သတင်း

ကုန်တင်တွဲကားများ အမြင့် ၁၃ ပေကျော်လွန်ပါက အရေးယူခံရမည်

ကုန်တင်တွဲကားများ အမြင့်ပေ ၁၃ပေအထက် တင်ဆောင်ခြင်းမပြုရန် ပညာပေးလုပ်ဆောင်နေပြီဖြစ်ပြီး ပညာပေးကာလကျော်လွန်ပါက စတင်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပညာပေးကာလအဖြစ် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်လုပ်ဆောင်နေကာ ပညာပေးကာလကျော်လွန်သည်နှင့် အရေးယူတော့မည်ဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် ဒုရဲအုပ် ဦးစိုးနိုင်ထွန်းကပြောသည်။

“အမှန်တစ်ကယ်တော့ အမြင့်ပေကို ၁၃ပေလောက်ထိ လက်ရှိအနေထားထားရပေးမှာပေါ့။ အမှန်အတိုင်းက ဥပဒေမှာ ၁၂ပေ ဆိုပေမယ့် ထိုက်သင့်သလောက်ထားပေးမယ်။ နောက်ပိုင်းမှာ အရေးယူဖို့အပိုင်းတွေလုပ်မှာလေ ခုပညာပေးကာလလုပ်ပေးနေတယ်။ ပညာပေးကာလကတော့ ၁၁လပိုင်း ၁၃ရက်နေ့ကစပြီးလုပ်နေတယ်။ ပညာပေးကာလကျော်တာနဲ့ စတင်အရေးယူဖို့ မော်တော်ယာဉ်စီမံခန့်ခွဲမူ ဥပဒေနဲ့အရေးယူမှာဖြစ်တယ်။” ဟု ဝိုင်းမော်မြို့နယ် ဒုရဲအုပ်စိုးနိုင်ထွန်းက ပြောသည်။

မော်တော်ယာဉ် ဥပဒေအရ အမြင့်ပေ ၁၂ပေ ထိသာ တင်ဆောင်ရန်ပါရှိသော်လည်း ဒေသလိုအပ်ချက်အရ ၁၃ပေထိ ထားပေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အဲကိစ္စကို ကုမ္မဏီတွေကို သက်ဆိုင်ရာဌာနတွေကနေ ညွှန်ကြားထားပေးရင်တော့ ကားသမားတွေအတွက် လုပ်ရကိုင်ရတာအဆင်ပြောတာပေါ့။ အဲလိုမဟုတ်ဘူးဆိုရင် ခြံထဲမှာလည်းကားသမားနဲ့ ခြံကတင်ပေးဖို့အဖွဲ့တွေနဲ့ စကားတွေများကြီးပြောနေရတယ်။” ဟု ကားဆရာ ကိုအောင်စည်က ပြောသည်။

လက်ရှိအနေထားတွင် ငှက်ပျောတွဲကား တစ်ကားတွင် အမြင့်အထူ ၁၀လက်မခန့်ရှိသည့် ငှက်ပျောဖာ ၁၄လွှား၊ ၁၅လွှားခန့်ထိ တင်ဆောင်နေခြင်းဖြစ်ပြီး အမြင့်ပေ ၁၃ပေတွင် ငှက်ပျောဖာ ၁၂လွှား၊ ၁၃လွှားခန့်သာရှိနိုင်ကြောင်း ကားသမားများကဆိုသည်။
ကချင်ပြည်နယ်တွင် Covid-19 ဖြစ်ပွားစဉ်ကာလအတွင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် တစ်သျှူးငှက်ပျောတင်ရန် ကားအစီး ၂၀၀ ကျော်စီအသုံးပြုကာ ပူးတွဲလုပ်ဆောင်ရန် ဧပြီလ ၂၅ ရက်နေ့တွင် နှစ်နိုင်ငံကြား သဘောတူညီခဲ့သည်။

ထို့နောက် လွန်ခဲ့သည့် အောက်တိုဘာလမှစကာ ကားအစီးထပ်တိုး သဘောတူခဲ့ပြီး လက်ရှိချိန်တွင် မြန်မာဘက်မှကားအစီးရေ ၄၀၀နှင့် တရုတ်ဘက်မှ ကားအစီးရေ ၃၀၀ အသုံးပြုနေကြောင်း သက်ဆိုင်ရာဌာနမှသိရသည်။

မြန်မာနိုင်ငံတွင် တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးထုတ်လုပ်မူ ၁၀နှစ်ကျော်ရှိလာပြီဖြစ်ပြီး လက်ရှိကချင်ပြည်နယ်တွင်လည်း နိုင်ငံတော်အခွန်ရရှိရေးအတွက် တရုတ်တစ်သျှူးငှက်ပျော တရားဝင်စိုက်ခွင့်ပြုပေးနိုင်ရန် စီစဉ်နေပြီဖြစ်သည်။

ကချင်ပြည်နယ်တွင် တရုတ်တစ်သျှူးငှက်ပျောများကို ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ စသည့် ဒေသများစွာတွင် စိုက်ပျိုးထားသော်လည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိုက်ဧကပေါင်း တိတိကျကျကောက်ထားနိုင်ခြင်းမရှိသေးပေ။ သို့သော် ဒေသခံများ၏ ပြောဆိုချက် အရပ်ဘက်အဖွဲ့စည်းများ၏ စစ်တမ်းအရ ၁သိန်းကျော်ရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button