Covid-19 Reportingသတင်း

သတ်မှတ်ချက် ပြည့်မှီသော စားသောက်ဆိုင်များ ယနေ့ ပြန်ဖွင့်ပြီ

ကျန်းမာရေးလမ်းညွှန်ချက် (A) အဆင့်သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မြစ်ကြီးနားမြို့ရှိ စားသောက်ဆိုင်တချို့ ယနေ့ ဖွင့်ခွင့်ရကြပြီဖြစ်သော်လည်း ကျန်းမာရေးလမ်းညွှန်ချက် လိုက်နာမူမရှိပါက သဘာဝဘေးအန္တရယ်ဆိုင်ရာ ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်သည်ဟု သိရသည်။

ဖွင့်လှစ်ခွင့်ပြုထားသည့် ဆိုင်များမှာ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အထိ ပါဝင်သည်။

“Covid-19 ကာကွယ် ထိန်းချုပ်၊ ကုသရေး အမျိုးသားဗဟိုအဆင့်မှ ညွှန်ကြားလာတဲ့အတိုင်း စည်ပင်ကိုထပ်ပြီး ညွှန်ကြားထားတာက A အဆင့်သတ်မှတ်ထားတဲ့ စားသောက်ဆိုင်ပုံစံဖြစ်ရမယ်။ အဲလိုဆိုင်တွေကို ဒီနေ့ ကနေစပြီး ပြည်ထောင်စုလမ်းညွှန်ချက်အတိုင်း ဖွင့်ခွင့်ပေးထားတယ်။ ဒါပေမယ့် အဲ သတ်မှတ်ချက်မရှိရင် အရေးယူမယ်ဆိုပြီး ညွှန်ကြားထားတယ်။ အရေးယူမယ့်ဟာကျတော့ သဘာဝဘေးအန္တရယ်ဆိုင်ရာ ဥပဒေနဲ့အရေးယူမှာဖြစ်တယ်။” ဟု ကချင်ပြည်နယ် Covid-19 ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး အရေးပေါ်ကော်မတီမှ ဒုညွန်ကြားရေးမှူး ဦးတင့်နိုင်က ဆို သည်။

ကျန်းမာရေးလမ်းညွှန်ချက် A အဆင့်တွင် စားသောက်ဆိုင်ကြီးများဖြစ်ပြီး စားသောက်ဆိုင်အတွင်း ကောင်တာရှိရန်၊ ဆိုင်ထဲဝင်ချိန် အပူချိန်တိုင်းရန်၊ ဆိုင်ထိုင်စားသူများအား တစ်ဦးနဲ့တစ်ဦး ၆ပေအကွာ ထိုင်နိုင်အောင်စီစဉ်ထားရှိရန်၊ တစ်ဦးနှင့်တစ်ဦးကြား အကာပြုလုပ်ထားရန်၊ ဆိုင်အတွင်း အလုပ်လုပ်သည့် ဝန်ထမ်းများ ကျန်းမာရေးသတ်မှတ်ချက်အတိုင်း လက်အိတ်စွပ်ရန်၊ နှာခေါင်းစည်းတပ်ရန်၊ လက်ဆေးစင်ထားရှိရန် စသည့်အချက်များပါဝင်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ယနေ့မှစကာ ဖွင့်ခွင့်ပြုထားသည့် စားသောက်ဆိုင်ပေါင်း ၂၃၂ ဖွင့်ခွင့် ပြုထားကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

တစ်နိုင်ငံလုံး Stay at Home မဟုတ်သည့် မြို့နယ်များမှ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင် ၈၀၀၀ ကျော်ပြန်လည် ဖွင့်ခွင့်ပြုထားပြီးဖြစ်သည်။

“ဒါက နိုင်ငံတော်ကနေ ဖြေလျော့ပေးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးလမ်းညွှန်ချက်တွေအတိုင်း တိကျစွာလိုက်နာဖို့ ပြောချင်ပါတယ်။ ဒါမှသာ အားလုံးအတွက် အဆင်ပြေလာနိုင်မယ်။” ဟု ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်က ပြောသည်။

သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမူဥပဒေပုဒ်မ ၂၉ အရ မည်သူမဆို ဤဥပဒေများ အမိန့်ကြေညာစာနှင့် အမိန့်တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မူထင်ရှားပါက ထိုသူကို တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟု ဆိုထားသည်။

Show More

Related Articles

Back to top button