သတင်း

ဖားကန့်တွင် ဒုတိယအကြိမ် အသေးစားလုပ်ကွက် ယခုလ ထပ်မံချပေးတော့မည်

ဖားကန့်မြို့နယ်တွင် ဒုတိယအကြိမ် အသေးစား(လက်လုပ်လက်စား)လုပ်ကွက် တူးဖော်ခွင့်အတွက် ခွင့်ပြုမိန့်ကို ဒီဇင်ဘာလတွင် ချပေးနိုင်ရန်စီစဉ်နေကြောင်း ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သယံဇာတဝန်ကြီး ဦးဒရှီလဆိုင်း ထံမှ သိရသည်။

ဒုတိယအကြိမ် လက်လုပ်လက်စားချပေးနိုင်ရန် လာရောက်လျှောက်ထားသည့် လုပ်ကွက်ပေါင်း ၅၀ကျော်ရှိသည့်အနက် ၄၅ ကွက် ချပေးရန် စီစစ်ထားပြီဖြစ်ကြောင်း ပြောသည်။

“ဒုတိယအကြိမ် အသေးစား(လက်လုပ်လက်စား) လုပ်ကွက်ချပေးနိုင်ဖို့ရန်အတွက် ရွေးကောက်ပွဲမတိုင်ခင်မှာဘဲ ကျနော်တို့ အဆိုပြုလွှာခေါ်လိုက်တယ်။ လာရောက်လျှောက်ထားတဲ့ သူတွေထဲကမှ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြန်လည်စီစစ်လိုက်တဲ့ချိန်မှာ လုပ်ကွက်ထပ်တာမျိုးတွေရှိတယ်။ အဲကြောင့် ၄၂ ဦးဘဲ ခွင့်ပြုမိန့်ထုတ်ပေးဖို့ရလာတယ် ဒီဟာတွေကို ခုခွင့်ပြုမိန့်ထုတ်ပေးဖို့ ပြင်ဆင်နေပါတယ်။ ဒီဇင်ဘာလ မကုန်ခင်တော့ ခွင့်ပြုမိန့်ထုတ်ပေးနိုင်ဖို့ ပြင်ဆင်ပေးနေပါပြီ။” ဟု သယံဇာတဝန်ကြီး ဦးဒရှီလဆိုင်းက ဆိုသည်။

ဖားကန့် ရတနာနယ်မြေအတွင်း အသေးစား(လက်လုပ်လက်စား)လုပ်ကွက်များကို လွန်ခဲ့သည့် မတ်လတွင် ပထမအကြိမ် လာရောက်လျှောက်ထားသည့် လုပ်ကွက်ပေါင်း ၁၄၁ ကျော်ရှိသည့်အနက် လုပ်ကွက်ပေါင်း ၉၀ ကျော်အား ချထားပေးပြီးဖြစ်ကာ ယခုဒုတိယအကြိမ် ပြန်လည်ချပေးခြင်းဖြစ်သည်ဟု သိရသည်။

အသေးစားလုပ်ကွက် တစ်ကွက်၏ အကျယ်အဝန်းသည် ၁ဧကရှိပြီး လုပ်ကွက်သက်တမ်းသည် တစ်နှစ်ဖြစ်သည်။ လုပ်ကွက်ဝယ်ယူသူများသည် ပြည်နယ်အစိုးရ၏ စဘော်ငွေကျပ်(၅၀၀၀၀၀)၊ လျှော်လွှာတစ်စောင်(၁၀၀၀)၊ မှတ်ပုံတင်ကြေး(၃၀၀၀၀)၊ စစ်ဆေးခ(၅၀၀၀၀)၊ ဒေသဖွံ့ဖြိုးရေး ရံပုံငွေ (၁၀၀၀၀၀) စုစုပေါင်း ၆၅၀၀၀၀ကျပ် ပေးသွင်းရသည်။

“ပထမအကြိမ် ချထားပေးတဲ့ဟာတော့ တစ်ချို့လုပ်ကွက်တွေတော့ လုပ်နေကြပြီ။ တစ်ချို့တွေတော့ လုပ်အားအခက်ခဲကြောင့်မို့လား ရပ်နားထားတဲ့သူတွေလည်းရှိနေတယ်။”ဟု ဝန်ကြီးက ဆက်ပြောသည်။

ဖားကန့်မြို့နယ်ရှိ လက်လုပ်လက်စားကျောက်စိမ်းလုပ်ကွက်သည် တာမခံ၊ ဟောင်ပါးဧရိယာတွင် ၂၃၉ ဧက၊ မရှီကထောင်၊ ဂျန်ထပ် ဧရိယာတွင် ၅၄ ဧက၊ နမ္မဖြစ်တွင် ၈၃ဧကရှိပြီး လုပ်ကွက်စုစုပေါင်း ၃၇၆ကွက်ရှိကြောင်း သက်ဆိုင်ရာဌာနမှသိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာခွဲဝေမူ ဇယား ၁နှင့် ၂အရ ကျောက်မျက်နှင့် သတ္တုလုပ်ငန်းများတွင် အသေးစားနှင့် လက်လုပ်လက်စားများအား ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများသည် လုပ်ပိုင်ခွင့်ရရှိပြီးဖြစ်သည်။ သို့သော် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြဌာန်းခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာဥပဒေ(၂၀၁၉)၏ နည်းဥပေဒထွက်ရှိခြင်း မရှိသေးသည့်အတွက် အသေးစားလုပ်ကွက်များအား ပြည်နယ်အစိုးရမှ ချပေးခြင်းမရှိသေးပေ။

“ကျန်နေသေးတဲ့လုပ်ကွက်တွေကိုလည်း မကြာခင်မှာ ကျောက်မျက်ဥပဒေတွေလည်းပေါ်လာတော့မှာ ဖြစ်တဲ့အတွက် ကိုယ်ကလည်း လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဆက်ရှိသေးမှာဖြစ်တဲ့တွက် ဒီဟာတွေကို ဆက်လက်အကောင်အထည်ဖော်ပေးဖို့ ဆက်လက်တိုက်တွန်းပေးသွားဖို့ရှိပါတယ်။ ဒါပေမယ့် မကြာခင်မှာ လွှတ်တော်သက်တမ်းကလည်း ကုန်တော့မှာဆိုတော့ တတိယအကြိမ်အဆိုပြုနိုင်ဖို့ အကောင်ထည်ဖော်နိုင်ဖို့ဆိုတာကတော့ အချိန်အတိုင်းတာပေါ်မူတည်သွားမှာပေါ့။” ဟု သယံဇာတဝန်ကြီး ဦးဒရှီလဆိုင်းကပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ပြည်ထောင်စုမှ ကျောက်စိမ်းတူးဖော်ခွင့်ရ စုစုပေါင်း ဧရိယာ ၂၇၇၄၀ဧက ရှိသည်။

Show More

Related Articles

Back to top button