ရွေးကောက်ပွဲဆိုင်ရာသတင်း

သတင်းတု သတင်းမှားကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်ရခြင်းဟု KSPP ဒု ဥက္ကဌ ပြော

၂၀၂၀ရွေးကောက်ပွဲတွင် ပြည်နယ်အခြေစိုက်ပါတီများရှုံးနှိမ့်ခဲ့သည့်အချက်များအနက် သတင်းတုသတင်းမှားဖြင့် ပြောဆိုတိုက်ခိုက်ခံရမှုသည် အချက်တစ်ချက်ဖြစ်ခဲ့သည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၏ ဒု-ဥက္ကဌ ဒေါ်ဒွဲဘူက ပြောဆိုခဲ့သည်။

“ကျမတို့စည်းရုံးရေးကာလ ပြီးဆုံးချိန်လောက်မှာ အများကြီးတိုက်ခိုက်ခံခဲ့ရတယ်။ အဲ့ဒါက USDP နဲ့ချိတ်ဆက်ထားတယ်ပေါ့။ အဲ့ကရတဲ့ ဝင်ငွေတွေနဲ့ စည်းရုံးရေလုပ်ကြတယ်။ အဲ့လိုတွေလိုက်ပြောပြီး မဲဆွယ်တော့ အောက်ခြေကလူတန်းစားတွေက နားလည် ပေးဖို့အရမ်းခက်ခဲတယ်။ သူတို့စိတ်ထဲမှာ မဲ မပေးတော့ဘူးဆိုတဲ့စိတ်က ရှိသွားတယ်။ အဲဒါက လူထုနဲ့တွေ့ဆုံတဲ့ အခါမှာ ပိုဆိုးတယ်။ စည်းရုံးရေးမှာတွေ့တဲ့လူတိုင်းနဲ့ဖြေရှင်းရတယ်။ နောက်ပြီးတိုက်ခိုက်ခံရတာက တစ်ချက်တည်းမဟုတ်ဘူး။ ပူတာအိုလို USDP အားကောင်းတဲ့ ဒေသမှာဆိုရင် ကေအိုင်ကေနဲ့ပတ်သက်တယ်လို့ပြောဆိုခံရတယ်။ ဒါကြောင့် အရှုံးနဲ့ပဲရင်ဆိုင်ရတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များဖြစ်ကြသည့် မြစ်ကြီးမြို့၊ ပူတာအို၊ ဆွမ်ပရာဘွမ်နှင့် မချမ်းဘောမြို့နယ်တို့တွင် NLD ပါတီ၏ တိုက်ခိုက်မှုအများဆုံးခံခဲ့ရသောကြောင့် KSPP ပါတီရုံးတွင် ပြန်လည်တောင်းပန်ခဲ့ရသည်ဟု ဆိုသည်။

ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင်က ရွေးကောက်ပွဲမတိုင်မှီတစ်ပတ်ခန့်အလို ဆွမ်ပရာဘွမ်မြို့နယ် ခရီးစဉ်အတွင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ – KSPP က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နှင့်မဟာမိတ်ဖွဲ့မည့် ပါတီဖြစ်သည်ဟု ဆွမ်ပရာဘွမ်မြို့မှ ဘာသာရေးခေါင်းဆောင်တစ်ချို့ကို ပြောဆိုခဲ့သည်ဟု ဝေဖန်မှုများစွာလည်း ရှိခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်ခက်အောင်က USDP နဲ့ KSPP ပတ်သက်နေသည့် အကြောင်းများကို ပြောဆိုမှုမရှိခဲ့သလို မဲဆွယ်စည်းရုံးခဲ့ရာတွင်လည်း “KSPP ကိုမဲထည့်ရင်ဘာအကျိုးရလဒ်ရမလဲ။ NLD ကိုမဲထည့်ရင်ဘာအကျိုးခံစားခွင့်ရမလဲ။ USDP ကိုမဲထည့်ရင် မင်းတို့အတွက် ဘာရမလဲ” စသောအချက်များသာ ပြောဆိုခဲ့ကြောင်း နိုဝင်ဘာလ ၅ရက်နေ့ ကြိုတင်မဲလာထည့်ရာတွင် မီဒီယာများကို ဖြေကြားခဲ့သည်။

ထို့အပြင် လက်ရှိ Kachin State People’s Party(KSPP)ကို ၂၀၁၃ ခုနှစ်တွင် ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်မပေးခဲ့သည့် Kachin State Progressive Party– KSPP နှင့်တစ်ခုတည်းဖြစ်သည်ဟု ပြောဆိုမှုများ ရှိခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာလ ၈ရက်နေ့ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကြီးတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ – KSPP က ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်လွှတ်တော်အတွက် ၃ နေရာနှင့် ပြည်သူ့လွှတ်တော်အတွက် ၁ နေရာသာ အနိုင်ရခဲ့သည်။

လက်ရှိအချိန်အထိ ကချင်ပြည်နယ်ရှိ နေရာအများစုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အနိုင်ရထားသည်။

Show More

Related Articles

Back to top button