သတင်း

တရုတ် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို ကိုင်သွယ်ဖြေရှင်းရန် ကချင်ဒေသခံများ မြေယာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ကောင်းကျိုးထက် ဆိုးကျိုးပိုမိုများပြားနေသော အကြီးစား တရုတ်စိုက်ပျိုးရေး ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို ကိုင်သွယ်ဖြေရှင်းနိုင်ရန် ဒေသခံများက အလုပ်ရုံဆွေးနွေးမှု တစ်ခုကို ဗန်းမော်မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင်အတွင်း အကြီးဆုံးစိုက်ပျိုးရေးစီမံကိန်းဖြစ်သည့် တရုတ်တစ်သျှူးငှက်ပျောနှင့် ကြံစိုက်ပျိုးမှုကြောင့် လယ်ယာမြေ မတရားသိမ်းဆည်းခံရသော ပြည်သူများပါဝင်ပြီး ဇန်နဝါရီလ ၂၆ နှင့် ၂၇ ရက်နေ့ ဗန်းမော်မြို့ ရောဘတ်သာသနာဝင်းတွင် ပြုလုပ်ခဲ့ကြသည်။

“ဒေသအတွင်းမှာ အကြီးစားစိုက်ပျိုးရင်းနှီးမြုပ်နှံမှုလုပ်ကိုင်နေတာဖြစ်တဲ့အတွက် ဒေသခံတွေက ဆုံးရှုံးမှုတွေ ပိုပြီး များနေတာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဒေသတွေမှာ တစ်သျှူးငှက်ပျောနဲ့ ကြံခင်းတွေကို စိုက်ပျိုးရင်းနှီး မြုပ်နှံမှုတွေရှိနေတယ်။ ဒါကိုဒေသခံတွေအနေနဲ့ ကောင်းကျိုးထက်ဆိုးကျိုးကပိုများနေတာဖြစ်တဲ့အတွက် တိုက်သွန်း ပြောဆိုမှုတွေကတော့ရှိနေတယ်။ လူထုလှုပ်ရှားမှုတွေနဲ့ ဒေသအလိုက်တောင်းဆိုမှုတွေလည်းအမြဲပြုလုပ် နေတယ်။ ဒါပေမယ့်ထိရောက်မှု မရှိတဲ့အခြေအနေမှာဖြစ်နေတယ်။ ဒါကြောင့်နည်းစနစ်ကျကျနဲ့ ချိန်ဆက်မှုပိုမိုကောင်း လာအောင် နည်းပညာပိုင်းဆိုင်ရာနဲ့ အသိပညာတွေဖလှယ်ပေးတယ်။ ဒီအချက်တွေကိုသိသွားရင် သူတို့အတွက် အကူအညီဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်”ဟု အစီစဉ် ဦးဆောင်သော ဒေါ် ထုဆမ်က ပြောသည်။

ဆွေးနွေးပွဲကို ဗန်းမော်၊ မံစီ၊ မိုးမောက် စသည့်မြို့နယ် ၃ခုမှ အကြီးစားစီမံကိန်းကြောင့် လယ်ယာမြေသိမ်းဆည်းခံခဲ့ရသည့် တောင်သူများတက်ရောက်ခဲ့ကြသည်။

၎င်းတို့အနေဖြင့် မတရားသိမ်းဆည်းခံခဲ့ရသည့် ၎င်းတို့လယ်ယာမြေများကို ပြန်လည် ရယူလိုသည့် အကြောင်းအရင်းနှင့် မြေယာသိမ်းဆည်းခံရသောကြောင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို မည်သည့်ပုံစံဖြင့်ဖြေရှင်းနိုင်ရန် အဓိကဖလှယ်ခဲ့ကြသည်။

ဗန်းမော်ခရိုင်တွင် ဒေသခံနှင့် လုပ်ငန်းရှင်များကြား တစ်သျှူးငှက်ပျောစိုက်ပျိုးမှုကြောင့် မကြာခဏ မြေယာပြဿနာဖြစ်ပေါ်နေသည်။

