စစ်အာဏာရှင်ကျဆုံးရေး ဆုတောင်းပွဲပြုလုပ်သော နောင်မွန်လူငယ်များ တိမ်းရှောင်နေရ
ပူတာအိုခရိုင် နောင်မွန်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်သော လူငယ် ၆ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးရန်ပြင်ဆင်နေသဖြင့် ထိုလူငယ်များမှာ ထွက်ပြေးနေရကြောင်း သိရသည်။
ပြီးခဲ့သော မတ်လတွင် အဆိုပါ လူငယ် ၆ဦးက နောင်မွန်မြို့ရှိ ဘာသာရေးပေါင်းစုံမှ ခေါင်းဆောင်များကို ရိုးရာအိမ်တစ်ခုတွင် ခေါ်ယူကာ စစ်အာဏာရှင်စနစ်ကျရှုံးရေးအတွက် ဆုတောင်းပွဲပြုလုပ်ခဲ့သဖြင့် ယခု ၁လကျော်ခန့်အကြာမှ စစ်တပ်ဘက်က ဖမ်းဆီးရန် ပြင်ဆင်လာခြင်းဖြစ်သည်ဟု သိရသည်။
“ဆုတောင်းပွဲပြုလုပ်တာ ၁လကျော်လောက်ရှိပြီ။ ဒါပေမယ့် သူတို့လည်းအစတုန်းကတော့ မသိကြဘူးထင်တယ်။ ကြံခိုင်ရေးပါတီဝင် တစ်ချို့က သတင်းပေးလို့ထင်တယ်။ အခုမှ ဖမ်းဆီးဖို့ လိုက်စုံစမ်းနေတယ်။ ဗိုလ်မှူးတစ်ယောက်က လူငယ်တွေရဲ့အမည်စားရင်းကိုင်ပြီး လိုက်စုံစမ်းနေတာတဲ့။ ဖမ်းဝရမ်းထုတ်ထားတာလည်း တရားဝင်မပြောဘူး။ အမည်စာရင်းက သူတို့ထဲမှာဘဲရှိတယ်”ဟု အဆိုပါလူငယ် ၆ ဦးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကချင်ပြည်နယ်မြောက်ပိုင်း နောင်မွန်ဒေသသည် ဆက်သွယ်ရေးခက်ခဲသောနေရာဖြစ်သောကြောင့် စစ်တပ်က ၎င်းတို့ကို ဆန့်ကျင်သူများမရှိအောင် ဖိနှိပ်မှုများပြုလုပ်နေသည်ဟု သိရသည်။
အဆိုပါ လူငယ် ၆ ဦးအပြင် နောက်ထပ် ပြည်သူ ၁၀ ဦးကိုလည်း မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ဘဲနေရန် စောင့်ကြည့်ခံထားရသည်ဟု ဆိုသည်။
ပူတာအိုမြို့ခရိုင်တွင် စစ်တပ်ကဖမ်းဆီးထားသည် လူငယ် ၇ဦးထက်မနည်းရှိနေပြီး ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသောသူများလည်းရှိနေကြောင်း သိရသည်။