စစ်ပြေးဒုက္ခသည်များသတင်း

ပူတာအိုစစ်ရှောင်များ ၁ လအကြာမှ စခန်းအသစ်သို့ ပြောင်းရွှေ့မည်

ပူတာအိုမြို့  လုံစွတ်စစ်ရှောင်ပြည်သူများက ဆောက်လုပ်ပြီးစီးသော ၎င်းတို့၏စစ်ရှောင်စခန်းအသစ်တွင် ရေအခက်အခဲရှိနေသောကြောင့် နောက် ၁ လအကြာမှသာ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း သိရသည်။

လုံစွတ်စစ်ရှောင်များက လက်ရှိနေထိုင်သည့် စခန်းနှင့် ၁၂မိုင်ခန့်ဝေးသည့် ပြောင်းရွှေ့ရမည့်စခန်းအသစ်သည် ဇီဒမ်ကျေးရွာအနီးတွင်တည်ရှိပြီး လက်ရှိ လုံစွတ်စစ်ရှောင်စခန်းနှင့် ၁၂ မိုင်ခန့် ကွာဝေးသည်။

“စခန်းအသစ်မှာရွှေ့ပြောင်းနေထိုင်ဖို့က ပြင်ဆင်နေကြပြီပေါ့လေ။ တစ်ချို့က ပစ္စည်းတွေရွှေ့ပြောင်းထားပြီ။ ဒါပေမယ့် အပြီးအပိုင်တော့မဟုတ်သေးဘူး။ ဘာကြောင့်လဲဆိုတော့ သောက်သုံးရေ မရသေးဘူး။ နောက်ပြီး လုံခြုံရေးအတွက် တပ်ခြံတွေလည်း ကာရအုံးမယ်။ ဒီနေ့ကတော့ သွားနေဖို့ စခန်းအသစ်ဖွင့်ပွဲဘဲလုပ်ရသေးတယ်။ အပြီးအစီးရွှေ့ပြောင်း နေထိုင်ဖို့က ၁လလောက် လိုအုန်းမယ်ထင်တယ်” ဟု စစ်ရှောင်တာဝန်ခံ ဦးဖုန်တိန်ထံမှသိရသည်။

လက်ရှိ စခန်းအသစ်တွင် ရေတွင်း ၃ခု တူးဖော်နေသော်လည်း သောက်သုံးရရှိရန် အခက်အခဲရှိနေသေးကြောင်းနှင့် စစ်ရှောင်စခန်းလုံခြုံရေးအတွက် အကာကွယ်ပစ္စည်းများ ကူညီထောက်ပံ့ပေးရန် လိုအပ်နေသေးကြောင်းကို သူကဆိုသည်။

“အခု ရေတွင်းက ၃ခုတော့တူးနေပြီ။ တစ်ခုက ပြီးပြီ။ နောက်တစ်ခုက ဂွင်ချရအုံးမယ်။ တစ်လုံးက အဝီစိဟုတ်တယ်။ အဲ့ဒါက မနေ့ကမှ စတူးသေးတယ်။ သောက်သုံးရေရဖို့အတွက်က ကြာအုံးမယ်ထင်တယ်။ နောက်တစ်ခုက စစ်ရှောင်လုံခြုံဖို့အတွက် အကာကွယ်လုပ်ရအုံးမယ်။ ခြံဝန်းအကာကွယ်လုပ်ဖို့အတွက် အစကတော့ KBC ကနေ ကူညီပေးမယ်လို့တော့ ပြောထားတယ်။ ဒါပေမယ့် သူတို့မှာ ဘတ်ဂျက်အခက်ခဲဖြစ်သွားတဲ့အတွက် စစ်ရှောင်တွေ ရတဲ့နည်းနဲ့ပြန်လုပ်ယူရမယ့် သဘောရှိတယ်” ဟု သူက ဆက်လက်ပြောဆိုသည်။

အဆိုပါ လုံစွတ်စစ်ရှောင်ပြည်သူများမှာ ၂၀၁၃ နှင့် ၂၀၁၅ တိုက်ပွဲများကြောင့် ပူတာအိုခရိုင်အတွင်းရှိ မချမ်းဘော့၊ ပူတာအိုနှင့် ခေါင်လန်ဖူးမြို့နယ်တို့မှ မပြုံးကျေးရွာ၊ အင်ခါးဂါး၊ အင်ဖျီဂါး၊ ဖကန်းယန်နှင့် တန်ဂေါင်ကျေးရွာတို့ဖြစ်ကြပြီး လက်ရှိတွင် အိမ်ထောင်စု ၇၇၊ လူဦးရေ ၃၀၀ကျော်ခန့်ရှိကြောင်းသိရသည်။

၎င်းတို့သည် နေရပ်ပြန်ရန် ဆန္ဒရှိသော်လည်း ၎င်းတို့၏ ကျေးရွာအနီးတဝိုက်တွင် စစ်တပ်က တပ်စခန်းများ ချထားသောကြောင့် နေရပ်မပြန်တော့ဘဲ နေရာအသစ်တွင် အခြေချရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှုမဖြစ်ခင်က ကချင်စစ်ရှောင်များ နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေးအစီစဉ်ကို ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC နှင့် ဂျပန်နိပွန်ဖောင်ဒေးရှင်းအဖွဲ့တို့က ပြုလုပ်နေခြင်းဖြစ်သည်။

Show More

Related Articles

Back to top button