သတင်း

ပူတာအိုမြောက်ဘက်ကျေးရွာချင်းဆက် တံတားများကို ဒေသခံများ ကိုယ်ထူကိုယ်ထ ပြုလုပ်

ပူတာအိုမြို့ မြောက်ဘက် အထက်ရှန်ဂေါင်ကျေးရွာ၏ အထက်ဘက်ရှိ ကျေးရွာများကို ချိတ်ဆက်ထားသည့် အသက်မွေးဝမ်းကြောင်းအတွက် အရေးပါသော ချောင်းတံတားများ ပျက်စီးနေမှုကို ဒေသခံများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည် ပြုပြင်နေရကြောင်း သိရသည်။

ဩဂုတ်လ လဆန်းပိုင်းမှစတင်ပြီး ပူတာအိုမြို့နှင့် ၁၀ မိုင်ခန့်ဝေးလံသော အထက်ရှန်ဂေါင် ကျေးရွာ၏ အထက်ဘက် ကျေးရွာများတွင် ပျက်စီးနေသော တံတား ၄ ခုခန့်ကို ဆောက်လုပ်ပြီးစီးဖြစ်ဟု အဆိုပါလုပ်ငန်းကို ဦးစီးလုပ်ဆောင်နေသူတစ်ဦးက KNG ကို ပြောသည်။

“အခုတံတားဆောက်နေတဲ့ နေရာတွေဟာ ကျနော်တို့ ဒေသခံပြည်သူတွေအတွက် အလွန်ရေးပါတဲ့ နေရာတွေဖြစ်တယ်။ ကျနော်တို့ဘက်မှာက ကားလမ်းလည်း မရှိဘူး။ ဆိုင်ကယ်တွေနဲ့ဘဲ သွားလို့ရသေးတယ်။ ပူတာအိုဘက်ကနေ ဆိုင်ကယ်နဲ့ လက်လှမ်းမှီသလောက် စားသောက်ကုန်တွေ သယ်ယူရတယ်ဖြစ်တယ်။ ဒီတစ်လမ်းထဲကိုဘဲ အသုံးပြုတဲ့ လမ်းဘဲဖြစ်တယ်။ လမ်းတစ်လျှောက်မှာ တံတား အသေးတွေအများကြီးရှိတယ်။ ဒီတံတားတွေမရှိရင် စားဝတ်နေရေးအတွက် ဘာတစ်ခုမှ လုပ်လို့မရပါဘူး။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့ ပြုလုပ်နေရတာဖြစ်တယ်” ဟု ပြောဆိုသည်။

တံတာများတည်ဆောက်နေသည့်နေရာမှာ အထက်ရှန်ဂေါင်အပါအဝင် ဇီယာဒမ်း၊ ဝါဆန်ဒမ်း၊ လုံနဒမ်း၊ အဝပ်ဒမ်းနှင့် ခါးလန် အပြင် စုစုပေါင်း ကျေးရွာ ၁၇ ခန့် ပါဝင်သည်ဟု သိရသည်။

တံတား စုစုပေါင်း ၁၀ ခုခန့် ဆောက်လုပ်ရန် ခန့်မှန်ထားသော်လည်း လက်ရှိတွင် ၄ ခုသာ ဆောက်လုပ်ပြီးစီး ထားကြောင်း သိရသည်။ အဆိုပါ ပြီးစီးသော တံတားများမှာ ထန်ဆာပ်၊ လုံဘူဝမ်၊ လုံဘာဝမ်နှင့် ရှိန်ဘဲန်ထီ စသော တံတား ၄ခုဆောက်လုပ်ပြီးစီးထားကြောင်း သိရသည်။ နောက်ထပ်ကျန်ရှိသည့် တံတား များကိုလည်း ဆက်လက်ဆောက်လုပ်နေဆဲဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပူတာအိုဒေသခံအများစုမှာ စားဝတ်နေရေးအတွက် တောခိုကြသည့်အတွက် ယခင်ကထက် ယခုနောက်ပိုင်း လမ်းတံတားများကို ပိုမို အသုံးပြုလာရကြောင်း ပူတာအိုဒေသခံတစ်ဦးက ယခုလို ပြောဆိုခဲ့သည်။

“အခုဆိုရင် ဒေသက ပြည်သူတွေက တောတောင်နေရာတွင်မှာ အရင်ကထက် တောတွင်းထွက် ပစ္စည်းရှာထွက်တာပိုများပြီ။ နိုင်ငံရေးကမကောင်းတော့ တခြားမြို့နယ်ဘက်ကို အလုပ်ထွက်မလုပ်ကြတော့ဘူး။ ရေခဲတောင်ဘက်ကို သဘာဝ တောထွက်ပစ္စည်း ရှာထွက်ကြတာများလာတယ်။” ဟု ပြောဆိုသည်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးသည့်ဖြစ်စဉ်အပါအဝင် ဒေသတွင်း ကိုဗစ်ရောဂါ ကူးစက်ပျံနှံ့မှု ထပ်မံဖြစ်ပေါ်လာသည့်အတွက် ပူတာအိုဒေသခံများအနေဖြင့် အပြင်ထွက်အလုပ်လုပ်သူများ နည်းပါးလာပြီး သဘာဝကို အမှီအခိုပြုသည့် လုပ်ငန်းများ ပိုမို လုပ်ဆောင်လာကြကြောင်း သိရသည်။

Show More

Related Articles

Back to top button