ရွေးကောက်ပွဲဆိုင်ရာသတင်းသတင်းဆောင်းပါး

မျှော်လင့်ခဲ့တဲ့ ကတိတွေအတွက် ကိုယ်တိုင်ကြိုးစားကြရတော့မည်

ဒေါ်လုရာမှာ ကချင်ပြည်နယ် မြစ်ဆုံတွင် နေထိုင်ခဲ့သော ဒေသခံပြည်သူ တယောက်ဖြစ်သည်။

မြစ်ဆုံ စီမံကိန်းက သူတို့၏ နေထိုင်စားသောက်မှုဘဝတွေကို ဖျက်ဆီးပစ်ခဲ့သည်။ မူလ နေရပ်တွင် မနေနိုင်ပဲ ပြောင်းရွှေ့နေရာ ချထားသည့် နေရာတွင် နေရသည်။ မိသားစုစားဝတ်နေရေးအတွက် နေရာသစ်တွင် လုပ်ကိုင်စားစရာမရှိ။

သမ္မတ ဦးသိန်းစိန်လက်ထက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်းကြေညာတော့ ပျော်ခဲ့ရသည်၊ မူလ နေရာ ပြန်နိုင်တော့မည်၊ မူလ အလုပ်လုပ်နိုင်တော့မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော်လည်း ဒေါ်လုရာ၏ မျှော်လင့်ချက်များ အကောင်အထည်ပေါ်မလာခဲ့။

မျှော်လင့်ချက်များ အသစ်တဖန် ရှင်သန်စေသည်က ယခင် ရွေးကောက်ပွဲ မတိုင်မှီက ဖြစ်သည်။ ထိုစဉ်က အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ရွေးကောက်ပွဲမတိုင်မီတွင် ကတိတွေ ပေးခဲ့သည်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကချင်ပြည်နယ်သို့လာရောက်ပြီး မြစ်ဆုံနှင့် ပတ်သက်၍ ကတိတွေ ပေးခဲ့သည်။

“၂၀၁၅ ရွေးကောက်ပွဲတုန်းက အမေစုကိုယ်တိုင် ကချင်ပြည်နယ်ရဲ့ဒေသဖွံ့ဖြိုးရေးအတွက် အရမ်းပြောတယ် ပြီးတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြီးရင် မြစ်ဆုံနဲ့ပတ်သက်ပြီး အဓိကပြောသွားတဲ့အတွက် အရမ်းအားကိုးပြီး မဲထည့်လိုက်တာဖြစ်တယ်။” ဟု ဒေါ်လုရာက အားကိုးတကြီး မဲထည့်ခဲ့ပုံကို ပြောပြသည်။

သို့သော်လည်း ဒေါ်လုရာရဲ့ မျှော်လင့်ချက်တွေကတော့ ၅ နှစ်ကြာလာသည့်တိုင် ဖြစ်မလာသေး။

“ဒါပေမယ့် ဒီနေ့ထိ မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီး အစိုးရကနေ ဘာမှမပြောလာဘူး အရမ်းယုံကြည်ထားရတဲ့သူက အစိုးရမဖြစ်ခင်တစ်မျိုး အစိုးရဖြစ်ပြီးတစ်မျိုးဖြစ်သွားပါလားဆိုတဲ့ သံသယဝင်တဲ့စိတ်တွေရှိသွားတယ်။ ဒါကြောင့် ဒီနှစ်ကတော့ ကိုယ့်ပြည်နယ်အတွက် အမှန်တစ်ကယ်အလုပ်လုပ်မယ့် ပါတီကိုဘဲ ပေးတော့မယ်။” ဟု ကချင်ပြည်နယ် မြစ်ဆုံဒေသခံတစ်ဦးဖြစ်သည့် ဒေါ်လုရာက ပြောပါတယ်။

NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ကချင်ပြည်နယ် မဲဆွယ်ခရီးစဉ်တွင် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ကတိပေးခဲ့သည်။ အစိုးရဖြစ်လာပါကမြစ်ဆုံစီမံကိန်းအား လူထုထံချပြရန်နှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် အစရှိသည့် ရွေးကောက်ပွဲ ကတိကဝတ်များပေးခဲ့သည်။

