ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးအမည်စာရင်း တင်သွင်းသူ ပယ်ချခံရ

ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ကိုယ်စားလှယ်လောင်း ပယ်ချခံရမှုနှင့်ပတ်သက်ပြီး အယူခံဝင်ရန် အစီစဉ်မရှိကြောင်း အမည်စာရင်း တင်သွင်းသူ စာရေးဆရာ ဦးသန်းဝင်း(ခေါ်) ဦးသန်းဝင်းလှိုင်ထံမှ သိရသည်။

“ကျနော်အနေနဲ့တော့ အယူခံဆက်ဝင်ဖို့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီဥပဒေဟာ တရားမျှတမှု မရှိတဲ့ဥပဒေဖြစ်တဲ့အတွက် ကျနော့်အနေနဲ့အယူခံဆက်ဝင်လိုက်ရင် ဥပဒေကိုတစ်ဖက်တစ်လမ်းကနေပြီး အားပေးသလိုဖြစ်နေတဲ့တွက်ပါ။” ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီUNDP မှ ဒုဥက္ကဌ ဦးသန်းဝင်းလှိုင်က ဆိုသည်။

ကချင်ပြည်နယ်တွင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းသူ ၈ဦးရှိနေပြီး ယခုပယ်ချခံရသူသည် UNDP ပါတီမှ ဒုဥက္ကဌ ဦးသန်းဝင်းလှိုင်ဖြစ်သည်။

ပယ်ချခံရခြင်းမှာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၈(က) ၂ အရ ညှိစွန်းနေသည့်အတွက် သြဂုတ်လ ၁၄ရက်နေ့တွင် ပယ်ချခဲ့ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ) မှ အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။

“ကျနော်တို့ ၈ (က) ၂ ဆိုတာက အမည်စာရင်းတင်သွင်းသူဟာ ရွေးကောက်ခံရသည့်အချိန်နဲ့တစ်ဆက်တည်း မြန်မာနိုင်ငံမှာ ၁၀နှစ်ဆက်တိုက် နေထိုင်မှု မရှိဘူးဆိုတဲ့ပုဒ်မဖြစ်တယ်။ အဲတော့ ကိုယ်စားလှယ်လောင်းကို စီစစ်တဲ့အချိန်မှာ တရားမဝင်လမ်းကြောင်းကနေပြီးတော့မှ ထိုင်းနိုင်ငံမှာသွားရောက်နေထိုင်ခဲ့တယ်ဆိုတာ ပေါ်ပေါက်တဲ့အတွက် ခုဆိုရင် ရွေးကောက်တင်မြောက်ခံရမယ့်အချိန်ဆိုရင် ၁၀နှစ်မပြည့်တော့ဘူး။ ဒါကြောင့်မို့ ကျနော်တို့က သူတို့အမည်စာရင်း တင်သွင်းတာကို ပယ်ချဖို့တွက် ဆုံးဖြတ်တာဖြစ်တယ်။” ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ) မှ အရာရှိဦးထွန်းအောင်ခိုင်က ခုလိုပြောသည်။

စာရေးဆရာ ဦးသန်းဝင်း( သန်းဝင်းလှိုင်) သည် “ရုပ်ထုမှပြောသော မြန်မာ့သမိုင်းပုဂ္ဂိလ်သူများ” စာအုပ် ရေးသားခဲ့သည့်အတွက် ၂၀၀၀ ခုနှစ်တွင် ဖမ်းဆီးခံရကာ ထောင်ကျခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ပြန်လည်လွှတ်မြောက်လာသူဖြစ်သည်။

“ထောင်ကလွှတ်ပြီးတော့ ၃နှစ်လောက်တော့ စာရေးခွင့်ရတယ် နောက်ပိုင်းကျတော့ DVB နဲ့ဆက်သွယ်တယ် RFA နဲ့ ဆက်သွယ်တယ်ဆိုပြီး စာပေစီစစ်ရေး မကောင်းကြောင်းတွေကိုပြောတယ်ဆိုပြီးတော့ ကျနော်စာမူတွေကိုပိတ်တယ်။ အဲတော့ကျနော်က ကလောင်နာမည်ပြောင်းပြီးတော့ ကျနော့်သမီးနာမည်နဲ့ရေးတယ်။ အဲဒါလည်းစာပေစီစစ်ရေးကသိသွားတဲ့အတွက် နောက်ပိုင်းကျနော့်ကလောင်အပိတ်ခံရတယ်။ အဲတော့ ဗမာပြည်မှာ လုံးဝစာရေးခွင့်မရတဲ့အတွက် အသက်မွေးဝမ်းကျောင်းကလည်း စာရေးတာဘဲရ်ှိတဲ့အတွက် ဘယ်လိုမှရပ်တည်လို့မရတဲ့အတွက် ထိုင်းနိုင်ငံကို ခေတ္တတိ်မ်းရှောင်သွားတာဖြစ်တယ်။ နောက်ပိုင်း ဦးသိန်းစိန်အစိုးလက်ထက် ဒါတွေကို ပယ်ဖျက်လိုက်ပြီဆိုတဲ့အတွက် ၂၀၁၅မှာ ပြန်လာတယ်။ အဲဒါကို ၁၀ နှစ်မပြည့်ဘူးဆိုပြီး ပယ်ချလိုက်ကြတာဖြစ်တယ်။” လို့ အမည်စာရင်းပယ်ချခံရသည့် UNDP မှ ဒုဥက္ကဌ ဦးသန်းဝင်းလှိုင်က ယခုလိုပြောသည်။

အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျောင်းသားများ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများရှိသောကြောင့် ယခုလိုပိတ်ပင်မှုသည် ရွေးကောက်ပွဲကို မဝင်စေချင်သည့်အတွက်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

ကချင်ပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလာသူများအား သြဂုတ်လ ၁၁ ရက်နေ့မှ စကာ ၁၇ရက်နေ့ထိ အမည်စာရင်းစီစစ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင် မှ သိရသည်။

တိုင်းရင်းသားရေးရာဝန်ကြီးနေရာများအဖြစ် ကချင်ပြည်နယ်တွင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးယှဉ်ပြိုင်သူ ၈ဦး၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ၈ဦး၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ၈ဦး၊ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ၆ ဦး၊ စုစုပေါင်း ရေးရာဝန်ကြီးယှဉ်ပြိုင်သူဦးရေ ၂၀ ဦးရှိကာ ယခုပယ်ချခံရသူတစ်ဦးရှိသည့်အတွက် စုစုပေါင်း ၁၉ ဦးကျန်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် လာမည့် ရွေကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ လူဦးရေသည် ၁၀ သိန်း ၈သောင်း ကျော်ရှိပြီး မဲရုံပေါင်း ၈၉၁ ရုံရှိသည်။

Show More

Related Articles

Back to top button