ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

တရုတ်ထောက်ပံ့ငွေဖြင့် ကချင်စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်ရေးအစီစဉ် စက်တင်ဘာလတွင်စတင်နိုင်ဖွယ်ရှိ

တရုတ်နယ်စပ် ကချင်စစ်ရှောင်များ နေရပ်ပြန်ရေးအတွက် တရုတ်အစိုးရထောက်ပံ့သည့် ယွမ် ၄ သန်းကိုလာမည့် စက်တင်ဘာလခန့်တွင် စတင်အကောင်ထည်ဖော်နိုင်မည်ဟု ပြည်နယ်အစိုးရထံမှ သိရသည်။

မိမိနေရပ်သို့ ပြန်လည်နေထိုင်ရန် ဆန္ဒပြုထားသည့် တာလောကြီးကျေးရွာမှ အိမ်ထောင်စု (၅၉) စု၊ ဒဘတ်ကျေးရွာ (၃၄) စု နှင့် နမ်ဆန်ယန်ကျေးရွာ (၉၈) စု စသည့် အိမ်ထောင်စုပေါင်း ၁၉၁ ခုအတွက် နေအိမ်၊ မီး ရရှိအောင် လုပ်ဆောင်နေသည်ဟု ပြည်နယ် ညွှန်ကြားရေးမှူး ဦးဇော်ဇော် က ပြောသည်။

“အားလုံးကတော့ ယွမ်သန်း ၂၀၀ဆိုတဲ့ စီမံချက်ထဲမှာပါကြတယ်။ ဒါပေမယ့် တရုတ်သမ္မတကြီး လာသွားတဲ့နောက်ပိုင်း သံအမတ်နှင့်အကြီးအကဲတွေ တွေ့ကြတော့ ၂၀၀လုံး မဟုတ်ရင်တောင် ယွမ် ၁၀သန်းနဲ့စပြီး ရွာတွေ ရွေ့လို့ရတဲ့အနေထား စလုပ်လို့ရအောင် ဗြုန်းကနဲလုပ်မယ့်အစား တစ်ဖြည်းဖြည်းလုပ်လို့ရအောင် အခြေနေအရ ရွေ့လို့ရတဲ့နေရာရှိသလို ရွေ့လို့မရတဲ့နေရာရှိတယ်။ အဲတော့ ဆရာတို့က ယွမ် ၂သန်း သို့မဟုတ် ၃သန်းနဲ့လုပ်လို့ရမယ့် အခြေနေကိုလှမ်းတောင်းပြီးတော့ ဒီရွာ ၃ရွာကို ဦးစားပေးပြီး တင်ပေးလိုက်တာပါ။” ဟု ပြောသည်။

စီမံကိန်းတွင် နေအိမ်မွမ်းမံမည့်မိသားစုများအတွက် အိမ်ထောင်စုတစ်စုလျှင် ၃၅သိန်း၊ အသစ်ဆောက်လုပ်ရန်လိုအပ်သည့် မိသားစုတစ်စုလျှင် ငွေကျပ် ၇၅သိန်းခန့် လျာထားကြောင်း ၎င်းကဆက်ပြောသည်။

တရုတ်အစိုးရက ကချင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ယွမ် သန်း ၂၀၀ ထောက်ပံ့ရန် ကတိပြုထားပြီး ပထမအကြိမ် ယွမ် ၄ သန်းကို သြဂုတ် ၅ ရက်နေ့ နေပြည်တော်ပြည်ထောင်စုလူကယ်ပြန်ဝန်ကြီးထံ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် က ပေးအပ်ခဲ့သည်။

မြန်မာအစိုးရက တရုတ်ထောက်ပံ့ငွေဖြင့် နေရပ်ပြန်ရေးစတင်ပြုလုပ်လာစဉ် ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC ကလည်း ဂျပန်အစိုးရ နိပွန်ဖောင်ဒေးရှင်းကူညီထောက်ပံ့မှုဖြင့် ကျေးရွာအချို့ကို နေရပ်ပြန်ရေးစီစဉ် လုပ်ဆောင်နေပြီဖြစ်သည်။

ယခုတရုတ်အစိုးရထောက်ပံ့သောငွေကြေးဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရကိုယ်တိုင်စီမံခန့်ခွဲမည်ဖြစ်ပြီး
ပြည်နယ်အခြေစိုက် ကချင်အရပ်ဘက်အဖွဲ့စည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများသည်လည်း ၎င်းတို့အစီစဉ်ဖြင့် နေရာမထပ်အောင် ပြန်လည်ထူထောင်ရေး လုပ်ဆောင်မည်ဖြစ်သည်ဟု ဆိုသည်။

“အစိုးရအနေနဲ့ အခုတရုတ်ပြည်ကထောက်ပံ့တဲ့ စီမံကိန်းကိုတော့ သူကိုယ်တိုင်လုပ်ဆောင်မယ့် အနေထားရှိတယ်။ အဲတော့ ဥပမာ KMSS (ဂရုဏာ)အဖွဲ့လို ကျနော်တို့လိုအဖွဲ့တွေက ပူးပေါင်းပါဝင်စရာမလိုတော့ဘူး။ အစိုးရအနေဖြင့် တရုတ်နိုင်ငံထောက်ပံ့တဲ့ပေါ်မှာ ဘယ်နေရာတွေလုပ်နိုင်မလဲ ပြီးတော့ ကျနော်တို့ KBC ၊ RC တွေ ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့စည်းတွေကတော့ ဘယ်နေရာမှာလုပ်မယ်ဆိုတာမျိုး ဒီစစ်ရှောင်တွေနေရပ်ပြန်နိုင်ဖို့အတွက် လက်တွဲပြီး တိုင်ပင်သွားဖို့လိုတယ်လို့ မြင်ပါတယ်။” ဟု ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC ဥက္ကဌ သိက္ခာတော်ရ ဆရာတော်ခလမ်ဆမ်ဆွန် က ပြောသည်။

မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်ရှိ နမ်ဆန်ယန်ဒေသခံတစ်ချို့ကို တပ်မတော်က ဦးဆောင်ပြီး ၂၀၁၉ နှစ်ဆန်းတွင် နေရပ်ပြန်ပို့ခဲ့သည်။ ထို့နောက် လက်ရှိတွင် ဒဘတ်ကျေးရွာနှင့် တာလောကြီးကျေးရွာ စစ်ဘေးရှောင်များသည်လည်း နေရပ်ပြန်ရေးအစိုးရထံတောင်းဆိုထားသည်ဟု သိရသည်။

ကချင်တစ်ကျော့ပြန်တိုက်ပွဲကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ လူထု ၁ သိန်းကျော်သည် စစ်ဘေးရှောင်နေရသည်မှာ ၉ နှစ်ကျော်လာပြီဖြစ်သည်။ စစ်ရှောင်စခန်းပေါင်းလည်း ၈၀ကျော်ရှိနေသည်။

လက်ရှိအချိန်တွင် အစိုးရက စစ်ရှောင်စခန်းပိတ်သိမ်းရေးစီမံချက်ဖြင့် စတင်အကောင်ထည်ဖော်နေပြီဖြစ်သည်ဟု သိရသည်။

သို့သော် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား လုံခြုံရေးအတွက် အာမခံသော အပစ်ရပ်လက်မှတ် တစ်စုံတစ်ရာ ရေးထိုးထားခြင်းမရှိသေးသဖြင့် နေရပ်ပြန်မည်စစ်ရှောင်များသည်လည်း စိုးရိမ်မှုရှိနေသည်ဟု ဆိုသည်။

Show More

Related Articles

Back to top button