သတင်း

အမျိုးသမီးအုပ်ချုပ်ရေးမှူးများ ပိုမိုပေါ်ထွန်းလာစေရန်မျှော်လင့်

ပြီးခဲ့သည့် အစိုးရသက်တမ်း (၅) နှစ်အတွင်း ကချင်ပြည်နယ်တွင် အမျိုးသမီး အုပ်ချုပ်ရေးမှူး (၆)ဦးသာရှိခဲ့သောကြောင့် လာမယ့်သက်တမ်းတွင် အမျိုးသမီးအုပ်ချုပ်ရေးမှူးများ ပိုမိုရွေးချယ်ပေးရန် လိုအပ်ကြောင်း ပြောဆိုမှုများရှိနေသည်။

“အုပ်ချုပ်ရေးတစ်ယောက်က ညအချိန်မတော်ကြီးယာဉ်တိုက်မူဖြစ်တယ်။ အဲအုပ်ချုပ်ရေးမှူးသည် ဖြစ်စဉ်နေရာကိုသွားရတယ်။ အကယ်၍များ အချိန်မခါမတော် အမျိုးသမီးဖြစ်ရင် သူ့လုံခြုံရေးအတွက် အခက်ခဲရှိနိုင်တယ်။ ဒါပေမယ့် ယောကျာ်းနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်တဲ့ အမျိုးသမီးတွေလည်း ရှိနိုင်တယ်။ ဥပဒေမှာလည်း အမျိုးသမီး၊ အမျိုးသား မခွဲခြားထားဘူး။ အဲကြောင့်အမျိုးသမီးများသည် အရည်အချင်းရှိလာတယ်ဆိုရင် ကျနော်ဖိတ်ခေါ်တယ်။ ဝင်ရောက်အရွေးချယ်ခံပါ မျှော်လင့်တယ် နေရာလည်းပေးချင်တယ်။ အမျိုးသမီးအုပ်ချုပ်ရေးမှူးလည်း လိုလားနေပါတယ်။ ဝင်ရောက်အရွေးချယ်ခံနိုင်အောင်လည်း ကြိုးစားပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။” ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

အမျိုးသမီးများအနေဖြင့် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ဝင်ရောက်အရွေးခံသင့်သည့်အပြင် အမျိုးသမီးများ၏ လုပ်ကိုင်နိုင်စွမ်းများပြသရန်လိုအပ်ကြောင်း ဆော့လော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက ယခုလိုပြောသည်။

“အခုခေတ်အမျိုးသမီးတွေက အရင်ကအမျိုးသမီးတွေနဲ့အရမ်းပဲ ကွာခြားနေပါပြီ။ အမျိုးသမီးတွေကိုယ်တိုင် ကားမောင်းနိုင်တယ်၊ဆိုင်ကယ်မောင်းနိုင်တယ်။ ဥပမာ ညသန်းခေါင်ကြီး သွားရမယ့်ဟာမျိုး မိသားစုရှိတယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေရှိတယ်။ ဘယ်နေရာဖြစ်ဖြစ်သွားလို့ရတာဘဲ။ ဘာပဲဖြစ်ဖြစ် ယောကျာ်းတွေနဲ့ရင်ဘောင်တန်းပြီး လုပ်နိုင်တဲ့ အမျိုးသမီးတွေလည်း အများကြီးရှိလာပါပြီ။ အဲကြောင့် ကျမဆို ကျမရဲ့မဲဆန္ဒနယ်က အမျိုးသမီးတွေကို ဝင်ရောက်အရွေးခံဖို့လည်း တိုက်တွန်းနေပါတယ်။”ဆိုပြီး ဆော့လော်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက ပြောသည်။

