ငြိမ်းချမ်းရေးဆွေးနွေးမှုရွေးကောက်ပွဲဆိုင်ရာသတင်း

KIA တပ်စခန်းဖယ်ရှားပေးရေးကိစ္စကြောင့် တိုက်ပွဲဖြစ်လာမည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများစိုးရိမ်

ချီဖွေမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်း၂ ခုကို ရုပ်သိမ်းပေးရန် တပ်မတော်ဘက်ကအကြောင်းကြားခဲ့ပြီးနောက် နှစ်ဖက်တင်းမာမှုများရှိနေသဖြင့် ထိုဒေသတွင် တိုက်ပွဲများပြန်လည်ဖြစ်လာမည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း စိုးရိမ်နေကြသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး KIA တပ်စခန်း၂ခုကို ရုပ်သိမ်းပေးရန် နယ်လုံဝန်ကြီးက PCG မှတဆင့် KIO ထံသို့ ယခုလဆန်းပိုင်းက စာဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကာလနီးလာချိန်မှ ယခုလိုတပ်စခန်း ဖယ်ပေးရန်ဆိုပြီး စစ်ရေးဖြင့် ဖိအားပေးပြောဆိုလာခြင်းက ရွေးကောက်ပွဲကို ထိခိုက်စေလိုခြင်းကြောင့် ဖိအားပေးတာ ဖြစ်နိုင်ကြောင်း NLD ပါတီမှ ကချင်ပြည်နယ် အမှတ် (၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇောင်းဒိုင်က ယခုလိုသုံးသပ် ပြောဆိုသည်။

“အချိန်တွေအများကြီးကြာခဲ့ပြီး အဲဒီချိန်တွေမှာဘာဖြစ်လို့မပြောတာလဲ၊ ခုရွေးကောက်ပွဲနဲ့ အရမ်းနီးလာတဲ့အချိန်မှ ပြောဆိုလာတယ်ဆိုတာက ရွေးကောက်ပွဲကိုရည်ရွယ်ချက်ရှိရှိ ထိခိုက်စေလိုခြင်းကြောင့်လို့ပဲ မြင်ပါတယ်။” ဟု ဦးဇောင်းဒိုင်က KNG ကိုပြောဆိုသည်။

လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲဖြစ်ဖို့ရန်အတွက် မဲဆွယ်စည်းရုံးရေးကာလ နယ်မြေအငြင်းပွားမှုနှင့်ပဋိပက္ခများ ကို ရှောင်ရှားဖို့ရန်အတွက် လက်နက်ကိုင်နှစ်ဖက်စလုံးကို တိုက်တွန်းလိုကြောင်း ဦးဇောင်းဒိုင် ကပြောဆိုသည်။

လက်နက်ကိုင်နှစ်ဖက်စလုံးက ပြည်သူအကျိုးကို ကြည့်ပြီး စိတ်ရှည်စွာ ဆွေးနွေးအဖြေရှာရန်နှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပါက ပြည်သူများဒုက္ခရောက်မည်သာမက လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးကိုလည်း ခက်ခဲလာမည်ကို စိုးရိမ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ ချီဖွေ အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးယိန်းခေါ်က ဆိုသည်။

“တကယ်လို့ တိုက်ပွဲဖြစ်လာရင် ပြည်သူများနစ်နာမှာနှင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး အရမ်းခက်ခဲလာမယ်၊ ပြည်သူများရဲ့လိုအပ်ချက်တွေကို လုပ်ပေးဖို့ရန်အတွက် မေးမြန်းဖို့ အတူတူ အလုပ်လုပ်ဖို့ အရမ်းခက်ခဲသွားနိုင်တယ်။ ဒါကြောင့် လက်နက်ကိုင်နှစ်ဖက်စလုံးက ပြည်သူ့အကျိုးကို ကြည့်ပြီး စိတ်ရှည်စွာ ဆွေးနွေးအဖြေရှာဖို့လိုပါတယ်” ဟု ဦးယိန်းခေါ်က ပြောသည်။

ဖယ်ရှားရန် ဖိအားပေးခံရသော KIA တပ်စခန်း၂ ခုနှင့် ပတ်သက်ပြီး ၂ ဖက်စလုံးကိုလည်း စိတ်ရှည်သီးသည်ပေးရန် တောင်းဆိုမှုများရှိကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ Duwa Lamai Gum Ja က ပြောသည်။

“အဲဒီ စခန်း ၂ ခုကြောင့် KIA အတွက်လည်းအရမ်းအကျိုးရှိမှာမဟုတ်သလို၊ တပ်မတော်အတွက်ရောဘာအကျိုးရှိမှာ မဟုတ်ဘူး။ စခန်း ၂ ခုကိုဖယ်ပေးပါ ဆိုတဲ့အကြောင်းပြချက်နှင့် တိုက်ပွဲတွေဖြစ်လာပြီး ပြည်သူများနှစ်ဖက်ကြားဒုက္ခရောက်တဲ့ အရာမျိုးမဖြစ်သင့်ဘူး။ Covid-19 လည်းဆိုးရွားစွာဖြစ်နေတဲ့အတွက် အစိုးရကိုလည်း KIA ဘက်က တွေ့ဆုံဆွေးနွေးဖို့ရန် အတွက်ကမ်းလှမ်းထားတာလည်းရှိတယ်။ ရွေးကောက်ပွဲကာလလည်းဖြစ် Covid-19 လည်းဆိုးရွားနေတဲ့အတွက် မဖြစ်နိုင်တဲ့အခြေအနေမှာ ရှိနေတဲ့အတွက် နှစ်ဖက်စလုံးကို စိတ်ရှည်သီးခံစွာထားပေးဖို့ ပြောဆိုထားတဲ့အတွက် အခုတော့ နှစ်ဖက်စလုံးက ပြဿနာ မဖြစ်အောင်ထိမ်းရအောင် ဆိုတဲ့သဘောမျိုးအခြေအနေမှာရှိပါတယ်” ဟု ဒူဝါလမိုင်ဂွမ်ဂျာ က ပြောသည်။

ယခုတပ်စခန်း ၂ ခုသည် ချီဖွေမြို့နယ်အတွင်းရှိ KIA ၏ တပ်မဟာ ၇ တပ်ရင်း ၄၆ ထိန်းချုပ်နယ်မြေထဲမှ မန်ဒေါင်နှင့် ဖလာတပ်စခန်း ဖြစ်သည်။

Show More

Related Articles

Back to top button