သတင်းအမြင်

စစ်ရေးရှောင်ရှားပြီး အဖြေရှာမည့် KIO ၏ ထုတ်ပြန်ချက်အပေါ် လူထု၏ အမြင်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဩဂုတ် ၂၄ ရက်နေ့ ထုတ်ပြန်ချက်တွင် စစ်ရေးကိုရှောင်ရှားပြီး အခြားနည်းလမ်းဖြင့် အဖြေရှာရန် လိုလားကြောင်း ဖော်ပြခဲ့သည်။

ထိုသို့ KIO ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ကချင်လူထု၏ ထင်မြင်ချက်အချို့ကို ဖော်ပြလိုက်ပါသည်။

လူငယ်ခေါင်းဆောင်အမျိုးသမီးတစ်ဦး

ပြည်သူလူထုတွေ ဆင်းရဲဒုက္ခရောက်တာက အခုမှ မဟုတ်ဘူး နှစ်ပေါင်း ၆၀ ကျော် စီးပွားရေး၊ စစ်ရေး၊ ကျန်းမာရေးကဏ္ဍမှာ ဒုက္ခခံစားခဲ့ရပြီ။ စစ်တပ်ကို အမြစ်ဖျက်ဖို့ဆို လက်နက်ကိုင် တိုက်ခိုက်မှပဲ ဖြစ်နိုင်မယ်လို့ လူငယ်တွေက ယုံကြည်ထားတဲ့အတွက် တွေ့ဆုံဆွေးနွေးရေးကို ဘယ်တော့မှ အယုံအကြည်မရှိဘူး။

အခုဖြစ်နေတဲ့ ဒုက္ခဆင်းရဲ အားလုံးက စစ်တပ်ကြောင့်သာဖြစ်တယ်။ ၂၀၁၁ ကနေ စတင်လာတဲ့ အကျိုးမဖြစ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက အားလုံးအသိဖြစ်ပါတယ်။

ဇိုင်းရှဒန်

ကချင်လူငယ်တစ်ဦး

ထုတ်ပြန်ချက်ကို အရမ်းနားလည်ဖို့ ခက်တယ်လို့တော့ မထင်မိဘူး။ အချက် ၃-၄ မှာ ဖတ်လိုက်တဲ့အခါ ဒီနေ့ ကျနော်တို့ တိုက်ခိုက်နေတာက မတရားတဲ့ စစ်တပ်ဖြစ်တယ်။ စာထဲမှာပါတဲ့ စစ်ပွဲကို တတ်နိုင်သမျှ ရှောင်ရှားမယ်ဆိုတဲ့ စကားလုံးဟာ အခုချိန် စစ်တပ်က KIO နယ်မြေကို ထိုးစစ်ဆင်နေတဲ့အချိန် စစ်ပွဲကို ဘယ်လိုမှ ရှောင်ရှားလို့မရတဲ့အတွက် တိုက်ပွဲ ဆက်ဖြစ်လာမှာပဲ။ ပြီးရင် တရုတ်ရဲ့ ဖိအားလည်း နည်းနည်းရှိမယ်လို့ မြင်မိပါတယ်။

ဦးခွန်ဆမ်

မြစ်ကြီးနားအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ

လက်ရှိအခြေအနေမှာ NCA ထိုးထားတဲ့ EAOs ၁၀ ဖွဲ့ရဲ့ စစ်ကောင်စီနဲ့  ပတ်သက်ပြီး မူဝါဒက မရှင်းမလင်း၊ ဆက်ဆံရေးကလည်း ဆက်ရှိနေသလိုဖြစ်နေပြီး အခြား AA ကဲ့သို့ EAOs တွေလဲ ceasefire တွေယူထားတဲ့အချိန် KIO/ KIA က NUG နဲ့ PDF တွေကို ထောက်ခံ ပူးပေါင်းသက်သက် မကဘဲ အကူအညီတွေ ပေးနေတဲ့အချိန်မှာ KIO ထိန်းချုပ်ဒေသတွေမှာဘဲ တနိုင်ငံလုံးက စစ်ကောင်စီ အင်အားတွေ စုပုံလာမှာ စိုးရိမ်ပုံရတယ်။

ဒါကြောင့် နည်းဗျုဟာတစ်ခုအနေနဲ့ ၂၀၁၁-၂၀၂၀ တုန်းက ဆုံးရှုံးခဲ့တဲ့နယ်မြေတွေ ပြန်ရဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲ တွေဖြစ်လာရင် အသာစီးရဖို့ တိုက်ပွဲတွေက ဆက်လက်ဆင်နွဲ့နေမှာ ဖြစ်ပေမယ့် စစ်ကောင်စီဘက်ကိုလည်း ကချင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာရမယ်ဆိုရင် စစ်ရေးနည်းနဲ့မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ချင်ပါတယ်ဆိုတဲ့ သဘောထားကို ပြချင်တဲ့ သဘောလို့မြင်ပါတယ်။

Show More

Related Articles

Back to top button