အုပ်ချုပ်ရေးမှူး ဝင်ရောက်အရွေးခံရန်အတွက် သတ်မှတ်အရည်အချင်းတွင် အသက်(၂၅)နှစ်ပြည့်ပြီး ရပ်ကွက်ကျေးရွာအတွင်း အနည်းဆုံး(၅)နှစ်နေထိုင်သူ၊ အများကလေးစားထိုက်သူ စသဖြင့် ဥပဒေတွင်ပြဌာန်းထားသော်လည်း အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး စသည့်နေရာများတွင် အမျိုးသမီးများ ဝင်ရောက်အရွေးခံသောအခါ ရိုးရာယဉ်ကျေးမူအရ သော်လည်းကောင်း၊ ကျားမရေးရာ အရသော်လည်းကောင်း ခွဲခြားဆက်ဆံမှုများရှိကြောင်း ဝိုင်းမော် မိုင်းနားအုပ်စု၊ လဘန်ကျေးရွာမှ ဆယ်အိမ်မှူး ဒေါ်ခါးတောမ်က ပြောသည်။”ဥပဒေအရဆို ဆယ်အိမ်မှူးကနေ ပြန်ရွေးချယ်ရင် ရာအိမ်မှူး ဥပဒေအရဆို ကျမလုပ်နေပြီလို့ပြောတာ ရွာကလူကြီးတစ်ယောက် ဘယ်လိုပြောလဲဆိုတော့ ဒီရွာမှာယောကျာ်းလေးတွေအကုန်သေကုန်မှ ဥက္ကဌလုပ်လို့ရမယ်ဆိုပြီး ပြောတယ်။အဲလိုပြောတော့ ကျမတို့မိန်းကလေးတွေကို အရမ်းနိမ်ကြတယ်။ သူတို့အမျိုးသားတွေ အမျိုးသမီးအရေးနဲ့ပတ်သက်ပြီး မေးတာတွေ ပြီးတော့ကိုယ့်ရွာက ပြည်သူတွေရဲ့လိုအပ်ချက်တွေမေးရင် သူတို့ဘာသိလဲ သူတို့ဘာလုပ်ပေးနိုင်လဲ ဥပမာ ရွာမှာမိန်းကလေးတွေအကြမ်းဖက်မူခံရလည်း သူတို့က ရိုးရာအနေနဲ့ဘဲ အလွန်ဆုံး ၂သိန်း ၃သိန်းလောက်လုပ်ပေးတယ်။ ဒါမျိုးတွေဆိုကျမတို့ အမျိုးသမီးတွေက ပိုပြီး ထဲထဲဝင်ဝင်လုပ်ဆောင်ပေးနိုင်တယ်။” ဟု ဆယ်အိမ်မှူးဒေါ် ခါးတောမ်တောမ်က ပြောသည်။

အမျိုးသမီးများတွင် အမျိုးသားများနှင့် မတူညီသည့်အတွေးအခေါ်များရှိသည့်အတွက် အမျိုးသမီးများအနေဖြင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ဝင်ရောက်အရွေးခံရန် လိုအပ်ကြောင်း Kachin State Women Network မှ တာဝန်ခံ ဆရာမအောင်းဂျာက ပြောသည်။

“ရပ်ရေး၊ ရွာရေးကိစ္စတွေမှာ အမျိုးသမီးတွေမှာမတူညီတဲ့ အတွေးအခေါ်ရူထောင့်ကနေပါဝင်လာစေဖို့ ကျမတို့ စိတ်အားထက်သန်မူတွေရှိတယ်။ အမျိုးသမီးတွေရဲ့သဘာဝကိုက စေ့စပ်ဖြေရှင်းနိုင်တယ်။ ပဠိပကခကို လျော့ချနိုင်တဲ့ဟာ တားဆီးနိုင်တဲ့စွမ်းရည် ရှိတဲ့အတွက် ဒီလိုမျိုးမတူညီတဲ့အရည်အချင်းတွေရှိတဲ့ အမျိုးသမီး ဆယ်အိမ်မှူး၊ရာအိမ်မှူး အုပ်ချုပ်ရေးရှိလာခြင်းအားဖြင့် ကိုယ့်ရဲ့ရပ်ရေး၊ ရွာရေး မြို့နယ် ပြည်နယ်အတွက် အများကြီးအထောက်အကူပြုလာလိမ့်မယ်လို့ ကျမကတော့မြင်ပါတယ်။” ဟု Kachin State Women Network မှ ဆရာမအောင်းဂျာက ဆိုသည်။

ကချင်ပြည်နယ်တွင် မြို့နယ်(၁၈)မြို့နယ်ရှိပြီး ကျေးရွာအုပ်စုပေါင်း (၅၈၇)၊ ရပ်ကွက်(၁၇၈) စုစုပေါင်း ၇၆၅ ရှိသောကြောင့် အုပ်ချုပ်ရေးမှူး (၇၆၅)ဦး ရှိခဲ့သည်။ ထိုအထဲ အမျိုးသမီး အုပ်ချုပ်ရေးမှူးအဖြစ် ချီဖွေမြို့နယ် ပန်ဝါအမှတ်(၃)ရပ်ကွက်မှ တစ်ဦး၊ အင်ဂျန်းယန်မြို့နယ်အမှတ်(၂) ရပ်ကွက်မှ တစ်ဦး၊ မြစ်ကြီးနားမြို့နယ် မင်းရပ် ရပ်ကွက်မှ တစ်ဦး၊ ခေါင်လန်ဖူး အမှတ်(၁)မှ တစ်ဦး အမှတ်(၂)တစ်ဦး၊ ဗန်းမော်မြို့နယ် ခုလိကျေးရွာအုပ်စုမှ တစ်ဦး စုစုပေါင်း (၆)ဦးသာ ပါဝင်ကြောင်း ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုညွှန်ကြားရေးမှူးထံမှ သိရသည်။

မြန်မာနိုင်ငံတွင် UNDP ၏ဖော်ပြချက်အရ လက်ရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူး ၁၆၈၂၉ ဦးရှိသည့်အနက် အမျိုးသမီးပါဝင်မှု ၁၀၁ ဦး ရှိသည်။

လာမည့်အစိုးရသက်တမ်းအတွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များကို ဧပြီလတွင်အပြီးပြုလုပ်သွားမည်ဟု သိရသည်။

Show More

Related Articles

Back to top button