ရွေးကောက်ပွဲဆိုင်ရာသတင်း

ရွေးကောက်ပွဲရလဒ်ကို ဥပဒေနဲ့အညီဖြစ်အောင် ပြန်လုပ်မည်ဟု USDP ဥက္ကဌ ပြော

ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံး ဥပဒေနှင့်အညီ မျှတသည့် ရွေးကောက်ပွဲအဖြေဖြစ်အောင် ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဌ ဦးသန်းဌေးက နိုဝင်ဘာလ ၁၀ ရက်နေ့ ပါတီ၏ လူမူကွန်ယက်စာမျက်နှာတွင် ပြောဆိုထားသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲပေးခြင်းလုပ်ငန်းများပြီးဆုံးသွားသော်လည်း မဲရေတွက်ခြင်းလုပ်ငန်း၊ အနိုင်ရကိုယ်စားလှယ်လောင်းကြေညာခြင်းလုပ်ငန်းများတွင် အငြင်းပွားဖွယ်ရာ ကိစ္စရပ်များကျန်ရှိနေသေးသည့်အတွက် လက်ရှိထွက်ပေါ်နေသည့်ရလဒ်များသည် အပြီးသတ်မဟုတ်သေးကြောင်းနှင့် ၎င်းတို့ပါတီအနေဖြင့် ဥပဒေနဲ့ညီသည့် ရွေးကောက်ပွဲအဖြေရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခုကဲ့သို့ပြောဆိုထားသည်။

“ဥပဒေနဲ့အညီဖြစ်တဲ့ မျှတတဲ့ရွေးကောက်ပွဲအဖြေဖြစ်အောင် ကျနော်တို့ဟာ ဥပဒေနဲ့အညီဆက်ပြီးတော့ ကြိုးစားသွားမှာဖြစ်ပါတယ်။” ဟု ပြောဆိုသွားသည်။

၂၀၂၀ ရွေးကောက်ပွဲကို ရပ်ကျေးအဆင့် စတင်စဉ်ပင် အငြင်းပွားဖွယ်ရာမြောက်များစွာရှိခဲ့သည့်အပြင် သက်တမ်းတစ်လျှောက် ကြီးမှူး ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင်ဖြစ်ပွားခဲ့သောအကြောင်းအရာများနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်ရေးပါတီအပါအဝင် သက်ဆိုင်ရာပါတီများက အိတ်ဖွင့်ပေးစာများ၊ အိတ်ပိတ်ပေးစာများ၊ တောင်းဆိုစာများ၊ ဥပဒေနဲ့မညီကြောင်း ဝေဖန်ထောက်ပြမူများရှိခဲ့သော်လည်း တစ်စုံတစ်ရာတုံ့ပြန်ခြင်းမျိုးမရှိခဲ့ဟု ဆိုထားသည်။

နိုဝင်ဘာလ ၈ ရက်နေ့ထိ မဲပေးခြင်းဖြစ်စဉ် မဲရေတွက်ခြင်းဖြစ်စဉ်များတွင် အငြင်းပွားဖွယ်ရာ ဆက်လက်ပေါ်ပေါက်နေကြောင်း ပြောသည်။

“အချုပ်ပြောရမယ်ဆိုရင် ဒီဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဥပဒေနဲ့အညီဖြစ်အောင် ဒီအထောက်ထားတွေနဲ့ အပြီးသတ် အဖြေရတဲ့ထိအောင် ဆက်လက်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျနော်တို့လုပ်ရမယ့် လုပ်ငန်းတွေမပြီးသေးပါဘူး။ ဥပဒေပြင်ပကဖြစ်နေတဲ့ ကိစ္စတွေအားလုံးကို ဥပဒေနဲ့အညီဖြစ်အောင် ဆက်ပြီးကြိုးစားရပါအုံးမယ် ကြိုးလည်းကြိုးစားနေပါတယ်။” ဟု ပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးတွင် မိမိတို့ရရှိထားသည့် တရားမဲ့ပြုကျင့်မှုများအား သိမ်းထားခြင်းမပြုဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်တိုးတက်ဖွံ့ဖြိုးရေးပါတီ၏ သက်ဆိုင်ရာပါတီရုံးများတွင် သော်လည်းကောင်း ကိုယ်စားလှယ်လောင်းများထံလည်းကောင်း အထောက်ထားများအားပို့ပေးရန် မေတ္တာရပ်ခံထားသည်။

Show More

Related Articles

Back to top button