မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ပန်နန်းဒင်သွားလမ်း တောင်ပြိုမှုကြောင့် ပြတ်တောက်

ကချင်ပြည်နယ်မြောက်ဖျားပိုင်း ပန်နန်းဒင်မြို့သွားသည့်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်များပြိုကျကာ လမ်းပိတ်ဆို့မှုရှိနေသဖြင့် အလွန်ခက်ခဲနေကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၂၇ ရက်နေ့ နောင်မွန်းမြို့မှ ပန်နန်းဒင်မြို့သို့ သွားသောလမ်းမကြီးတွင် တောင်ကမ်းပါးများပြိုကျပြီး၊ ကြိုးတံတားလည်း ပျက်စီးသွားကြောင်း နောင်မွန်းဒေသခံ ဦး ကူရှင်မင်းထံမှ သိရသည်။

“ပြီးတဲ့အပတ်မှာဘဲ မိုးတအားရွာတော့ နောင်မွန်းကျေးရွာနဲ့ ပန်းနန်းဒင်ဘက် သွားတဲ့ လမ်းမကြီးပေါ်မှာ ၃နေရာလောက်မှာ မြေပြိုကျပြီး လမ်းတွေလူသွားလို့မရအောင်ပိတ်ဆို့နေတယ်။ နောက်ပြီး ပန်နန်းဒင်ကိုသွားတဲ့ လမ်းပေါ်က ကြိုးတံတားလည်း ကမ်းပါးတွေပြိုတော့ တစ်ဖက်စောင်းသွားတယ်။ အခုက သွားလို့မရတဲ့ အခြေအနေဖြစ်နေတယ်လို့တော့ ကြားတယ်” ဟု ပြောဆိုသည်။

နောင်မွန်းမြို့မှ ပန်နန်းဒင်သို့သွားသောလမ်းတွင် ခက်ခဲနေသဖြင့် ဒေသခံများ၏ စာနပ်ရိက္ခာအတွက်လည်း များစွာအခက်အခဲရှိလာ နိုင်သောကြောင့်လမ်းအမြန်ပြုပြင်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အရင်နှစ်တွေမှာက ပြိုတော့ပြိုတယ်။ ဒီလောက်ဆိုးဆိုးရွားရွာမဖြစ်ဘူး။ ချောင်းရေတွေလည်း တော်တော်ကြီးတယ်။ အဲ့ဒီတော့ ပျက်နေတဲ့လမ်းတွေကို အစိုးရက မြန်မြန်ဆန်ဆန် မလုပ်နိုင်သေးရင် အဲ့ဒီဘက်မှာရှိတဲ့ ဒေသခံတွေက စားရေးသောက်ရေးအတွက် အင်မတန်ခက်ခဲလာမယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဘက်က စားနပ်ရိက္ခာတွေက နောင်မွန်းမြို့ထဲကဘဲ လာဝယ်ယူကြတာလေ။ နောက် အဲ့မှာက တောင်ယာတွေလည်း သိပ်မလုပ်ကြဘူး။ အဲ့ကြောင့် လမ်းပျက်နေရင် ဘယ်သူမှ လာနိုင်ကြမှာ မဟုတ်ဘူး။ ပြီးရင် ကူညီထောက်ပံ့ပေးမယ့် သူတွေလည်း သွားလို့ရမှာမဟုတ်ဘူး။ ဒါကြောင့် တာဝန်ရှိတဲ့ သူတွေအနနဲ့ အချိန်သိပ်မဆွဲစေချင်ဘူး”ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာရေကြီးရေလျှံမှုနှင့် လမ်းပျက်စီးမှုများကြုံတွေ့နေရသည်။

Show More

Related Articles

Back to top button