ထို့ကြောင့် ကချင်ပြည်နယ်တွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများသည် NLD ပါတီကို ယုံပြီး အလုံးစုံ မဲပေးခဲ့ကြသည်။ သို့သော် NLD ပါတီအနေဖြင့် အစိုးရဖြစ်လာချိန်တွင် လူထုအနေဖြင့် ပါတီ၏ သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်တွင် ယုံကြည်မူတွေလျော့နည်းလာသည်။ တိုင်းရင်းသားများ၏ ယုံကြည်စိတ်ချမူ လျော့နည်းလာခြင်းသည် အစိုးရအတွက်နောက်တစ်ကြိမ်ထပ်ပြီး အနိုင်ရဖို့သော်လည်းကောင်း အစိုးရဖွဲ့နိုင်တဲ့ထိ အနိုင်ရဖို့သော်လည်းကောင်း ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနိုင်သည်။

NLD အစိုးရ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကာလမှာ NLD ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ၂၀၁၅ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးအား အာမခံချက်ပေးနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ထွန်းရေးဆိုသည့် အချက်သည်လည်း ရွေးကောက်ပွဲ ကတိကဝတ်အဖြစ် မဲဆွယ်ခဲ့သည်။

သို့သော် NLD အစိုးရသက်တမ်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမူက အရေးကြီးတဲ့ပုဒ်မများကို ပြင်ဆင်နိုင်ခြင်းမရှိဘဲ မသန်စွမ်းနှင့်သက်ကြီးရွယ်အို ပုဒ်မတွေကိုဘဲ အကောင်ထည်ဖော်နိုင်ခဲ့သည်။

“ ဒီဖြစ်စဉ်ကဘယ်လောက်ထိ သွားနေပြီလဲ NCA စာချုပ်မှာဘာတွေပါလဲ ပထမ ၂၁ရာစုပင်လုံညီလာခံမှာ ဘယ်လိုသဘောတူညီချက်တွေရပြီလဲဆိုတဲ့ အကြောင်းအရာတွေက လွှတ်တော်ပြင်ပမှာသွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လောက်ထိ ထိရောက်လဲ မထိရောက်လဲဆိုတာကို လှမ်းပြီးတော့ ဆက်စပ်ကြည့်လို့ရတယ်။ ပင်လုံညီလာခံမှာ စတုတ္ထအကြိမ်မြောက်က အချက်ပေါင်း ၅၀ကျော်ထွက်လာတာတွေ့ရတယ်။ ဒီ ၅၀ကျော်မှာ တွေ့ရတာဘာလဲဆိုရင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားရန် ဆိုတဲ့အချက်တွေ မူဝါဒတွေပါတယ်။ ဒါပေမယ့် ဒီအစိုးရသက်တမ်းမှာ ၂ခုမှာ ဒီမူတွေကိုလက်တွေ့ အကောင်အထည်ဖော်လို့ရလားဆိုတော့ မပါဘူး။ ဒီပင်လုံညီလာခံ အချက် ၅၀ကျော်မှာ တစ်ချက်မှအကောင်ထည်ဖော်နိုင်တာမပါသေးဘူး။ နိုင်ငံအတွက် အနှစ်သာရနည်းတဲ့ သက်ကြီးရွယ်အို၊ မသန်စွမ်းကိစ္စတွေဘဲ ပြင်နိုင်တယ်။” လို့ နိုင်ငံရေးလေ့လာသူက ဦးလဆန်အောင် ပြောတယ်။

သက်ကြီးရွယ်အို ဥပဒေရေးဆွဲချိန်တွင် ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့ ဘိုးဘွားရိပ်သာပင်မရှိသေးပေ။ သက်ကြီးရွယ်အို ဥပဒေရေးဆွဲချိန်တွင် ဘိုးဘွားရိပ်သာစတင်ဆောက်လုပ်နေသည့်အချိန်ဖြစ်သည်။

