ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်ပြည်နယ် မဲစာရင်းကောက်ခံ၍မရသည့် ကျေးရွာပေါင်း ၂၀၀ ခန့်ရှိနေ

ကချင်ပြည်နယ်အတွင်း မဲစာရင်းအတွက် လူဦးရေးစာရင်းကောက်ခံ၍မရသော ကျေးရွာပေါင်း၂၀၀ ခန့် ရှိနေကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံး (ခွဲ) မှ သိရသည်။

အဆိုပါနေရာများမှာ လက်နက်ကိုင်အဖွဲ့အစည်းနယ်မြေအတွင်း ကျရောက်နေခြင်းနှင့် နယ်မြေလုံခြုံရေးအရ ကောက်ယူ၍မရခြင်းတို့ကြောင့် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ အရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။

“မဲ စာရင်းပြုစုတဲ့အချိန်မှာ လူဦးရေစာရင်းကို အရင်ပြုစုရတယ်။ အဲလိုလူဦးရေ စာရင်းပြုစုတဲ့အချိန်မှာ မဲဆန္ဒရှင်အတွက် သတ်မှတ်အရည်ချင်းနဲ့ ပြည့်မှီတဲ့လူတွေကို ပြန်ရွေးထုတ်ပေးပြီးတော့မှ မဲစာရင်းထဲကို ပြန်ကူးပြောင်းပေးရပါတယ်။ လူဦးရေစာရင်းကောက်ယူတဲ့အချိန်မှာ လုံခြုံရေးကန့်သတ်ချက်ရှိတဲ့နေရာတွေ၊ တစ်ချို့ကျတော့လည်း နယ်မြေလုံခြုံရေးအရ တိမ်းရှောင်သွားတဲ့ကျေးရွာအုပ်စုတွေရှိတယ်။ နောက်တစ်ခုကတော့ လက်နက်ကိုင်အဖွဲ့စည်းမှာရှိနေတဲ့ နယ်မြေတစ်ချို့ကျတော့ ပြည်ထဲရေးဝန်ကြီးဌာနကနေ ပယ်ဖျက်ရခြင်းမရှိသေးတဲ့ မြေပြင်မှာမရှိတော့တဲ့ နယ်မြေတွေရှိတယ်။ အဲလိုနေရာမှာတော့ လူဦးရေလည်းကောက်ယူနိုင်ခြင်းမရှိတဲ့အတွက် မဲစာရင်းလည်း ပြုစုနိုင်ခြင်းမရှိခဲ့ဘူး။” ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး (ခွဲ)မှ အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။

မဲ စာရင်းပြုစုလို့မရသည့် ကျေးရွာများရှိနေသည့်အတွက် တိုင်းရင်းသားပါတီများအပြင် အခြားသောနိုင်ငံရေးပါတီများအတွက်လည်း နစ်နာမှုရှိနေကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒုဥက္ကဌ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက သုံးသပ်ထားသည်။

“ရွေးကောက်ပွဲကာလမှာတော့ ပြည်သူတဲ့ရှိတဲ့နေရာအားလုံးမှာ မဲပုံးထောင်နိုင်အောင်၊ မဲစာရင်းရနိုင်အောင် ဆွေးနွေးသင့်တယ်လို့မြင်တယ်။ အဲလိုနှစ်ဖက်ပြေလည်တယ်ဆိုရင်တော့ ကျမတို့ ပြည်သူတွေ မဆုံးရှုံးသလို ဒေသခံပါတီတွေ အတွက်လည်း အခွင့်အရေး မဆုံးရှုံးဘူး။ ခုကပြည်သူတွေက ကန့်သတ်ခံနေရတယ်။ ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံသားတိုင်းက မဲပေးပိုင်ခွင့်ရှိတယ်ဆိုပေမယ့် ကျမတို့ဆီမှာ တန်းတူညီမျှမှု မရဘူး။ ဥပမာ အင်ဂျန်းယန်မှာဆို ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းရှိတယ်။ မဲပုံးထောင်လို့မရတဲ့နေရာက ဟိုဘက်ကမ်း အဲဘက်က လူလည်းပိုများနေတော့ အားလုံးတွက်ဆုံးရူံးတယ်။ အဲကြောင့် ရွေးကောက်ပွဲကာလအတွင်းတော့ ဒီကိစ္စတွေကို သက်ဆိုင်ရာက ပြန်လည်သုံးသပ်သင့်တယ်လို့မြင်တယ်” ဟု ပြောသည်။

လွန်ခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းပြုစုရာတွင် လူဦးရေစာရင်းကောက်ယူလို့မရခဲ့သည့် ကျေးရွာပေါင်း ၂၁၅ ကျေးရွာရှိခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲအတွက်မူ ကျေးရွာ၂၀၀ ဝန်းကျင်သာရှိတော့သည့်တွက် ရာခိုင်နူန်းအားဖြင့် အနည်းငယ်လျော့နည်းသွားသည်။

အဆိုပါ မဲစာရင်းများကို ပြည်နယ်လူဝင်မူကြီးကြပ်ရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးရုံးအဖွဲ့နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တို့မှ လွန်ခဲ့သည့် ၂၀၁၉ ဇွန်လမှ စတင်ပြုစုခဲ့ခြင်းဖြစ်သည်။

လာမည့် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး မဲဆန္ဒရှင်လူဦးရေပေါင်း ၁၀သိန်း ၇သောင်းခန့်ရှိပြီး မဲရုံပေါင်း ၈၉၀ လျာထားကာ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၈ ပါတီရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

Show More

Related Articles

Back to top button