စစ်ပြေးဒုက္ခသည်များလူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ပြည်သူ့စစ်တာဝန်ထမ်းဆောင်ရန် စစ်ရှောင်စခန်းအထိ စာရင်းကောက်နေဟုဆို

ချီဖွေမြို့ နယ်တွင် ပြည်သူ့စစ်တာဝန်ထမ်းဆောင်ရန်အတွက် စစ်ရှောင်စခန်းရှိ ပြည်သူများ၏ အိမ်ထောင်စုစာရင်းကောက်ခံမှုများ ရှိနေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။

“မနေ့ကစပြီးတော့ စစ်ရှောင်စခန်းတိုင်းမှာ တစ်အိမ်တစ်ယောက်ပြည်သူ့စစ်လုပ်ရမယ် အထက်အမိန့်ဆိုပြီး စာရင်းလိုက်ကောက်တယ်။ နာမည်စာရင်းနဲ့အတိအကျ လိုက်ကောက်တာဆိုတော့ ကျနော်တို့မှာ မလုပ်ချင်လည်း လုပ်ရတော့မယ့်သဘောမှာရှိနေတယ်။ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး။” ဟု ချီဖွေ စစ်ရှောင်ပြည်သူတစ်ဦး က ပြောသည်။

လက်ရှိချီဖွေမြို့တွင် စစ်ရှောင်စခန်း ၂ ခုရှိကာ ကျေးရွာပေါင်း ၁၀ ရွာကျော်မှ စစ်ရှောင်များ လာရောက်မှီခိုနေကြခြင်း ဖြစ်သည်။

စစ်ဘေးရှောင်ဘဝနဲ့နေသည်မှာ ဆယ်စုနှစ်တစ်စုရှိလာပြီး အချို့ကျေးရွာများသည် နေရပ်ပြန်ရန်စီစဉ်နေကြပြီဖြစ်သည်။

ယခင်က နေရပ်ပြန်မည့်သူများသာ ပြည်သူ့စစ်လုပ်ရမည်ဟု သတင်းထွက်သော်လည်း မေလ ၂၆ ရက်နေ့တွင် ပြည်သူ့စစ်အဖွဲ့က ချီဖွေစစ်ရှောင်စခန်းတစ်ခုထဲသို့ လာရောက်ကာ အိမ်ထောင်စုစားရင်း မိတ္တူကူးယူမှုများ ရှိခဲ့ကြောင်း စစ်ရှောင်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“အစတော့ နေရပ်ပြန်တဲ့သူတွေ ပြည်သူ့စစ်လုပ်ရမယ်ဆိုပြီး ပြောသံကြားတယ်။ ခုတော့ မပြန်လည်းပြန်လည်း အားလုံး တစ်အိမ်တစ်ယောက်ကို လုပ်ရမယ်ပြောတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းပြည်သူ့စစ်အဖွဲ့သည် အာဏာသိမ်းစစ်အုပ်စု၏ သစ္စာခံအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်း ချီဖွေမြို့၊ မျောမောပါဘက်တွင်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူငယ် ၃ဦးကို ဖမ်းဆီးခဲ့သည်။

ဦးဇခုံတိန့်ယိန်းဦးဆောင်သော ပြည်သူ့စစ်အဖွဲ့သည် ကန်ပိုင်တီ၊ ချီဖွေ၊ ပန်ဝါ ဒေသများတွင် တည်ရှိသည်။ ယခင်က ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) အဖြစ်တည်ရှိခဲ့သောအဆိုပါအဖွဲ့သည် ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်သူ့စစ်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။

လက်ရှိ ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တည် ဒေသများတွင် နယ်ခြားစောင့်နှင့် ပြည်သူ့စစ်များသည် စစ်အာဏာရှင်ဆန့်ကျင်သူများကို ပြန်လည်ဖိနှိပ်နေသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် အဆိုပါဒေသများတွင် နေထိုင်သည့် စစ်ဘေးရှောင်များ၊ ပြည်သူများအနေဖြင့် ပြည်သူ့စစ်ထမ်းဆောင်ရမည့်တာဝန်ကို ငြင်းဆန်ရန် အလွန်ခက်ခဲကြောင်း ဒေသခံများက ပြောသည်။

Show More

Related Articles

Back to top button