မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ရှဒူးဇွပ်ချောင်းရှင်းလင်းမှုကို ထိရောက်စွာဆောင်ရွက်စေလိုကြောင်း ဒေသခံများပြော

ဆိုးရွားသည့် ရေကြီးရေလျံမှုကြောင့် ရေဘေးဒဏ်ကြုံတွေ့ရသော လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် ချောင်းရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်မည်ဖြစ်သော်လည်း ဒေသခံများ၏ သဘောတူညီမှုနှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟု ဒေသခံများ ပြောသည်။

ရှဒူးဇွပ် (Ja Htu Zup) ကျေးရွာရှိ မိုးကောင်းချောင်းနှင့် ရှဒူးခ ချောင်းဆုံ ရေကြောင်းတစ်လျောက် ရွှေတူးဖော်မှုကြောင့် ချောင်းအလယ်တွင် မြေစာပုံအဖြစ် ကျန်ရှိနေမှုကို ရှင်းလင်းရန်အတွက် ကချင်ပြည်နယ်အစိုးရ၏ ခွင့်ပြုမိန့်ဖြင့် ကျောက်မျက်ကုမ္ပဏီတစ်ခုက ယခုလမှ စတင်ရှင်းလင်းတော့မည်ဖြစ်သည်။

သို့သော် ချောင်းရှင်းလင်းရေးလုပ်ဆောင်မည့် ကုမ္ပဏီက ချောင်းရှင်းလင်းရေး လုပ်ငန်းတစ်ခုတည်းသာမက ရွှေတူးဖော်ရေးပါ လုပ်ကိုင်နိုင်သဖြင့် ပွင်းလင်းမြင်သာမှုရှိစေချင်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“သူတို့အနေနဲ့ ချောင်းရှင်းလင်းရေးဖို့ဝင်လာတာက ကောင်းပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုမရှိတော့ ဒေသခံ တွေအတွက် ဆိုးကျိုးတွေဖြစ်လာနိုင်တယ်။ ဒေသခံတွေကမသိကြဘူးလေ။ တစ်ချို့က ချောင်းရှင်းလင်းရေးအတွက် ဝင်လာမှန်းတောင်သိမှာမဟုတ်ဘူး။ အခုချောင်း ရှင်းလင်းရေးလုပ်မယ့် ကမ်းစပ်အနီး တဝိုက်မှာက ဒေသခံတွေစားဝတ်နေရေးအတွက် အားထားလုပ်ကိုင်နေတဲ့ ရာသီ သီးနှံစိုက်ခင်းတွေ အများကြီးရှိတယ်။ အဲ့ဒါကို သူတို့က ဘယ်လိုပြန်လုပ်ပေးဖို့ ဘယ်သူက တာဝန်ယူပေးမှာလဲ” ဟု ပြောဆိုသည်။

မိုးကောင်းချောင်းနှင့် ရှဒူးခချောင်း ၂ ခု ရှင်းလင်းရန်အတွက် ထွန်းရတနာသိန်း အမည်ရှိ ကျောက်မျက်ကုမ္ပဏီကို ဘက်ဟိုး (၂၂)စီး၊ ဝိလူဒါ (၂)စီးနှင့် မြေသယ်ယာဉ် အစီး ၄ဝ စသော စက်ယန္တရားကြီးများဖြင့် ၇လအကြာ ရှင်းလင်းရေးလုပ်ဆောင်ရန် ခွင့်ပြုထားကြောင်း ပြည်နယ်အစိုးရ သယံဇာတရုံးမှ သိရသည်။

ရှဒူးဇွပ်ဒေသခံ ရပ်မိရပ်ဖများ၏ တင်ပြတောင်းဆိုချက်အပေါ် ကွင်းဆင်းစစ်ဆေးပြီးနောက် လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုမိန့်ချပေးခဲ့ခြင်းဖြစ်သည်ဟု သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်းက KNG သတင်းဌာနကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ချောင်းရှင်းလင်းရေးလုပ်ဖို့ကိုဒေသက ရပ်မိရပ်ဖများနဲ့ ချောင်းရှင်းလင်းရေးလုပ်မယ့် ကုမ္ပဏီက ညိနှိုင်းအဆင်ပြေမှု ရှိတဲ့အတွက် ပြည်နယ်အစိုးရကိုတင်ပြခဲ့တယ်။ ပြည်နယ်အစိုးရကလည်း ဒါကို ဦးဆောင်ပြီး လုပ်ပေးရမှာဖြစ်တဲ့အတွက် ကုမ္ပဏီဘက်ကလည်း ကျေးရွာအတွက် ဆောင်ရွက်ပေးလိုတဲ့အကြောင်း တင်ပြလာတဲ့အတွက် ယုံကြည်စွာ ခွင့်ပြုပေးခဲ့တာဖြစ်တယ်” ဟု ပြောဆိုသည်။

ရှဒူးဇွပ်ကျေးရွာတွင် နှစ်စဉ်ရေကြီးရေလျံမှုဖြစ်လာသဖြင့် ချောင်းရှင်းလင်းရေးဆောင်ရွက်ပေးရန် ဝါရာဇွပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနော်ဒီးကလည်း သြဂုတ်လအတွင်း ဖားကန့်မြို့နယ်သို့ စာတင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ယခင်အစိုးရ လက်ထက် ရွှေတူးဖော်ခဲ့ကြသည့် လုပ်ငန်းရှင်များက မြေစာပုံများကို စနစ်တကျ စွန့်ပစ်မှုမရှိဘဲ ချောင်းအလယ်အတွင်း စုပုံထားခဲ့သဖြင့် ၎င်းမြေစာပုံများက ထူထပ်မာကြောသွားပြီး ကုန်းကျွန်းအဖြစ် ရေစီးလမ်းကြောင်းများ ပိတ်ဆို့သွားသောကြောင့် ချောင်းလင်းရှင်းလင်းရေး မဖြစ်မနေ ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေးမှူး ဦးနော်ဒီးက ပြောဆိုသည်။