NLD အစိုးရ၏ လက်ရှိလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်အား ချုပ်ရမည်ဆိုပါက လွှတ်တော်ပြင် ပင်လုံညီလာခံ UPDJC အစည်းအဝေး၊ NCA စာချုပ်တို့မှ တိုင်းရင်းသားများလိုချင်သည့် ဖက်ဒရယ်နိုင်ငံ နိုင်ငံငြိမ်းချမ်းရေးကို ရရှိရန် ကြိုးစားနေပြီး နောက်တစ်နည်းသည် လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံ နောက်ဆုံးဆွေးနွေးပွဲမှာဆိုရင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး ခေါင်းစဉ်နဲ့ ဖက်ဒရယ်ထဲမှာအခြေခံအကျဆုံးသည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ခေါင်းစဉ် ကြိုးစားခဲ့သော်လည်း သဘောတူညီချက်မရနိုင်သေးပေ။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထအကြိမ် (ဓါတ်ပုံ – State Counselor Office)

ထို့ကြောင့် NLD အစိုးရလက်ထက်တွင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ကောင်းမွန်စွာ အကောင်အထည် မဖော်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း နိုင်ငံရေးသုံးသပ်သူများက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အစိုးရဖြစ်လာတဲ့ချိန်တွင် ပါတီ၏အကောင်အထည်ဖော်နေသည့် မူဝါဒ လမ်းကြောင်းများတွင် ပါတီမူဝါဒများ အကောင်ထည်ဖော်ရာများ၌ နိုင်ငံရေးပါတီအချင်းချင်းပူးပေါင်းဆောင်ရွက်သင့်တဲ့ ကိစ္စရပ်များ အများအပြားရှိသော်လည်း တိုင်းရင်းသားပါတီများအား ဦးစားပေးပြီးလက်တွဲခေါ်ဆောင်တာမျိုးမရှိသည့်အပြင် တပ်မတော်နဲ့သာ အမျိုးသားရင်ကြားစေ့ရေးအား အလေးပေးဆောင်ရွက်နေတာတွေ့ရသည်။ ဒီအခြေနေဟာ အောင်မြင်တာမရှိသလို ဒါဟာလည်း တိုင်းရင်းသားပါတီတွေအတွက် (NLD) အပေါ်တွင် စိတ်ပျက်စရာအကြောင်းရင်းဖြစ်လာပါသည်။

“ NLD အစိုးရတက်လာတဲ့ချိန်မှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်တဲ့အချက်တွေမတွေ့ရဘူး။ ပြီးတော့ NLD အစိုးရရဲ့ ပေါ်လစီမူဝါဒမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး တပ်မတော်ကို ဦးစားပေးပြီးလုပ်ဆောင်မူပေါ်တယ်။ ဒီနေရာမှာ တိုင်းရင်းသားပါတီတွေနဲ့ချိတ်ဆက်လုပ်ဆောင်မူ အားနည်းတဲ့တွက် တိုင်းရင်းသားတွေအခြေအနေ နားလည်တဲ့အနေထား လုပ်ဆောင်ပေးနိုင်တဲ့အနေထား ရမ်းကွာသွားတယ်။ ပေါ်လစီမှာ ငြိမ်းချမ်းရေးကို တိုင်းရင်းသားတွေရဲ့အခွင့်ရေးကို တိုးတက်မြင့်မားအောင်လုပ်ဆောင်ရမယ် ဖက်ဒရယ်တည်ဆောက်ရေးကို ဦးစားပေးရမယ့်အစား စီးပွားရေးကို ဦးစားပေးနေတာတွေ့ရတယ်။ သူတို့ခံယူချက်မှာ ဖွံ့ဖြိုးရေးတိုးတက်လာလို့ရှိရင် တိုင်းရင်းသားတွေလိုချင်နေတဲ့ နိုင်ငံရေးတို့ဆိုတာ သိပ်အရေးမကြီးပါဘူး။လူတွေအကုန်လုံးက ကျေနပ်သွားလိမ့်မယ်ဆိုတဲ့ ပြောမယ်ဆိုရင် နိုင်ငံရေးရူထောင့်မှာ စီးပွားရေးကို သွားမှီကိုးနေတာတွေ့ရတယ်။” လို့ နိုင်ငံရေးသုံးသပ်သူ ဦးလဆန်အောင်က ဆိုပါတယ်။

