သတင်း

CDM မလုပ်သည့် ပညာရေးဝန်ထမ်းများကို ပူတာအိုလူငယ်အဖွဲ့ သတိပေး

ပူတာအိုခရိုင်တွင် CDM မလုပ်ဘဲ စာသင်ကျောင်းရောက်နေသည့် ဆရာ/မများအနေဖြင့် အလုပ်နားပြီး အမြန်ဆုံးထွက်ခွာသွားရန် ပူတာအိုရှိ လူငယ်အဖွဲ့က သတိပေးထားကြောင်း သိရသည်။

‘ပူတာအို မြို့နယ်၊ ခရိုင် ၊ ပညာရေးကျောင်း အသီးသီးမှ ကျောင်းအုပ်များနှင့် ကျောင်းဆရာ၊ ဆရာမ များ အမြန် ဆုံး ကိုယ့်ဒေသ ၊ ကိုယ့်အိမ် ပြန်ပီး အေးဆေး အနားယူ စေလိုပါသည်။ ယခုအခါ ၌ ဆရာ၊ မ တို့၏ ရှေ့ရေးသည် လက်ရှိ စစ်ကောင်စီ  အာမ မခံ ပေးနိုင် သလို ကျနော်တို့ ပူတာအို ရှိ တက်ကြွလူယ်များ မှလည်း အာမခံပေးနိုင်မည် မဟုတ်ပါ။’ ဟု ပူတာအို တက်ကြွလူငယ်လှုပ်ရှားသူများ၏ Putau Youth Power အမည်ရှိ လူမှုကွန်ယက်စာမျက်နှာတွင် မေလ ၂၇ ရက်နေ့က သတိပေးစာ ရေးထားသည်ကို တွေ့ရသည်။

လာမည့် ဇွန်လ ၁ရက်နေ့မှစတင်ပြီး စစ်ကောင်စီက ဖွင့်မည့် စာသင်ကျောင်းများတွင် ပူတာအိုမှ CDM မလုပ်သော ဆရာ/မ ၅၀ရာခိုင်နှုန်းခန့်က လုပ်ငန်းခွင့်သို့ ဝင်ရောက်ရန်ရှိသောကြောင်း ယခုလိုရေးသားဖော်ပြလိုက်ခြင်းဖြစ်သည်ဟု လူငယ်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ပူတာအိုခရိုင်ထဲမှာ အာဏာရှင်ဆန့်ကျင်ကိုတော်လှန်တာ ဘာမှသိပ်မလုပ်ရသေးတော့ CDM မလုပ်တဲ့ဆရာ/မတွေက အေးဆေး လုပ်ငန်းခွင်ထဲဝင်နေကြတယ်လေ။ သူတို့က ဘာကိုမှမကြောက်သလို လုပ်နေကြတာပေါ့။ ဒီဒေသမှာ တာဝန်ကျတဲ့သူတွေက အောက်ပြည်အောက်ရွာက သူတွေဖြစ်တယ်။ PDF ကဘယ်ချိန်စမယ်ဆိုတာကို မသိရဘူး။ တစ်ချို့ပြည်နယ်တွေမှာက စနေကြပြီ။ ဒါကြောင့် ကြိုတင်သတိပေးတဲ့အနေနဲ့ အသိပေးလိုက်တာဖြစ်တယ်”ဟု ပြောဆိုခဲ့သည်။

မေလ ၂၄ ရက်နေ့မှစ၍ ကျောင်းတက်ရန် အမည်စာရင်းများစတင်ကောက်ခံနေပြီး ပူတာအိုမြို့တွင်း အ.ထ.က(၁) နှင့် အ.ထ.က (၅)၊ နောင်မွန်နှင့် ခေါင်လန်ဖူးမြို့ရှိကျောင်းတို့တွင် ကျောင်းတက်ရန် အမည်စာရင်း အများအပြားရှိကြောင်း သိရသည်။

ကျောင်းတက်ရန် အမည်စာရင်း အပ်နှံထားသူများမှာ အကြမ်းဖက်စစ်တပ်နှင့်မဟာမိတ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP နှင့် ဆက်နွယ်သော သား၊ သမီးများသာ အများစုဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။

“ကျောင်းလာအပ်တဲ့ သူတွေက ရှိပါတယ်။ ဒါပေမယ့် ပထမရက်နေ့ လောက်တော့ မများတော့ဘူး။ ဆယ်ဂဏန်းတော့ရှိ မယ်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပူတာအိုမြို့ အထက်တန်း ကျောင်းအပ်နှံရာတွင် မေလ ၂၄ ပထမရက်နေ့အဖြစ် ကျောင်းသား ၃၀၀ ဝန်းကျင်ခန့်ရှိခဲ့သလို မေလ ၂၇ရက်နေ့ထိ လာရောက်အပ်နှံသူအများအပြားရှိသေးကြောင်း သိရသည်။

Show More

Related Articles

Back to top button