃နာရီခွဲချိန်ထိ သေဆုံးသူဦးရေ ၁၇၀ ရှိလာပြီး အလောင်းများကို ဝှေခါသုသာန်တွင် သဂြိုလ်နေပြီဖြစ်ကြောင်း သိရသည်။

“ ဆယ်ထားပြီးသား အလောင်းတွေကိုတော့ ခုသဂြိုလ်နေပြီ။ တစ်ချို့ပိုင်ရှင်ပေါ်တဲ့ဟာတွေတော့ လာယူသွားကြတယ်။ ပိုင်ရှင်မပေါ်တဲ့အလောင်းတွေကိုတော့ စပြီး သဂြိုလ်နေပါပြီ။ ခုတော့ အလောင်းရှာတဲ့ကိစ္စတော့ မိုးအရမ်းရွာလို့ နားလိုက်ပြီ။ အလောင်းရှာတဲ့ကိစ္စတော့ ၃ ရက်လောက်ဆက်လုပ်ရအုံးမယ်။ ရေထဲမှာဆိုတော့ တစ်ချို့အလောင်းတွေက ၃ ရက်လောက်နေမှ ပြန်ပေါ်လာတဲ့ဟာမျိုးလည်း ရှိနေတော့ ထပ်ပြီးတော့ ရှာဖို့စီစဉ်ထားကပါတယ်။” ဟု ဝှေခါ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းထံမှ သိရသည်။

ဇူလိုင်လ ၂ရက်နေ့ဖြစ်စဉ်သည် လုပ်ကွက်ဟောင်းနွံအိုင်ထဲသို့ မြေပြိုကျမူကြောင့် နွံလိုင်းတက်လာကာ ဘေးပတ်ဝန်းကျင်တွင် ကျောက်ရှာနေကြသည့် ရေမဆေးကျောက်ရှာသမားများကို တိုက်ယူသွားခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

နွံကန်ဘေးတွင် အလောင်းများထပ်ပေါ်လာနိုင်သည့်အပြင် အန္တာရယ်များသည့်အတွက် နွံကန်ထဲသို့မဝင်ရန် ကင်းစောင့်ကြည့်မှုများပြုလုပ်နေသည်ဟု ဆိုသည်။

ရှာဖွေတွေ့ရှိထားသည့် အလောင်းများကို ဝှေခါသုသာန်တွင် သဂြိုနေပြီး ပိုင်ရှင်ပေါ်လာသည့် အလောင်းများကိုမူ သက်ဆိုင်ရာမိသားစုများက လာရောက်မီးသဂြိုလ် မြုပ်နှံခြင်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ဖားကန့် ကျောက်စိမ်းမှော်တွင် မိုးတွင်းကာလ နှစ်စဉ်နှစ်တိုင်း မြေဇာပုံပြိုကျမှုကြောင့် သေဆုံးမှုရှိခဲ့သော်လည်း ဇူလိုင် ၂ ရက်နေ့ ဖြစ်စဉ်တွင် လူသေဆုံးမှုအများဆုံးဖြစ်ခဲ့သည်။

မိုးတွင်းကာလ နွံကန်ပေါက်ခြင်း၊ မြေပြိုခြင်းများကြောင့် ထိခိုက်မှု မရှိစေရန် ကျောက်စိမ်းရိုင်းတူးဖော်ရေးလုပ်ငန်းကို ကာလအားဖြင့် ၃လ ပိတ်ထားရန် ဇွန်လ ၂၆ရက်နေ့ ညွန်ကြားစာ တစ်ခုထွက်လာခဲ့သည်။

“မနေ့ကတော့ စာတစ်စောင်ထွက်လာတယ် မိတ္တူထဲမှာပါနေတယ်။ ကချင်ပြည်နယ် သယံဇာတဝန်ကြီးဆိုတာပါတယ်။ ဇူလိုင်လ ၁ရက်နေ့မှ ထုတ်တဲ့စာကို ဇူလိုင်က ၂ရက်နေ့ မနေ့က Facebook လိုင်းပေါ်မှာဘဲတွေ့တယ်။ ကျနော်တို့ရုံးကို တိတိကျကျ ဝင်တာတော့ မရှိသေးဘူး။ ဖားကန့်ကျတော့ အကုန်လုံး ပြည်ထောင်စုသယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိ်မ်းရေး ဝန်ကြီးဌာန ကနေပြီးတော့ စီမံခန့်ခွဲတဲ့ ဧရိယာလေဆိုတော့ ကျနော်တို့အနေနဲ့က ကုမ္ပဏီပိတ်တာတို့က လုပ်ပိုင်ခွင့်မရှိဘူး။ ဒါပေမယ့် မနေ့ကတော့ မိုးတွင်းကာလ ၃လနားဖို့ စာကို လိုင်းပေါ်မှာတွေ့လိုက်တယ်။” ဟု ကချင်ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်း ကပြောသည်။

