Covid-19 Reportingသတင်း

အခြေခံလူတန်းစားများ Covid-19 ထောက်ပံ့ကြေးမရပါက တိုင်ကြားနိုင်

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို Covid-19 ထောက်ပံ့ကြေးပေးအပ်ရာတွင် မရရှိသူများအနေဖြင့် မိမိသက်ဆိုင်ရာမြို့နယ်များတွင် တိုင်ကြားနိုင်သည်ဟု သိရသည်။

ကချင်ပြည်နယ်တွင်လည်း နိုဝင်ဘာလ ဒုတိယအပတ်မှ စတင်ထောက်ပံ့နေပြီဖြစ်ရာ ထောက်ပံ့မှုကျန်ခဲ့သူများအနေဖြင့် မိမိသက်ဆိုင်ရာ ထွေအုပ်ရုံးများတွင် တိုင်ကြားနိုင်သည်ဟု ပြည်နယ် ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

’’အမျိုးသားအဆင့် ကော်မတီကညွှန်ကြားတော့ မြို့နယ်တွေမှာ တိုင်ကြားစာဖြေရှင်းရေးဌာနကို မနေ့က ညနေပိုင်း ၄နာရီကနေစပြီး ဖွင့်ပေးထားပါပြီ။ အဲမှာတိုင်ကြားလို့ရမယ့် ဖုန်းနံပါတ်တွေလည်း ကြေညာခိုင်းထားပါတယ်။ နယ်ဘက်ကဆိုလည်း မိမိနဲ့သက်ဆိုင်တဲ့မြို့နယ်ထွေအုပ်ရုံးတွေမှာတိုင်ကြားလို့ရပါတယ်။” ဟု ပြည်နယ် ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို စတုတ္ထအကြိမ် ထောက်ပံ့ပေးရာတွင် ကချင်ပြည်နယ်အတွင်း အိမ်ထောင်စုပေါင်း ၁သိန်း ၃သောင်း ပါဝင်နေပြီး၊ ကျန်ခဲ့သူများရှိနေလျှင်လည်း သက်ဆိုင်ရာမြို့နယ်များတွင် တိုင်ကြားနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

မြစ်ကြီးနားမြို့နယ်တွင် အဆိုပါ နိုင်ငံတော်အစိုးရမှ Covid-19 ကပ်ရောဂါကာလ အခြေခံလူတန်းစားများအား ထောက်ပံ့ကြေးမရရှိသည့်အတွက် ရပ်ကွက်အချို့မှ တိုင်ကြားချက်များကိုလည်း လက်ခံ ရရှိကြောင်း အုပ်ချုပ်ရေးမှုး ဦးသန်းဝင်းက ပြောသည်။

“ခုဖုန်းနဲ့တိုင်ထားတဲသူတွေက ပမ္မတီးရပ်ကွက်ကရှိမယ်၊ မန်ခိန်ရပ်ကွက်၊ ကြက်ပေါင်ခြံ၊ ကျွန်းပင်သာ၊ တာလောကြီး ကျေးရွာအုပ်စုရှိတယ်။ ခုစာရင်းပြန်ပြီးစီစစ်ခိုင်းထားတယ်။ ထပ်ပြီးတင်ပေးသွားမယ်တင်ပေးလို့ အစိုးရကနေ ထပ်ပြီး ချပေးရင်ပြန်ပေးသွားဖို့ရှိတယ်။” ဟု မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

ထောက်ပံ့ကြေးရယူရန်အတွက် လက်လုပ်လက်စားဖြစ်ရန် စီစစ်ရမည့် အချက်များသည် လယ်ပိုင်မရှိသော လယ်သူရင်းဌား၊ ကျဘမ်းလုပ်ကိုင်သူများ၊ ဝင်ငွေမရှိသော သက်ကြီးရွယ်အိုများ၊ ခြံလုပ်သမား၊ ပန်းရံ၊လက်သမား၊ ဆေးသုတ်၊ ပန်ရောင်း၊ အစရှိသည့် အချက်ပေါင်း ၃၀ ကျော်ရှိသည်။

အဆိုပါ ထောက်ပံ့ကြေးတွင် စစ်ဘေးရှောင်များအတွက်ပါဝင်ခြင်းမရှိကြောင်း ညွှန်ကြားရေးမှူး ဦးဇော်ဇော်ကပြောသည်။

စတုတ္တအကြိမ်မြောက် ကိုဗစ်ထောက်ပံ့ကြေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်မှလည်း ကိုဗစ်ထောက်ပံ့ကြေးအား မရရှိဘဲ ကျန်နေခဲ့သူများ ပြန်လည်ပံ့ပိုးပေးသွားရန် ရှိကြောင်း နိုဝင်ဘာလ ၁၆ ရက်ညနေပိုင်း ပြည်သူများသို့ အစီရင်ခံတင်ပြသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမူနောက်ဆုံးအခြေနေနှင့်စပ်လျဉ်းသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယခု စတုတ္ထအကြိမ်ထောက်ပံ့မူတွင် Stay at home ထုတ်ပြန်ထားသည့် မြို့နယ်များတွင် ငွေကျပ်လေးသောင်း၊ ကျန်မြို့နယ်များတွင် တစ်အိမ်ထောင်လျှင်ငွေကျပ် နှစ်သောင်းထောက်ပံ့မည်ဖြစ်သည်။

Show More

Related Articles

Back to top button