ဆရာလဆန်အောင် ၊ နိုင်ငံရေးလေ့လာသုံးသပ်သူ

ယင်းအကြောင်းအရာများသည် NLD အစိုးရရဲ့ ၅နှစ်တာကာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေးအား အတိုင်းတာတစ်ခုထိ လုပ်ဆောင်နိုင်ခြင်းမရှိသည့်အပြင် တိုင်းရင်းသားပါတီနဲ့ တိုင်းရင်းသားအဖွဲ့စည်းများကို လူမှန်နေရာမှန် အသုံးချတတ်မူမရှိသည့်အတွက် ပူးပေါင်းဆောင်ရွက်မူအားနည်း ခြင်းကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အကောင်အထည်မဖော်နိုင်ခဲ့သည့် ငြိမ်းချမ်းရေးကို တိုင်းရင်းသားပါတီတွေက ကိုယ်တိုင် အကောင်အထည်ဖော်ရတော့မည်ဟု နားလည်လာကြသည်။

“တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍပိုမြင့်လာရင် NLD အစိုးရ အောင်မြင်အောင် မလုပ်နိုင်တဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့တိုင်းရင်းသားပါတီက အောင်မြင်အောင်လုပ်နိုင်တယ်” လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီမှ လူငယ်တာဝန်ခံ ဦးနော်ခုန့်ကပြောသည်။

တိုင်းရင်းသားပါတီသည် ပြည်နယ်တွင်းရှိ ပါတီများဖြစ်သော်လည်း လွှတ်တော်တွင် အားကောင်းလာပါက လွှတ်တော်တွင်းကဖြစ်စေ၊ လွှတ်တော်ပြင်ပကဖြစ်စေ တိုင်းရင်းသားဖြစ်တဲ့တွက် တိုင်းရင်းသားလက်နက်ကိုင်တွေ၏ သဘောသဘာဝ ပိုမိုနားလည်သည့်အပြင် တိုင်းရင်းသားများလိုချင်နေသည့် အကြောင်းအရာများ အသံများသည် တူညီနေသည့်တွက် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးများ ထိထိရောက်ရောက်အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မည်လို့ ယုံကြည်ကြောင်း ပြောဆိုခြင်းဖြစ်သည်။

အမျိုးသားရင်ကြားစေ့ရေးခေါင်းစဉ်အောက်တွင် (NLD) အစိုးရရဲ့ ၅နှစ်သက်တမ်းတွင်း တပ်မတော်အပြင် နိုင်ငံရေးပါတီများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမျိုးမရှိသည့်အပြင် NLD ပါတီရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒုဥက္ကဌ ဒေါက်တာတင်မျိုးဝင်းအနေနှင့်လည်း တိုင်းရင်းသားခေါင်းဆောင်များနဲ့ တွေ့တဲ့ချိန်မှာ စိတ်ဝင်စားမူ အားနည်းကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေနဲ့ချိတ်ဆက်မူအားနည်းကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောပါတယ်။

“လက်ရှိအစိုးရအနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းရမယ့်အစား မဟာမိတ်တောင်မဖွဲ့ဘူးဆိုတဲ့ အနေထားမှာ တိုင်းရင်းသားတွဘက်က ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရမယ့်အကြောင်းအရာကို ပိုပြီးတွန်းအားဖြစ်စေတယ်။ အဲကြောင့် တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့တိုင်းရင်းသားပါတီကဘဲ ဆောင်ရွက်နိုင်မယ်။” လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ LNUDP မှ ဥက္ကဌ ဦးဒေါင်ခမ်းကပြောသည်။

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရန် ၁ရက်သာလိုတော့သည်။ ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံသားများ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုများအား အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များအတွင်းသို့ ပါဝင်ခွင့်ရှိသည့် အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်ပြီး ၂၀၂၀ ပါတီစုံအထွေထွေ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်တည်ကာ သုံးကြိမ်မြောက် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်ပါတယ်။ ရွေးကောက်ပွဲဟူသည် အသွင်ကူးပြောင်းမူများရှိသည့် နိုင်ငံများ၏ ဒီမိုကရေစီလုပ်ငန်းစဉ်၌ မရှိမဖြစ် အရေးကြီးသော အဆင့်တစ်ခုဖြစ်သည်။

ကချင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၈ ပါတီရှိသည့်အနက် တိုင်းရင်းသားပါတီသည် ၅ ပါတီပါဝင်သည်။

၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ ကြေညာစာတမ်းများကို အများပြည်သူသိရှိနိုင်အောင်လည်း ထုတ်ပြန်ကြေညာသည်နည်းတူ တိုင်းရင်းသားပါတီများသည်လည်း ရွေးကောက်ပွဲကြေညာစာတမ်းနှင့် ရွေးကောက်ပွဲကတိကဝတ်များကို ကြေညာလျှက်ရှိကြသည်။

ရွေးကောက်ပွဲကြေညာစာတမ်း၊ ရွေးကောက်ပွဲ ကတိကဝတ်သည် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးသည့်ချိန်တွင် လုပ်ဆောင်ပေးမည့်အရာများအား ကြိုတင်ကြေညာရခြင်းဖြစ်ကာ အသဲကြားကမဲတစ်ပြားအား နိုင်ငံရေး ကတိကဝတ်များပြုကာ တောင်းခံကြခြင်းဖြစ်သည်။

လာမည့်၂၀၂၀ ရွေးကောက်ပွဲတွက် တိုင်းရင်းသားပါတီများ အများဆုံးတူညီနေသည့် ရွေးကောက်ပွဲကတိကဝတ်သည် ပင်လုံကတိကဝတ်များနှင့်အညီ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ရရှိရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ရန်ဆိုသည့် ကတိကဝတ်များ အများဆုံးတူညီနေသည်ကို တွေ့ရသည်။

တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ခေါင်းစဉ်အား ခွဲခြမ်းကြည့်မယ်ဆိုပါက အကြောင်းအရာ ၂ ခုပါဝင်နေတာတွေ့ရပါတယ်။ တိုင်းရင်းသားအရေးမှာ တိုင်းရင်းသားအားလုံး လက်တွဲမဖြုတ်ဘဲ သွေးစည်းညီညွှတ်မူဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံးအတွက် ဦးတည်ဆောင်ရွက်ဖို့နှင့် လွှွတ်လပ်ခြင်း၊ တူညီသော အခွင့်ရေးများနှင့် ကိုယ့်ကံကြမ္မာ ဖန်တီးခွင့်မှ ပြည့်စုံသော စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေးဖြစ်စတဲ့အချက်တွေကိုရှိကြောင်း နိုင်ငံရေးသုံးသပ်သူများက ဆိုပါတယ်။

သို့သော် ၂၀၁၀ ရွေးကောက်ပွဲ ၂၀၁၅ ရွေးကောက်ပွဲ ရွေးကောက်ပွဲ ၂ ဆက်ဖြတ်သန်းလာခဲသော်လည်း တိုင်းရင်းသားပါတီများ လိုချင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေး၊ ငြိမ်းချမ်းရေးရရှိရေး ကိုယ်ပိုင်ပြဌာန်း၊ ကိုယ်ပိုင်ခွင့်အုပ်ချုပ်ခွင့်ဟာ ယနေ့ချိန်ထိ မရရှိသေးပေ။

“NLD အစိုးရလက်ထက် မလုပ်နိုင်ဘူးဆိုတဲ့ဟာတွေကို လာမယ့် အစိုးရသစ်မှာ အဲမှာတော့ ကျနော်တို့ဆောင်ရွက်နိုင်မယ်လို့ ယုံတယ်။ ငြိမ်းချမ်းရေးဆိုလည်း ၂၀၀၈ နဲ့က သီးသန့်ကန့်သတ်ချက်တွေမရှိဘူးလေ ငြိမ်းချမ်းရေးကလည်း အဆင်ပြေနိုင်တယ်။ နောက်တစ်ခု ဖက်ဒရယ်ကိစ္စ Union Accord သဘောတူပြီးသားဖြစ်တယ်။ မြန်မာနိုင်ငံတော်ကို ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရန် သဘောတူသည်ဆိုသည့် Union Accord ရှိပြီးသားဖြစ်တဲ့အတွက် ဒါလေးကို ဆက်လက်ဆောင်ရွက်သွားရင် အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP မှ ဥက္ကဌ ဦးရွှေမင်းက ပြောပါတယ်။

ထို့ကြောင့် တိုင်းရင်းသားပါတီများကတော့ ယခင်အစိုးရလက်ထက် ဖော်ဆောင်နိုင်ခြင်းမရှိခဲ့တဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေး အမှန်တစ်ကယ်လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

Show More

Related Articles

Back to top button