ပြည်နယ်အစိုးရသည် အရပ်ဘက်အဖွဲ့စည်းများနှင့် ပူးပေါင်းရာတွင် အားနည်းချက်များရှိနေသည့်အပြင် ယခုကဲ့သို့ ဖြစ်နေသည့် ကိစ္စသည် ဗဟိုချုပ်ကိုင်မှု စနစ်ကြီး၏ အကျိုးဆက်များဖြစ်ကြောင်း ဖားကန့် လူမှုဖွံ့ဖြိုးရေးအဖွဲ့တစ်ခုဖြစ်သော Green Land အဖွဲ့မှ ဦးနောင်လတ်က သုံးသပ်ပြောဆိုသည်။

“အထက်အောက်အပြန်လှန်ညှိနိူင်းဆက်သွယ်မှု၊ အပြန်လှန်အလုပ်လုပ်တာအားနည်းတာရယ် နောက်တစ်ခုက ပြည်နယ်ကို လုပ်ပိုင်ခွင့်မပေးတဲ့ အကျိုးသက်ရောက်မှု ပြည်နယ်ကိုမပေးသော်ငြားလည်း ကုမ္မဏီကို ကြည့်ဖို့တာဝန်က ပြည်နယ်မှာလည်းရှိတယ်။ သေချာကြီးကြပ်ရမယ်။ ရာသီပိတ်ချိန်တိုင်း ကုမ္မဏီရဲ့ပိတ်သိမ်းမှုအခြေနေက ဘယ်လိုရှိလဲ ဘယ်အနေထားမှာရှိသလဲဆိုတာကို ပြည်နယ်အစိုးရမှာလည်း တာဝန်ရှိတယ်။ ခုတော့ ဖြစ်သွားမှ မိုးကြိုးပစ်မှ ထန်းလျှက်ကာတဲ့သဘောဖြစ်နေတယ်။” ဟု ဦးနောင်လတ်က ပြောသည်။

ဒီမိုကရေစီလမ်းကြောင်းသွားရာတွင် ဗဟိုချုပ်ကိုင်မှုစနစ်ကို အတတ်နိုင်ဆုံးလျော့ဖို့လိုအပ်ကြောင်းနှင့် NLD ၏ ဒီမိုကရေစီဝါဒသည် အသက်မဝင်သေးသည့်အတွက် ကြံံ့ခိုင်ရေးနှင့် ထူးမခြားနား ရှိနေသေးကြောင်း ၎င်းကဆက်ပြောသည်။

ဇူလိုင် ၂ရက်နေ့ မြေပြိုကျမှုကြောင့် သေဆုံးသူပေါင်း ၁၇၀ ကျော်ရှိလာပြီး ထိခိုက်ဒဏ်ရာရသူများ ၄၃ ဦးရှိနေပြီဖြစ်သည်။

အဆိုပါ မြေပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့ကြရသည့် ပြည်သူများအား ပြည်နယ်အစိုးရမှ ငွေကျပ် သိန်း ၅၀၀၊ ဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်အသင်းမှ သိန်း ၅၀၀၊ တပ်မတော်မှ ကျပ်သိန်း ၅၀၀ ၊ KNDPC ကျောက်မျက်တူးဖော်ရေး ကုမ္မဏီတို့မှ ငွေကျပ်သိန်း ၁၀၀ စသည့်ကူညီမှုများကို ခွဲဝေပေးသွားမည်ဟု သိရသည်။

“စာရင်းက နောက်ထပ် ၃ရက်လောက်မှချုပ်မှာဆိုတော့ လောလောဆယ်ရထားတဲ့ အလှူငွေတွေ တစ်ဦကို ဘယ်လောက်ထောက်ပံ့မလဲ ဆိုတာကိုတော့ တိတိကျကျပြောလို့မရသေးပါဘူး။ စာရင်းပိတ်တဲ့နေ့မှာ အသေးစိတ်သိရမှာပါ။” ဟု ဝှေခါအုပ်ချုပ်ရေးမှူး ဦးကျော်မင်းက ပြောသည်။

Show More

Related Articles

Back to top button