သတင်း

ရှင်ဗွေယန်တွင် ကျွဲ များ အမြုပ်ထွက်ကာ နေ့စဉ် သေဆုံးနေ

တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ် (ခွဲ) တခက်ကျေးရွာတွင် ကျွဲ များ အမြုပ်ထွက်ကာ နေ့စဉ်ပုံမှန် သေဆုံးနေကြောင်း သိရသည်။

ဩဂုတ်လ ၂၅ရက် ဗုဒ္ဓဟူးနေ့မှစပြီး အကြာင်းအရင်းသေချာမသိရဘဲ ကျွဲများ စတင်သေဆုံးနေပြီး ၆ရက်အတွင်း နွား ၈ ကောင် သေဆုံးသွားပြီဟု တခက်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“အခုဆို တစ်ပတ်တောင်မပြည့်သေးဘူး ၈ ကောင်ရှိသွားပြီ။ ပထမဆုံးသေတဲ့ ကျွဲ ပိုင်ရှင်က သူများတစ်ခုခုလုပ်လို့ သေသွားတယ် လို့ဘဲထင်နေတာပေါ့။ အခုက ရောဂါတစ်ခုလိုဖြစ်နေပြီပေါ့။ တစ်ခြားရပ်ကွက်က ကျွဲတွေလည်း အဲ့လိုပြန်သေလာတယ်။ ဘာရောဂါမှန်းလည်းမသိဘူး။ အဲ့ကြောင့် ကျေရွာပြည်သူတွေက စိုးရိမ်နေကြပြီ” ဟု ပြောဆိုသည်။

တခက်ကျေးရွာသည် ကျွဲ တိရစ္ဆာများကို အမှီအခိုပြုကာ လုပ်ကိုင်စားသောက်နေသော ဒေသခံတစ်ခုဖြစ်သည့်အတွက် အကြောင်းမဲ့ သေဆုံးနေသည့်အပေါ် စိတ်မကောင်းကြောင်းသူက ဆက်ဆိုသည်။

အဆိုပါသေဆုံးမှုမှာ ကပ်ရောဂါတစ်ခုဖြစ်နိုင်ပြီး ကျွဲ၏ လျှာပေါ်တွင်အနာဖြစ်ကာ အမြှုပ်ထွက်ပြီး သေဆုံးသည့် ပုံစံမြင်တွေ့ရကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

ပြီးခဲ့သော အပတ် ဗုဒ္ဓဟူးနေ့တွင် တစ်ကောင်၊ သောကြာနေ့ ၂ ကောင်၊ စနေနေ့ ၃ ကောင်နှင့် တနင်္ဂနွေနေ့ ၂ ကောင် ဆက်တိုက် ၈ ကောင်အထိ သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကျေးရွာပြည်သူများအနေနှင့် ကျွဲ များ မည်သည့်ရောဂါဖြင့် သေဆုံးသည်ကို လာရောက် စစ်ဆေးဖို့ရန်အတွက် ရှင်ဗွေယန်အုပ်ချုပ်ရေးမှူး အဖွဲ့ထံသို့ အကူညီတောင်းခံထားသော်လည်း လက်ရှိအချိန်အထိ အကြောင်းပြန်ခြင်း မရှိသေးကြောင်း သိရသည်။

Show More

Related Articles

Back to top button