ထိုသို့တောင်သူများနှင့် လုပ်ငန်းရှင်ကြား မြေယာပြဿနာနှင့်ပတ်သက်ပြီး အဓိကဖြစ်ပွာနေသည့် အကြောင်းအရင်းမှာ ဒေသအတွင်း အကြီးစားစိုက်ပျိုးရေး ရင်းနှီးမြုပ်နှံမှုချပေးရာတွင် သက်ဆိုင်တာဝန်ရှိသူများအနေနှင့် သေချာလေ့လာဆန်းစစ်မှုမရှိဘဲ လုပ်ပိုင်ခွင့်ပြုထားသောကြောင့်ဖြစ်သည်ဟု ဗန်းမော်အခြေစိုက် Dawn Peace Foundation မှ ဦးအောင်မျိုးဆန့် က ယခုလိုပြောဆိုသည်။

“မြန်မာနိုင်ငံရဲ့ပြဿနာက ဘာလဲဆိုတော့ စီးပွားရေးလုပ်ငန်းတစ်ခုခုမလုပ်ခင်မှာ ဆန်းစစ်လေ့လာတဲ့အပိုင်းမှာ အင်မတန်မှ အားနည်းတယ်။ လုပ်ပြီးမှ ဖြစ်ပြီးမှဘဲ ပျက်ရတဲ့တာအများကြီးရှိတယ်။ ဒီဟာတွေက အများသောအားဖြင့် ဒေသတွေမှာအများကြီးကြုံတွေ့ရတယ်။ အဲ့ကြောင့်အခြားတစ်ဖက်မှာ မလိုလားအပ်တဲ့ ပြဿနာတွေကြုံတွေ့နေရတယ်။ ဒေသခံတွေအနေနဲ့လည်း ဒီအပိုင်းတွေကိုနားမလည်တာများတယ်။ ဒါကြောင့်အစိုးရအနေနဲ့ ဒီဟာသေချာလေ့လာပြင်ဆင်ပြီးမှသာ ခွင့်ပြုသင့်တယ်လို့”ဟု ပြောဆိုသည်။

ဗန်းမော်ခရိုင်တွင် တစ်သျှူးငှက်ပျောရင်းနှီးမြုပ်နှံမှုအပြင် ကြံခင်းစိုက်ပျိုးသည့်နှုန်းပိုမိုများပြားလာသည့်အတွက် ဒေသခံပြည်သူများ၏ လယ်ယာမြေများကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းခေါင်းစဉ်ဖြင့် သိမ်းယူလာနိုင်ဖွယ်ရှိသောကြောင့် စိုးရိမ်ကြောင်း မိုးမောက်ဒေသခံ ဦးစိန်းရွှေက ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

“လက်ရှိဒေသအတွင်းမှာ အကြီးစားစိုက်ပျိုးရင်းနှီးမြုပ်နှံမှုမှာ တစ်သျှူးငှက်ပျောက နံပါတ်တစ်ပေါ့လေ။ ဒါပေမယ့်အခုနောက်ဆက်တွဲ စိုးရိမ်စရာကဘာလဲဆိုတော့ ကြံခင်းစိုက်ပျိုးတဲ့လုပ်ငန်းက ပိုပြီးကျယ်ပြန့်လာတယ်ပေါ့လေ။ ဒါကိုပြည်သူတွေက တိကျသေချာမှုမသိရဘဲနဲ့ သူတို့ကိုယ်တိုင်စားသောက်နေတဲ့ လယ်ယာမြေတွေကို မြေလွတ်၊ မြေလပ်ပုံစံနဲ့ကြီးစိုးလာဖွယ်ရှိတယ်။ လက်ရှိအနေအထားက စိုးရိမ်ဖွယ်ရာရှိတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်အရှေ့ဘက် တရုတ်နယ်စပ် မြို့တော်ဖြစ်သော ဝိုင်းမော်၊ မိုးမောက် နှင့် ဗန်းမော် စသည့်မြို့နယ်များသည် တစ်သျှူးငှက်ပျော်စိုက်ပျိုးမှုအများဆုံးနေရာများဖြစ်ကာ ဒေသခံများနှင့် မြေယာပြဿနာအများဆုံး ဖြစ်ပေါ်နေသော နေရာလည်း ဖြစ်ပါသည်။

Show More

Related Articles

Back to top button