“အရင်တုန်းက မိုးကောင်းချောင်းနဲ့ ရှဒူးခချောင်းတို့မှာ ရွှေဖောင်နဲ့အများအပြား ရွှေတူးဖော်ခဲ့ကြတယ်။ အဲ့ရွှေဖောင်တွေက အောက်ကျောအထိမြေစာတွေကို လှန်ကလော်ထားတယ်။ အဲ့ဒီမြေစာတွေက နှစ်ရှည်လာတော့ ကုန်းကျွန်းတွေဖြစ်လာပြီး ရေစီးတဲ့လမ်းကြောင်းတွေမှာ အားလုံးပိတ်ဆို့သွားတယ်။ အဲ့ဒါတွေကို ရှင်းလင်းဖယ်ထုတ်လိုက်မှသာ ကျေးရွာအတွင်း ရေဝင်လာတာတွေလျော့နည်းသွားမယ်။ ဒါကြောင့် မဖြစ်မနေလုပ်ရမှာဖြစ်တဲ့အတွက် တင်ပြ တောင်းဆိုခဲ့တာပါ” ဟု ပြောဆိုသည်။

ကိုဗစ် – ၁၉ ကူးစက်ရောဂါကြောင့် အစိုးရက လူစုလူဝေးမပြုလုပ်ရန် ထုတ်ပြန်တားမြစ်ထားသောကြောင့် နီးစပ်ရာအုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့ဝင်များကိုသာ အကြောင်းကြားဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူများကို အသိမပေးနိုင်ခဲ့ကြောင်းသူက ဆက်လက်ပြောဆိုခဲ့သည်။

မိုးကောင်းချောင်းနှင့် ရှဒူးခ ချောင်း၂ချောင်း၏ အထက်ပိုင်းနှင့် အောက်ပိုင်းတွင် ရှင်းလင်းရမည့် ကုန်းကျွန်း ၁၀ နေရာခန့် ရှိနေပြီး စုစုပေါင်း ၃မိုင်ခန့် ရာထားကာ ချောင်း၏အနက်ကို အောက်ဖာအထိနှင့် အကျယ်ဘက်တွင်လည်း ပေ ၁၀၀ခန့် တိုးချဲ့ ရှင်လင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရှဒူးဇွပ်ကျေးရွာတွင် နိုင်ငံတော်အခွန်လုံးဝမရရှိဘဲ တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်အများရှိနေသောကြောင့် ချောင်းရှင်းလင်းရေးလုပ်ငန်း ထိရောက်မှုရှိ မရှိကို ရာနှုန်းပြည့် အာမ မခံနိုင်သေးကြောင်း သယံဇာတဝန်ကြီး ဦးဒရှီလဆိုင်းက ဆက်လက်ပြောဆိုသည်။

“ချောင်းရှင်းလင်းရေး ထိရောက်တယ်မထိရောက်ဘူးလို့က လာမယ့်နှစ်တွေမှာ ပြန်ပြီးကြည့်ရမှာပေါ့။ တိတိကျကျ တော့ ပြောဖို့ခက်တယ်။ အခုကွင်းဆင်း စစ်ဆေးရသလောက်က ကုန်းကျွန်းမြေစာပုံတွေကြောင့်ဖြစ်တယ်လို့က မြင်ရတာပေါ့။ ပြီးရင်အနီးတဝိုက်မှာ အစိုးရက ခွင့်ပြုချက်တွေဘာမှမပေးထားဘဲ ရွှေတူးဖော်မှုတွေက ရှိနေတာပေါ့လေ။ အစိုးရက သွားလို့လာလို့မရတဲ့ဘက်မှာ လုပ်နေတဲ့အနေအထားကြားသိနေရတယ်။ အဲ့ဒီနေရာက စစ်ဘက်ဆိုင်ရာ သတ်မှတ်ဧရိယာ အတွင်းဖြစ်နေတော့ သွားဖို့လာဖို့က ခက်ခဲနေတယ်။ သွားပြန်တော့လည်း မလိုလားအပ်တဲ့ ပုံစံတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် သွားရောက်မစစ်ဆေးနိုင်သေးဘူး။ အဲ့ဒီအပေါ်မှာဘဲ အချို့အချို့သော သူတွေက အခွင့်အရေးယူနေကြတယ်” ဟု ပြောဆိုသည်။

ကုမ္ပဏီဘက်မှ ချောင်းရှင်းလင်းရေးဆောင်ရွက်ချိန်တွင် ရွှေသတ္ထုရရှိနိုင်မည့် အနေအထားရှိလာပါက ပြည်နယ်အစိုးရနှင့်အကျိုးတူ ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်သွားရန် သဘောတူညီမှုရရှိထားကြောင်းသိရသည်။

ယခုနှစ်အတွင်း ရှဒူးဇွပ်ကျေးရွာတွင် ရေကြီးရေလျံမှု ၃ကြိမ် ဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်း ရပ်ကွက် ၄ခုစလုံးရှိ နေအိမ်များသည် ၇ပေခန့်ထိ နှစ်မြုပ်သွားကာ အိမ်ခြေ ၃၀ခန့်ကလည်း မျော်ပါသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button